Tuesday, May 1, 2012

ရေတွင်းတစ်တွင်း တူးဖော်ခြင်း


နေလင်းအောင်
သင်ဟာ အောင်မြင်တဲ့လူတစ်ယောက် ဖြစ်လိုလျှင် နေရာတစ်နေရာတည်းကိုသာ ဇောက်ချလုပ်ကိုင်ပါ။ ပတ်ဝန်းကျင်ကလူတွေရဲ့ စကားတွေနားယောင်ရင်း ဟိုနေရာလုပ်ကောင်းနိုး၊ ဒီနေရာလုပ်ကောင်းနိုးနဲ့ ဇဝေဇဝါ မဖြစ်ပါစေနဲ့။
             လယ်သမားတစ်ဦးဟာ သူရဲ့လယ်ကွင်းကို ရေပေးနိုင်ဖို့အတွက် ရေတွင်းတစ်တွင်း တူးချင်ခဲ့ပါတယ်။ ရေတွင်းတူးကျွမ်းကျင်တဲ့ ပညာရှင်တွေ အကြံပေးတဲ့နေရာကို ပထမဆုံး တူးဖော်ကြည့်လိုက်တယ်။ ရေမရှိတာတွေ့တော့ ပညာရှင်တွေကို မုန်းတီးစိတ်ဝင်လာခဲ့တယ်။ အဲဒီအချိန်မှာ သူဟာ ဆယ့်ငါးပေခန့်မျှသာ တူးရသေးတာပါ။
            လူတစ်ယောက်ရောက်လာပြီး အဲဒီနေရာမှာ ရေတွင်းတူးနေတဲ့ သူ့ကိုတွေ့တော့ လှောင်ရယ်လိုက်ပါတယ်။ ပြီးတော့ အခြားတစ်နေရာမှာတူးဖော်ဖို့ ညွှန်ပြပြန်တယ်။ လယ်သမားက ထိုသူညွှန်ပြရာနေရာမှာ ပေနှစ်ဆယ်ခန့် တူးဖော်ပြန်တယ်။ ပို၍ မောပန်းရုံမှတစ်ပါး ရေရဲ့အရိပ်အယောင်ကို စိုးစိမျှပင်မတွေ့ရ။ နောက်ဆုံးမှာတော့ သူဟာ အိမ်နီးချင်း အဘိုးအိုတစ်ဦး အကြံပြုတဲ့နေရာကို တူးဖော်ကြည့်ပြန်တယ်။
            အဲဒီနေရာကိုလည်း စွန့်လွှတ်ပြီး ဆက်လက်မတူးဖော်တော့ဖို့ သူ ဆုံးဖြတ်လိုက်တယ်။ ဒီအချိန်မှာ သူ့ဇနီးရောက်လာပြီး ပြောဆိုပါတော့တယ်။
           " ရှင့်မှာ ဦးနှောက်မရှိဘူးလား။ ရေတွင်းတစ်တွင်းတူးဖို့ ဟိုနေရာတူးလိုက်၊ ဒီနေရာတူးလိုက်လုပ်တာ တွေ့ဖူးလို့လား။ တစ်နေရာတည်းကိုသာ ဇောက်ချပြီး ပိုပြီးနက်အောင်သာ တူးလိုက်စမ်းပါရှင်"
             ထိုနေ့က ဆက်လက်မတူးဖော်တော့ဘဲ အနားယူလိုက်တယ်။ နောက်တစ်နေ့နံနက်မှာ လယ်သမားက တစ်နေရာတည်းကိုပဲ ဇောက်ချတူးလိုက်တော့ ရေအမြောက်အများ တွေ့ရပါတော့တယ်။
စဉ်းစားဆင်ခြင်စရာ
            ကျွန်တော်တို့ဟာ အလုပ်တစ်ခုလုပ်ရာမှာ ပတ်ဝန်းကျင်ကလူတွေရဲ့ အကြံဥာဏ်များကိုရယူပြီး စမ်းတဝါးဝါး ဖြစ်နေတတ်ကြပါတယ်။ ဒီပုံပြင်ထဲမှာဆိုရင် လယ်သမားဟာ ရေတွင်းတစ်တွင်းတူးဖော်ဖို့ နေရာပေါင်းစုံတူးရင်းနဲ့ အချိန်ကုန်၊ လူပင်ပန်းခဲ့ရတယ်။ အလုပ်တစ်ခုလုပ်ဖို့ ဇဝေဇဝါ ဖြစ်နေတဲ့အခါတိုင်း ဒီပုံပြင်လေးကို သတိရစေချင်ပါတယ်။
နေလင်းအောင် ဘာသာပြန်ဆိုသည်။
Ref; Digging a well by Unknown
nla2012.blogspot.com



1 comment:

manaing said...

ကျေးဇူးပါကောင်းပါတယ်..

ပြောချင်ရာများ ပြောခဲ့ဖို့...