Tuesday, May 1, 2012

တွေးတော ဆင်ခြင်စရာ ဘဝသင်ခန်းစာများ

နေလင်းအောင်

သင်ခန်းစာ (၁)

ဂျူနီယာ မန်နေဂျာ၊ စီနီယာ မန်နေဂျာနှင့် သူဌေးတို့သုံးဦးသည် အစည်းအဝေးတစ်ခုသို့သွားနေကြသည်။ပန်းခြံတစ်ခုကို ဖြတ်သန်းစဉ် အံ့ဖွယ်အာနိသင်များရှိသော မီးအိမ်တစ်လုံးကို တွေ့ရသည်။ မီးအိမ်ကို ပွတ်သပ်လိုက်သောအခါတွင် မီးအိမ်စောင့်နတ်ပေါ်လာသည်။

"ပုံမှန်အတိုင်းဆိုရင် လူတစ်ယောက်ကို ဆန္ဒသုံးမျိုးခွင့်ပြုတယ်။ ဒါပေမဲ့ ခင်ဗျားတို့က သုံးယောက်ဖြစ်နေတဲ့အတွက် တစ်ယောက်ကို ဆန္ဒတစ်ခုစီ ခွင့်ပြုမယ်" ဟု မီးအိမ်စောင့်နတ်က ပြောသည်။ စိတ်အားထက်သန်နေသော စီနီယာ မန်နေဂျာက ပထမဆုံး ဆန္ဒပြုပါသည်။

" ဘရာမက်ကျွန်းဒေသကို အလွန်လျင်မြန်တဲ့ လှေတစ်စင်းနဲ့သွားပြီး မပူမပင် နေချင်ပါတယ်"

"ရစေ" ဟု မီးအိမ်စောင့်နတ်က ပြောလိုက်သောအခါ သူအလိုရှိသည့် အရာများ ရောက်ရှိလာပါသည်။

ထို့နောက် ဂျူနီယာ မန်နေဂျာက အော်ပြောပြန်သည်။

"ဖလော်ရီဒါဒေသမှာ လှပတဲ့ အမျိုးသမီးတွေနဲ့ အစာကောင်းတွေစားပြီး ကော့တေးအရက် အများကြီးသောက်ချင်ပါတယ်"

"ရစေ" ဟု မီးအိမ်စောင့်နတ်က ပြောလိုက်သောအခါ သူအလိုရှိသည့် အရာများ ရောက်ရှိလာပါသည်။

သူဌေးဖြစ်သူကတော့ တည်ငြိမ်စွာဖြင့် ပြောလာပါသည်။

"ဒီ အရူးနှစ်ယောက်ကို နေ့လည်စာစားပြီး (၁၂) နာရီ ၊ (၃၅) မိနစ်မှာ ရုံခန်းကို ပြန်ရောက်စေချင်ပါတယ်"

တွေးတောဆင်ခြင်စရာ ဘဝသင်ခန်းစာ

သူဌေးဖြစ်သူကိုပဲ အရင်ဆုံး စကားပြောခွင့် ပေးပါ။

 

သင်ခန်းစာ (၂)

အုပ်ချုပ်သူ ဒါရိုက်တာတစ်ယောက်သည် စက္ကူဖြတ်စက်ရှေ့တွင် စာရွက်တစ်ရွက်ကိုင်ရင်း အမူဆောင် အရာရှိငယ်တစ်ဦးအား ပြောလိုက်သည်။

"ဒီသက်သေခံစာရွက်က အလွန်အရေးကြီးတယ် ။ အတွင်းရေးမှုးက ဒါကို ဖြတ်ပေးဖို့ မေ့ကျန်နေခဲ့တယ်။ ခင်ဗျား ဖြတ်ပေးနိုင်မလား"

"ဖြတ်ပေးပါမယ်" ဟု အမှုဆောင် အရာရှိက ပြောသည်။ ထို့နောက် စာရွက်ကိုထည့်ရင်း စတင်ခလုတ်ကို နှိပ်လိုက်သည်။ စက္ကူဖြတ်စက်ထဲ စာရွက်ပျောက်ကွယ်သွားသောအခါ ဒါရိုက်တာက ပြောလာပါသည်။

"ကျွန်တော် ခင်ဗျားဆီကနေ အတုခိုးလုပ်ဆောင်ဖို့ လိုပါသေးတယ်"

တွေးတောဆင်ခြင်စရာ ဘဝသင်ခန်းစာ

သင်၏ သူဌေးကို  အကုန်သိတယ်လို့ ဘယ်တော့မှ မယူဆလိုက်ပါနှင့်။

 

သင်ခန်းစာ (၃)

အမေရိကန်လူမျိုးတစ်ယောက်နှင့် ဂျပန်လူမျိုးတစ်ယောက်တို့သည် လော့အိန်ဂျလိမြို့သို့သွားရာ လေယာဉ်ပေါ်တွင် တွေ့ဆုံမိကြသည်။ အမေရိကန်က ဂျပန်လူမျိုးဘက်လှည့်ကာ "ခင်ဗျားက ဘယ်လိုအီး(ese) အမျိုးအစားလဲ" ဟု မေးမြန်းပါသည်။ ဂျပန်လူမျိုးက စိတ်ရှုပ်သွားပြီးနောက် "ခွင့်လွှတ်ပါဗျာ။ ခင်ဗျားပြောတာ ကျုပ်နားမလည်ဘူး" ဟု ပြန်ပြောပါသည်။"ခင်ဗျားက ဘယ်လိုအီး(ese) အမျိုးအစားလဲလို့ မေးနေတာလေ" ဟု အမေရိကန်က ထပ်မံပြောဆိုပါသည်။သို့တိုင် ဂျပန်လူမျိုးမှာ မေးခွန်းနှင့် ပတ်သက်၍ နားလည်သဘောပေါက်ခြင်း မရှိသေးပေ။ အမေရိကန်က ဒေါသထွက်လာပြီးနောက် အော်ပြောပြန်သည်။ "ခင်ဗျားက ဘယ်လိုအီး(ese) အမျိုးအစားလဲဗျ။ ချိုင်းနီးလား(chinese-တရုတ်လူမျိုး)၊ ဂျပန်နီးလား (japanese- ဂျပန်လူမျိုး)၊ ဗီယက်နမ်မီးလား(vietnamese- ဗီယက်နမ်လူမျိုး)"ထို့အခါမှသာ ဂျပန်လူမျိုးက "ကျုပ်က ဂျပန်နီးပါ" ဟု ပြောပြသည်။                                                   အနည်းငယ်အကြာတွင် ဂျပန်လူမျိုးက အမေရိကန်ဘက်လှည့်ကာ "ခင်ဗျားကရော  ဘယ်လို ကီး(key) အမျိုးအစားလဲ" ဟု မေးပြန်သည်။ အမေရိကန်လည်း စိတ်အနှောင့်အယှက်ဖြစ်ကာ " ကျုပ်ကို ဘယ်လို ကီး(kee) အမျိုးအစားလဲလို့ မေးတာလား" ဟု အော်ပြောပါသည်။ ထိုအခါ ဂျပန်လူမျိုးက "ခင်ဗျားက ယန်းကီးလား(Yankee-အမေရိကန်မြောက်ပိုင်းပြည်နယ်နေထိုင်သူ) ၊ ဒွန်ကီးလား (donkee-မြည်း)၊ မန်းကီးလား( monkee -မျောက်)" ဟု ပြောလိုက်ပါသည်။

တွေးတောဆင်ခြင်စရာ ဘဝသင်ခန်းစာ

မည်သူ့ကို မှ စိတ်အနှောင့်အယှက်ဖြစ်အောင် အလုပ်ပါနှင့်။

 

သင်ခန်းစာ (၄)

တစ်ခါက ရုရှား၊ ဂျာမန်၊ အမေရိကန်နှင့် ပြင်သစ်လူမျိုးတို့ပါသော လူလေးဦးသည် မှော်အစွမ်းရှိ ဝိညာဉ်ပါရှိသည့် ပုလင်းတစ်လုံးကို တွေ့မိကြသည်။ ပုလင်းကို ပွတ်သပ်လိုက်သောအခါ ဝိညာဉ်ထွက်ပေါ်လာသည်။ သူမအား ပုလင်းထဲမှ လွတ်မြောက်အောင် ကူညီပေးသည့်အတွက် ဝိညာဉ်ဖြစ်သူက "ရှင်တို့လေးယောက်နောက်မှာ ရေကန်လေးခုရှိတယ်။ တစ်ယောက်ကို ဆန္ဒတစ်ခုစီ ခွင့်ပြုပါမယ်။ ရှင်တို့ ရေကန်ဆီပြေးပြီး ခုန်လိုက်တဲ့အခါ ရေကန်ထဲက ရေတွေကို ရှင်တို့ဖြစ်စေချင်တာ အော်ပြောလိုက်ပါ။ အဲဒီအခါမှာ ရှင်တို့ရဲ့ဆန္ဒအတိုင်းဖြစ်လာပါလိမ့်မယ်" ဟုပြောသည်။

 ပြင်သစ်လူမျိုးက ပထမဆုံး ဆန္ဒပြုသည်။ သူသည် ရေကန်ဆီပြေးခုန်ကာ "ဝိုင်"ဟု အော်ပြောလိုက်သည်။ ချက်ချင်းပင် ရေကန်ထဲရှိရေမှာ ဝိုင်အဖြစ်ပြောင်းလဲသွားသည်။ ပြင်သစ်လူမျိုးမှာ ရေကန်ထဲ ပျော်ရွှင်စွာကူးခပ်ရင်း ဝိုင်ကို သောက်နေခဲ့သည်။

ထို့နောက်ရုရှားလူမျိုး အလှည့်ရောက်လာပြီး အလားတူပြုလုပ်ကာ "ဗိုကာ"ဟု အော်ပြောလိုက်သည်။ ချက်ချင်းပင် သူလည်း ဗိုကာကန်ထဲ ရောက်ရှိသွားသည်။

ထို့နောက် ဂျာမန်လူမျိုးက ပြေးခုန်ကာ "ဘီယာ"ဟု အော်ပြောလိုက်သည်။ သူလည်း ဘီယာကန်ကြီးထဲမှာ ကျေနပ်ပျော်ရွှင်နေခဲ့သည်။

 နောက်ဆုံးတွင် အမေရိကန်လူမျိုး အလှည့်ရောက်လာသည်။ သူသည် ရေကန်ဆီ ပြေးသောအခါ ငှက်ပျောခွင်တစ်ခုကို ရုတ်တရက် တက်နင်းမိလိုက်သည်။ ရေကန်ဆီခြေချော်ကျရင်း အမှတ်တမဲ့ဖြင့် အော်ပြောလိုက်မိသည်။

"ချီးပဲ"

တွေးတောဆင်ခြင်စရာ ဘဝသင်ခန်းစာ

တစ်စုံတစ်ခုမပြောမှီ နှစ်ကြိမ်စဉ်းစားပါ။ အကြောင်းကတော့ အမျှော်လင့်သော ဖြစ်ရပ်များ တစ်ခါတစ်ရံ ဖြစ်ပေါ်လာတတ်တဲ့ အတွက်ကြောင့်ပါ။

 

သင်ခန်းစာ (၅)

မည်သူသည် အရေးအပါဆုံးဖြစ်ကြောင်း ဆုံးဖြတ်ရန် ခန္ဒာကိုယ် အစိတ်အပိုင်းများသည် အစီးအဝေးပြုလုပ်ကာ အလှည့်ကျ ပြောဆိုကြသည်။

ဦးနှောက်။       ။ ခန္ဒာကိုယ်ရဲ့ တာဝန်ဝတ္တရားအားလုံးကို ညွှန်ကြားအုပ်ချုပ်ပေးတဲ့အတွက် ငါသာ အရေးအပါဆုံးဖြစ်သင့်တယ်။

သွေး။            ။ ဦးနှောက်အတွက် အောက်ဆီဂျင်ကို လှည်ပတ်ပေးတဲ့အတွက် ငါသာ အရေးအပါဆုံးဖြစ်သင့်တယ်။

အစာအိမ်။       ။ ဦးနှောက်ဆီကို အစားအစာ ပို့ဆောင်ပေးတဲ့အတွက် ငါသာ အရေးအပါဆုံးဖြစ်သင့်တယ်။

ခြေထောက်။     ။ ဦးနှောက်သွားချင်တဲ့နေရာကို ပို့ဆောင်ပေးတဲ့အတွက် ငါသာ အရေးးအပါဆုံးဖြစ်သင့်တယ်။

မျက်လုံး။         ။ ဦးနှောက်ဦးဆောင်မှုနဲ့ သွားနေတဲ့နေရာတွေကို မြင်နိုင်ခွင့်ပေးတဲ့အတွက် ငါသာ အရေးအပါဆုံးဖြစ်သင့်တယ်။

စအို။             ။မင်းတို့ရဲ့ အညစ်အကြေးတွေကို စွန့်ပစ်ပေးတဲ့အတွက် ငါသာ အရေးအပါဆုံးဖြစ်သင့်တယ်။

ထိုစကားကို ကြားသောအခါ အခြားအင်္ဂါ အစိတ်အပိုင်းအားလုံးက အလွန်ကျယ်လောင်စွာ အော်ရယ်လိုက်ကြသည့်အတွက် စအိုမှာ အလွန်စိတ်ဆိုးသွားခဲ့သည်။ စအိုသည် သူ၏အရေးပါမှုကို သက်သေပြရန် ခြောက်ရက်အကြာ တင်းကြပ်စွာ ပိတ်ထားလိုက်သည်။ မည့်သည့် အညစ်အကြေးကိုမှ စွန့်ပစ်မပေးရန် သံဓိဋ္ဌာန်ချထားလိုက်သည်။

ပထမရက်။      ။ ဦးနှောက်သည် ခေါင်းကိုက်ဝေဒနာ ခံစားရကာ စိတ်သက်သာရာရစေဖို့ အော်မြည်လေတော့သည်။

ဒုတိယရက်။     ။အစာအိမ်သည် တောင့်တင်းလာပြီးနောက် ပြင်းထန်စွာ နာကျင်လာသည်။

တတိယရက်။    ။ခြေထောက်တွေလည်း ကြွက်တက်ကာ မတည်မငြိမ်ဖြစ်လာသည်။

စတုတ္ထရက်။     ။မျက်လုံးများမှာ မျက်ရည်တွေတွေစီးကျကာ အမြင်အာရုံ ဝေဝါးလာသည်။

ပဉ္စမရက်။        ။သွေးသည် အဆိပ်အတောက်ဖြစ်ကာ ခန္ဓာကိုယ်ကို ဒုက္ခပေးတော့သည်။

ဆဌမရက်။      ။အခြားအင်္ဂါ အစိတ်အပိုင်းများက စအိုသာ အရေးအပါဆုံးဖြစ်ကြောင်း သဘောတူလိုက်ကြသည်။

 

တွေးတောဆင်ခြင်စရာ ဘဝသင်ခန်းစာ

အရေးအပါဘူးလို့ ထင်ထားတဲ့အရာတွေဟာ တစ်ခါတစ်ရံမှာ အရေးအပါဆုံး ဖြစ်နေတတ်ပါတယ်။

နေလင်းအောင် ဘာသာပြန်ဆိုသည်။

nla2012.blogspot.com

Ref:A Cup of Tips to Start Up the Day

Author:Unknown

Labels: ဘာသာပြန်ရသ



No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...