Tuesday, May 1, 2012

ဘဝဟူသည်...


 


 

နေလင်းအောင် ဘာသာပြန်ဆိုသည်။

မက္ကဆီကိုနိုင်ငံရှိ ကျေးရွာဇနပုဒ်တစ်ခုတွင် လှေတစ်စင်း ဆိုက်ကပ်ထားပါတယ်။ အမေရိကန်လူမျိုး ခရီးသည်တစ်ဦးက မက္ကဆီကိုလူမျိုး တံငါးသည်တစ်ဦးရဲ့ ငါးဖမ်းယူမှုကို ချီးကျူးပြောကြားပြီးနောက် ဒါတွေဖမ်းယူဖို့ အချိန်ဘယ်လောက် ကြာသလဲဆိုတာ စုံစမ်းမေးမြန်းတယ်။

"သိပ်တော့ မကြာပါဘူး"လို့ မက္ကဆီကို လူမျိုးကဖြေတယ်။

"ဒါဆိုရင်တော့ ဘာဖြစ်လို့များ ငါးပိုရအောင် အချိန်အတော်ကြာ မဖမ်းယူရတာလဲ"လို့ အမေရိကန်လူမျိုးက မေးပြန်တယ်။

မက္ကဆီကိုလူမျိုးက သူဖမ်းယူလိုက်တဲ့ ငါးပမာဏအနည်းငယ်ဟာ သူ့အတွက်သာမက သူ့မိသားစုရဲ့ လိုအပ်ချက်အတွက်ပါ ပြည့်စုံလုံလောက်အောင် ဖြည့်ဆည်းပေးနိုင်ကြောင်း ရှင်းပြပါတယ်။

အမေရိကန်က "ဒါဆိုရင်တော့ ကျန်နေတဲ့ အားလပ်ချိန်တွေမှာ ခင်ဗျား ဘာတွေလုပ်သလဲ"လို့ မေးပြန်တယ်။

"ကျွန်တော်ဟာ ညည့်နက်မှ အိပ်တယ်။ ငါးအနည်းငယ်ဖမ်းတယ်။ ကလေးတွေနဲ့ ကစားပါတယ်။ နေ့လယ်နေ့ခင်းပိုင်းမှာတော့ ကျွန်တော့်ဇနီးသည်နဲ့ တရေးတမော အိပ်စက်အနားယူတယ်။ ညနေပိုင်းမှာဆိုရင် ရွာထဲရှိ သူငယ်ချင်းတွေဆီသွားပြီး အရက်သောက်၊ ဂစ်တာတီး၊ သီချင်းဆိုပါတယ်။ ကျွန်တော့်ဘဝဟာ တကယ့်ကို ပျော်စရာကောင်းပါတယ်ဗျာ"

အမေရိကန်က ဖြတ်ပြီးပြောပြန်တယ်။ "ကျွန်တော်ကတော့ ဟားဘက်စ်တက္ကသိုလ်ကနေ MBA ဘွဲ့ ရရှိထားသူပါ။ ခင်ဗျားကို ကူညီပေးနိုင်ပါတယ်။ ခင်ဗျားဟာ နေ့စဉ်နေ့တိုင်း ငါးပိုမို ဖမ်းယူသင့်ပါတယ်။ ဒီနောက် ခင်ဗျား ဖမ်းယူရရှိသမျှ ပိုလျှံနေတဲ့ငါးတွေကို ရောင်းချနိုင်ပါတယ်။ ငွေပိုငွေလျှံတွေနဲ့ ကြီးမားတဲ့ လှေတစ်စင်းလည်း ဝယ်ယူနိုင်တာပေါ့ဗျာ"

"ဒီနောက်ရော…"လို့ မက္ကဆီကိုလူမျိုးက မေးပြန်တယ်။

"ကြီးမားတဲ့ လှေတစ်စင်းကြောင့်ရလာတဲ့ ငွေပိုငွေလျှံတွေနဲ့ ဒုတိယမြောက်လှေတစ်စင်း ဝယ်ယူနိုင်လိမ့်မယ်။ ဒီနောက်မှာလည်း တတိယမြောက်လှေတစ်စင်း ဝယ်ယူနိုင်ပါလိမ့်မယ်။ ဒီလိုနဲ့ စစ်သင်္ဘောတပ်ခွဲတစ်ခုစာလောက် ငါးဖမ်းလှေတွေ ဝယ်ယူစုဆောင်းနိုင်လာလိမ့်မယ်။ ခင်ဗျားရဲ့ငါးတွေကို ကုန်သည်ပွဲစားတွေကတဆင့် ရောင်းချမဲ့အစား သက်ဆိုင်ရာ စက်ရုံတွေဆီ တိုက်ရိုက်ရောင်းချနိုင်ပါတယ်။ ဒါမှမဟုတ်လည်း ကိုယ်ပိုင်စက်ရုံတွေ တည်ထောင်နိုင်တာပေါ့။ ဒီနောက် ရွာကိုစွန့်ခွါပြီး မက္ကဆီကိုမြို့တော်၊ လော့အိန်ဂျလိမြို့၊ နယူးယောက်မြို့တို့ကို ရွေ့ပြောင်းပြီး နေထိုင်နိုင်ပါတယ်။ အဲဒီမြို့တွေကနေ ခင်ဗျားရဲ့ စီးပွားရေးလုပ်ငန်းကြီးတစ်ခုလုံးကို စီမံအုပ်ချုပ်နိုင်ပါတယ်"

"ဒါတွေဖြစ်ဖို့ အချိန်ဘယ်လောက် ကြာနိုင်ပါသလဲ" လို့ မက္ကဆီကို လူမျိုးက မေးပြန်တယ်။

"အနှစ်နှစ်ဆယ်၊ နှစ်ဆယ့်ငါးနှစ်လောက်ပေါ့" လို့ အမေရိကန်က ပြန်ဖြေတယ်။

"ဒီနောက်ရော…"

"ဒီလိုတွေ ဖြစ်လာပြီးနောက်ကို မေးတာလားဗျ။ မိတ်ဆွေ…ဒါဟာ သိပ်ပြီး စိတ်ဝင်စားစရာ ကောင်းပါတယ်" လို့ အမေရိကန်လူမျိုးက ရယ်လျက်ဖြေတယ်။ "စီးပွားရေးလုပ်ငန်းတွေ တကယ့်ကို အောင်မြင်တိုးတက်လာတဲ့အခါ စတော့ရှယ်ယာတွေ ဝယ်ယူရောင်းချခြင်းအားဖြင့် မီလီယံပေါင်းများစွာ ချမ်းသာလာနိုင်ပါတယ်"

"မီလီယံပေါင်းများစွာဆိုတာ တကယ်ပြောတာလား။ ဒီနောက်ရော…." လို့ မက္ကဆီကိုလူမျိုးက မေးပြန်တယ်။

"ဒီနောက်တော့ ခင်ဗျားဟာ အလုပ်မှအနားယူမယ်။ ကမ်းခြေမှာရှိတဲ့ ရွာငယ်ဇနပုဒ်လေးတစ်ရွာမှာ နေထိုင်မယ်။ ညည့်နက်မှအိပ်မယ်။ ကလေးတွေနဲ့ ဆော့ကစားမယ်။ ငါးဖမ်းမယ်။ နေ့လည်နေ့ခင်းပိုင်းမှာ ဇနီးနဲ့အတူ အိပ်စက်အနားယူမယ်။ ညနေပိုင်းမှာတော့ သူငယ်ချင်းတွေနဲ့ အရက်အတူသောက်ပြီး ပျော်ရွှင်မှာပေါ့ဗျာ"

စဉ်းစားဆင်ခြင်စရာ

ကျွန်တော်တို့ဟာ စားဝတ်နေရေးအတွက် ဘဝကို ရုန်းကန်လှုပ်ရှားရင်း မိတ်ဆွေသူငယ်ချင်းတွေ၊ မိသားစုတွေနဲ့ တွေ့ဆုံပျော်ရွှင်ဖို့ အားလပ်ချိန် အနည်းအကျည်းမျှပင် မရဘူးဆိုရင်တော့ လူဖြစ်ကျိုး နပ်လိမ့်မည်မဟုတ်ပါ။ ဖြစ်ပျက်လာသမျှ အခြေအနေအရပ်ရပ်ကို အင်တိုက်အားတိုက် လုပ်ဆောင်ဖို့မလိုဘဲ ဘဝကို သက်သောင့်သက်သာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းတတ်ဖို့ပဲ လိုအပ်ပါတယ်။

Ref; Life Explained by Unknown

 

ဘာသာပြန်ရသ
nla2012.blogspot.com

No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...