Tuesday, May 1, 2012

ကျွမ်းကျင်လိမ္မာဆုံးဖြတ်ပါ


 


 

နေလင်းအောင်

လွန်ခဲ့သော နှစ်ပေါင်းများစွာက အိန္ဒိယနိုင်ငံ ကျေးရွာတစ်ရွာတွင် လယ်သမားတစ်ဦး ရှိခဲ့တယ်။ သူဟာ ကျေးရွာရှိ ငွေချေးသူထံမှ ငွေအမြောက်အမြားချေးထားပြီး ပြန်မဆပ်နိုင် ဖြစ်နေခဲ့တယ်။ အသက်အရွယ်ကြီးရင့်ပြီး အရုပ်ဆိုးအကျည်းတန်တဲ့ ငွေချေးသူက လယ်သမားရဲ့ လှပတဲ့သမီးကို သဘောကျနေခဲ့တယ်။ ဒါကြောင့် သူဟာ အလဲအလှယ်တစ်ခုလုပ်ဖို့ လယ်သမားကို ကမ်းလှမ်းခဲ့တယ်။

လယ်သမားရဲ့သမီးကို လက်ထပ်ခွင့်ရမယ်ဆိုရင် အကြွေးအားလုံးကို စွန့်လွှတ်လိုက်တော့မယ်လို့ သူကပြောတယ်။ ဒီစကား ကြားတဲ့အခါ လယ်သမားနဲ့ သမီးဖြစ်သူတို့ဟာ တုန်လှုပ်သွားခဲ့တယ်။ ကောက်ကျစ်ဉာဏ်များတဲ့ ငွေချေးသူက ဒီပြဿနာကိုဆုံးဖြတ်ရန် အဆိုပြုချက်တစ်ခု တင်ပြပါတယ်။ အနက်ရောင်ကျောက်စရစ်ခဲတစ်လုံးနဲ့ အဖြူရောင်ကျောက်စရစ်ခဲတစ်လုံးကို အိတ်တစ်ခုထဲထည့်ပြီး လယ်သမားရဲ့သမီးကို မဲနှိုက်စေဖို့ပါပဲ။

(၁) သူမက အနက်ရောင် ကျောက်စရစ်ခဲကို နှိုက်ယူမိမယ်ဆိုရင် ငွေချေးသူရဲ့ ဇနီးအဖြစ် သိမ်းပိုက်ခြင်းခံရပြီး၊ အကြွေးအားလုံး ပေးဆပ်ပြီးသား ဖြစ်သွားပါလိမ့်မယ်။

(၂) အဖြူရောင်ကျောက်စရစ်ခဲကို နှိုက်ယူမိမယ်ဆိုရင် ငွေချေးသူကို လက်ထပ်စရာမလိုဘဲ လယ်သမားရဲ့အကြွေးအားလုံးကို စွန့်လွှတ်ပေးပါလိမ့်မယ်။

(၃) ကျောက်ခဲတွေကို မဲနှိုက်ရွေးချယ်ဖို့ ငြင်းဆိုမယ်ဆိုရင်တော့ သူမဖခင်ကို အကျည်းထောင်ပို့လိမ့်မယ်။

လယ်သမားရဲ့ အခင်းထဲရှိ ကျောက်စရစ်ခဲတွေပေါ်မှာ သူတို့အားလုံး မတ်တပ်ရပ်နေကြတယ်။ ငွေချေးသူက ကျောက်စရစ်ခဲနှစ်ခဲ လှမ်းကောက်လိုက်တယ်။ မျက်စိလျင်တဲ့ လယ်သမားသမီးက ငွေချေးသူက အနက်ရောင် ကျောက်ခဲနှစ်လုံးကိုသာ ကောက်ယူပြီး အိတ်ထဲထည့်လိုက်ကြောင်း သတိထားလိုက်မိတယ်။ လယ်သမားရဲ့သမီးကို အိတ်ထဲရှိ ကျောက်ခဲတစ်လုံး ရွေးချယ်နှိုက်ယူဖို့ ငွေချေးသူက ပြောဆိုလိုက်ပါတယ်။

စာဖတ်သူတို့ရော ဒီလိုအနေအထားမျိုးမှာ လယ်သမားရဲ့သမီးဖြစ်မယ်ဆိုရင် ဘာလုပ်ကြမလဲ။ ဒါမှမဟုတ် သူမကို ဘယ်လိုလုပ်ဖို့ အကြံပေးကြမလဲ။

ဖြစ်နိုင်ချေ အချက်သုံးချက်ရှိပါတယ်။

(၁)မိန်းကလေးက ကျောက်စရစ်ခဲကို မဲနှိုက်ရွေးချယ်ဖို့ ငြင်းဆိုရမယ်။

(၂)မိန်းကလေးက အိတ်ထဲရှိ ကျောက်ခဲနှစ်လုံးမှာ အနက်ရောင်ဖြစ်ကြောင်းပြောဆိုပြီး ငွေချေးသူရဲ့ မရိုးသားမှုကို ဖော်ထုတ်ရမယ်။

(၃)မိန်းကလေးက အနက်ရောင်ကျောက်ခဲတစ်လုံးကို နှိုက်ယူပြီး သူမဖခင် ထောင်ကျခြင်းမှလွှတ်မြောက်အောင် သူမဘဝကို အနစ်နာခံလိုက်ရမယ်။

တကယ်တော့ မိန်းကလေးက မဲနှိုက်ရွေးချယ်ဖို့ပဲ ဆုံးဖြတ်လိုက်ပါတယ်။ မဲနှိုက်ပြီးတဲ့အခါ သူမက ကျောက်စရစ်ခဲကို မကြည့်တော့ဘဲ အောက်ကိုလွှတ်ချလိုက်တယ်။ ကျောက်စရစ်ခဲက အောက်မှာရှိတဲ့ ကျောက်ခဲပုံထဲ ရောနှောပျောက်ကွယ်သွားတယ်။

"ကျွန်မရဲ့လက်တွေ တုန်လှုပ်နေလို့ပါ။ ဒါပေမဲ့ အိတ်ထဲမှာကျန်နေတဲ့ ကျောက်စရစ်ခဲကို ကြည့်လိုက်မယ်ဆိုရင်တော့ ကျွန်မနှိုက်ယူလိုက်တဲ့ ကျောက်ခဲအရောင်ကို ဆုံးဖြတ်နိုင်ပါလိမ့်မယ်" လို့ သူမကပြောတယ်။

ကျန်ရှိတဲ့ကျောက်ခဲက အနက်ရောင်ဖြစ်နေတဲ့အတွက် သူမနှိုက်ယူလိုက်တဲ့ကျောက်စရစ်ခဲဟာ အဖြူရောင်ဖြစ်ကြောင်း ကောက်ချက်ချလို့ရပါတယ်။ ငွေချေးငှားသူက သူရဲ့မရိုးသားမှုကို ဝန်မခံရဲတဲ့အတွက် မိန်းကလေးရော၊ အကြွေးတွေရော စွန့်လွှတ်လိုက်ရတော့တယ်။

စဉ်းစားဆင်ခြင်စရာ

အရှုပ်ထွေးဆုံး ပြဿနာတွေမှာပင် ဖြေရှင်းချက် တစ်ခုမဟုတ်တစ်ခု ရှိနေတတ်ပါတယ်။ အရာရာတိုင်းကို အလွန်အမင်း စဉ်းစားတွေးခေါ်နေဖို့မလိုပါ။ ကျွမ်းကျင်လိမ္မာစွာ စဉ်းစားဆုံးဖြတ်ပြီး လုပ်ကိုင်ဆောင်ရွက်တတ်ဖို့ပဲ လိုအပ်ပါတယ်။

နေလင်းအောင် ဘာသာပြန်ဆိုသည်။

Ref; A Story of Two Pebbles by Unknown

ဘာသာပြန်ရသ

nla2012.blogspot.com

No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...