Tuesday, May 1, 2012

မိတ်ဆွေစိတ်


 နေလင်းအောင် ဘာသာပြန်ဆိုသည်။


တစ်ခါတုန်းက ကမ္ဘာလောကမှာရှိတဲ့ အရောင်တွေဟာ အငြင်းအခုံ ဖြစ်ကြပါတယ်။ သူသာအကောင်းဆုံး၊ အရေးအပါဆုံး၊ အသုံးအဝင်ဆုံး၊ လူကြိုက်အများဆုံးဆိုပြီး အရောင်အားလုံးက အခိုင်အမာ ပြောဆိုကြပါတယ်။

          အစိမ်းရောင်ကပြောပါတယ်-

          "ကျွန်တော်သာ အရေးအပါဆုံးဆိုတာ သိသာပါတယ်။ ကျွန်တော်က ဘဝရဲ့မျှော်လင့်ချက်သင်္ကေတပါ။ မြက်တွေ၊ သစ်ပင်တွေနဲ့ သစ်ရွက်တွေက ကျွန်တော့်ကိုပဲ ရွေးချယ်လေ့ရှိကြပါတယ်။ ကျွန်တော်မရှိဘူးဆိုရင် သတ္တဝါတွေအားလုံး သေဆုံးသွားပါလိမ့်မယ်။ ကျေးလက်ဒေသကို ကြည့်လိုက်စမ်းပါ။ ကျွန်တော်သာ အရေးအပါဆုံးဆိုတာ ခင်ဗျားတို့ တွေ့မြင်ကြပါလိမ့်မယ်"

          အပြာရောင်က ဖြတ်ပြောပြန်တယ်-

          "ခင်ဗျားက ကမ္ဘာလောကကြီးအကြောင်းပဲ စဉ်းစားကြည့်တာကိုးဗျ။ ကောင်းကင်နဲ့ ပင်လယ်ပြင်ကိုလည်း စဉ်းစားကြည့်လိုက်စမ်းပါ။ ရေဟာ သက်ရှိတို့ရဲ့ အခြေခံဖြစ်ပြီး၊ နက်ရှိုင်းတဲ့ ပင်လယ်ပြင်ကရေတွေကို တိမ်တွေက သယ်ဆောင်လိုက်ပါတယ်။ ကောင်းကင်ပြင်က အပန်းဖြေမှု၊ ငြိမ်းအေးမှုနဲ့ တည်ငြိမ်မှုကို ပေးပါတယ်။ ကျွန်တော့်ရဲ့ငြိမ်းချမ်းမှုမရှိဘဲနဲ့တော့ ခင်ဗျားတို့အားလုံး အရေးမပါ ဖြစ်သွားပါလိမ့်မယ်"

          အဝါရောင်က ကြိတ်ပြီးရယ်လိုက်ပါတယ်-

          "ခင်ဗျားတို့အားလုံးဟာ လူကြိုက်မများပါဘူးဗျာ။ ကျွန်တော်ကမှ လောကကြီးထဲကို ရယ်မောခြင်း၊ ပျော်ရွှင်ခြင်းနဲ့ နွေးထွေးမှုတွေ သယ်ဆောင်လာခဲ့တယ်။ နေဟာ အဝါရောင်ရှိတယ်။ လလည်းအဝါရောင်၊ ကြယ်လည်းအဝါရောင်ပါ။ ခင်ဗျားတို့နေကြာတစ်ပွင့်ကို ကြည့်လိုက်တဲ့အချိန်မှာပင် လောကကြီးတစ်ခုလုံးက ပြုံးပြနေပါလိမ့်မယ်။ ကျွန်တော်မရှိဘူးဆိုရင် ပျော်စရာ မကောင်းပါဘူးဗျာ"

          ဒီနောက် လိမ္မော်ရောင်က သူမရဲ့နှဲကို စတင်မှုတ်လိုက်ပါတယ်-

          " ကျွန်မကတော့ ကျန်းမာမှုနဲ့ အားကောင်းသန်မာမှု အရောင်အဆင်းပါ။ ကျွန်မက ရှားပါးပေမဲ့ လူသားတို့ရဲ့ လိုအပ်ချက်ကို ထမ်းဆောင်ပေးတဲ့အတွက် အလွန်အဖိုးတန်ပါတယ်။ ကျွန်မက အရေးအပါဆုံး သက်စောင့်ဓာတ်တွေကို သယ်ဆောင်လာခဲ့ပါတယ်။ လိမ္မော်ရောင်မုန်လာဥ၊ ရွှေဖရုံသီး၊ လိမ္မော်သီး၊ သရက်သီးနဲ့ သဘောင်္သီးတွေကို စဉ်းစားကြည့်လိုက်စမ်းပါ။ ကျွန်မက တစ်ချိန်လုံး ရှိမနေပေမဲ့ နေဝင်နေထွက်ချိန် ကောင်းကင်တစ်ပြင်လုံး ကျွန်မရဲ့ အရောင်အဆင်း ဖြန့်ကျက်နေတဲ့အခါမျိုးမှာတော့ ကျွန်မအလှက တောက်ပနေတဲ့အတွက် ဘယ်သူကမှ ရှင်တို့ကို သတိယမှာ မဟုတ်ပါဘူးရှင်"

          အနီရောင်က သူမအပြောကို ဆက်လက်သီးခံနိုင်ခြင်းမရှိတော့ဘဲ အောင်ပြောလိုက်ပါတယ်-

          " ကျွန်တော်ကတော့ ခင်ဗျားတို့အားလုံးရဲ့ အုပ်ချုပ်သူပါ။ ကျွန်တော်က အသက်သွေးကြောပါ။ အန္တရာယ်နဲ့ သတ္တိရှိခြင်းရဲ့ အရောင်အဆင်းပါ။ ရည်ရွယ်ချက်တစ်ခုအတွက်ဆိုရင် ကျွန်တော်က တိုက်ခိုက်ဖို့ အဆင်သင့် ရှိနေတတ်ပါတယ်။ သွေးထဲကိုလည်း ရဲရင့်တဲ့ စိတ်ဓာတ်တွေ သွတ်သွင်းပေးပါတယ်။ ကျွန်တော်မရှိဘူးဆိုရင် ကမ္ဘာကြီးက လပေါ်မှာလို ဘာမှမရှိ ဖြစ်သွားလိမ့်မယ်။ ကျွန်တော်က သနားကြင်နာမှု၊ မေတ္တာတရား၊ အနီရောင်နှင်းဆီပွင့်၊ ပွိုင့်ဆက်တီးယားပွင့်၊ ဘိန်းပွင့်တို့ရဲ့ အရောင်အဆင်းပါ"

          ပန်းရောင်ကတော့ သူ့အရပ်အပြည့် မတ်တပ်ရပ်လိုက်ပါတယ်။ သူဟာ အလွန်အရပ်ရှည်ပြီး ကြီးကျယ်ခမ်းနားတဲ့ အသွင်အပြင်နဲ့ ပြောလာပါတယ်-

          "ကျွန်တော်ကတော့ ဂုဏ်သိက္ခာနဲ့ သြဇာအာဏာတို့ရဲ့ အရောင်အဆင်းပါ။ ကျွန်တော်က တန်ခိုးသြဇာနဲ့ ဉာဏ်ပညာကြီးခြင်းရဲ့ သင်္ကေတဖြစ်တဲ့အတွက် ဘုရင်တွေ၊ ခေါင်းဆောင်တွေနဲ့ ဂိုဏ်းအုပ်ကြီးတွေက ကျွန်တော့်ကိုပဲ ရွေးချယ်လေ့ရှိကြပါတယ်။ လူတွေက ကျွန်တော့်ကို မကန့်ကွက်ကြပါ။ ကျွန်တော့်စကားဆိုရင် နာခံလိုက်နာကြပါတယ်"

          နောက်ဆုံးတွင် မဲနယ်ရောင်က အခြားအရောင်အားလုံးထက် ပိုမိုတည်ငြိမ်စွာဖြင့် ပြောလာပါတယ်-

          "ကျွန်တော့်ကို စဉ်းစားကြည့်ပါ။ ကျွန်တော်က တိတ်ဆိတ်ငြိမ်သက်မှုရဲ့ အရောင်အဆင်းပါ။ ခင်ဗျားတို့က ကျွန်တော့်ကို အရေးမထားကြပါဘူး။ ဒါပေမဲ့ ကျွန်တော်မရှိဘူးဆိုရင် ခင်ဗျားတို့အားလုံး အရေးမပါ ဖြစ်သွားပါလိမ့်မယ်။ ကွန်တော်က တွေးခေါ်စဉ်းစားမှု၊ ညနေဆည်းဆာနဲ့ နက်ရှိုင်းတဲ့ရေကို ကိုယ်စားပြုပါတယ်။ ဟန်ချက်ညီမျှစေဖို့၊ ကွဲပြားခြားနားဖို့၊ ဝတ်ပြုဆုတောင်းဖို့၊ စိတ်တည်ငြိမ်အေးချမ်းဖို့ဆိုရင် ကျွန်တော့်ကို လိုအပ်ပါတယ်"

          ဒီလိုနဲ့ အရောင်တွေက ဂုဏ်ယူကြွားဝါ ပြောဆိုကြပြီး၊ တစ်ဦးစီက သူ သို့မဟုတ် သူမရဲ့ အရေးပါမှုကို အခိုင်အမာပြောဆိုကြပါတယ်။ သူတို့ရဲ့ ငြင်းခုံစကားသံတွေ ပိုပြီး ကျယ်လောင်လာတယ်။ ရုတ်တရက် ထိတ်လန့်ဖွယ်ကောင်းတဲ့ အလင်းတန်းတစ်ခု ပေါ်လာပြီး မိုးကြိုးပစ်ချလိုက်တော့တယ်။ အရောင်တွေဟာ ကြောက်ရွံထိတ်လန့်စွာ ဝတ်နေကြပြီး စိတ်သက်သာရာရစေဖို့ တစ်ဦးနဲ့တစ်ဦး ပူးကပ်လိုက်ကြတယ်။

          ဆူညံသံတွေအကြားမှာ မိုးက စတင်ပြောဆိုပါတယ်-

          "ခင်ဗျားတို့က အလွန်မိုက်မဲတဲ့ အရောင်တွေပဲ။ အချင်းချင်း ငြင်းခုံရန်ဖြစ်နေကြပြီး၊ တစ်ဦးက အခြားတစ်ဦးကို လွှမ်းမိုးဖို့ ကြိုးစားနေကြတယ်။ ခင်ဗျားတို့တစ်ယောက်စီဟာ ကွဲပြားခြားနားပြီး ပြိုင်ဘက်ကင်းတဲ့ အရာတစ်ခုစီ ပြုလုပ်ပေးနိုင်တယ်ဆိုတာ မသိဘူးလားဗျ။ တစ်ဦးနဲ့တစ်ဦး လက်တွဲပြီး ကျွန်တော့်ဆီ လာခဲ့ကြပါ"

          အရောင်တွေက ပြောသည့်အတိုင်း စည်းလုံးညီညွတ်ကြပြီး လက်ချင်းချိတ်ဆက်လိုက်ကြတယ်။

          မိုးက ဆက်လက်ပြောဆိုပြန်တယ်-

          "ခုချိန်ကစပြီး ခင်ဗျားတို့အားလုံး ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်တယ်ဆိုတာ သတိရစေဖို့ မိုးရွာပြီးတဲ့အခါ ကောင်းကင်ပြင်မှာ ကြီးမားတဲ့ လေးကိုင်းသဏ္ဌန် အရောင်အဆင်းဖြစ်အောင် ဆွဲဆန့်ကြရပါမယ်။ သက်တန့်ရောင်စဉ်တန်းဆိုတာ မနက်ဖြန်အတွက် မျှော်လင့်ချက်ရောင်ခြည်ဦးပါ"

          ဒါကြောင့်ပင် ကမ္ဘာလောကကြီးကို မိုးရွာပြီး ဆေးကြောလိုက်တဲ့အခါတိုင်း ကောင်းကင်ပြင်မှာ သက်တန့်ရောင်စဉ်တန်းတစ်ခု ပေါ်လာပါတော့တယ်။ ကျွန်တော်တို့လည်း တစ်ဦးကိုတစ်ဦး လေးစားတန်ဖိုးထားဖို့ သတိရကြရအောင်ပါ။

နေလင်းအောင် ဘာသာပြန်ဆိုသည်။

Ref;The Color of Friendship

Author; Unknown

nla2012.blogspot.com

No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...