Friday, May 24, 2013

မိမိဘဝကို စတင်ချစ်မြတ်နိုးလာစေဖို့ နည်းလမ်း (၁၀)ခု


မိမိဘဝကို မုန်းတီးကြောင်း၊ မိမိမှာ ရှိတာတွေနဲ့ ပျော်ရွှင်မှုမရှိကြောင်း ညည်းညူနေတဲ့လူတွေ အများကြီးရှိပါတယ်။ ဒီသဘောထားတွေ သင့်မှာလည်း ဖြစ်နေမယ်ဆိုရင် သင်လည်းပဲ ချမ်းသာမှ၊ မိတ်ဆွေတွေ အများကြီးရှိမှ၊ ကျော်ကြားမှ၊ ပြည့်စုံတဲ့ မိသားစုတစ်ခုရှိမှ ပျော်ရွှင်နိုင်လိမ့်မယ်လို့ တွေးထင်ထားတဲ့ လူတွေထဲက တစ်ဦးပဲ ဖြစ်နေပါလိမ့်မယ်။ ဝမ်းနည်းဖွယ်ကောင်းတာက သင် မှားနေပါပြီ။ နောက်တစ်ကြိမ် “ငါ့ဘဝကို မုန်းတယ်”လို့ ပြောမိတဲ့အခါ “ငါ သေချင်သလား”လို့ မိမိကိုယ်ကို မေးစေချင်ပါတယ်။ ဒါဟာ ပြင်းထန်လွန်းပုံ ရှိပေမယ့် သင် အသေအချာ စဉ်းစားကြည့်စေချင်ပါတယ်။ သင် အသက်ရှင်နေသမျှ ပျော်ရွှင်နိုင်ပါသေးတယ်။ ပြီးတော့ သင့်ဘဝအခြေအနေတွေ တိုးတက်လာအောင်လုပ်ဖို့ အခွင့်အရေးလည်း အမြဲရှိနေပါတယ်။ အောက်မှာ နည်းလမ်းဆယ်ခု ပေးထားပါတယ်။
(၁) သင့်ဘဝရဲ့ ကောင်းတဲ့အရာတွေအပေါ် အာရုံစိုက်ပါ

သင်ဟာ ကောင်းတဲ့အရာ တစ်ခုခုကိုမှ မစဉ်းစားနိုင်ဘူးဆိုရင် မကောင်းတဲ့အတွေးတွေကိုပဲ ဆက်လက်စွဲကိုင်ထားနေမိမှာပါ။ မကောင်းတဲ့ အတွေးတွေကို ဖယ်ထုတ်ပစ်လိုက်ပါ။ သင့်ဘဝမှာ သင်တကယ် မြတ်နိုးရတဲ့အရာတွေက ဘာတွေလဲ။

(၂)မညည်းညူပါနဲ့
 
သင်ဟာ ဘဝကို မချစ်ခင်တတ်ဘူးဆိုလျှင်ပင် အဲဒီစကားမျိုး တစ်ချိန်လုံး ပြောနေဖို့ မလိုအပ်ပါဘူး။ သင့်ဘဝကို မချစ်ဘူးလို့ ပိုပြီးပြောလေ သင့်မှာ မကောင်းတဲ့ အတွေးအခေါ်တွေ ပိုပြီးအားကောင်း လာလေပါပဲ။

(၃) သင့်ဘဝကို အခြားလူတစ်ယောက်နဲ့ မနှိုင်းယှဉ်ပါနဲ့
 
သင့်ဘဝဟာ အခြားလူတစ်ယောက်ရဲ့ ဘဝနဲ့ တစ်ထေရာတည်း ဘယ်တော့မှ မတူညီနိုင်ပါဘူး။ သင်ဟာ အခြားလူတစ်ယောက်မှာ ရှိနေတဲ့အရာတွေအပေါ် အချိန်အများကြီးပေး အာရုံစိုက်နေမယ်ဆိုရင် အဓိပ္ပာယ် မရှိပါဘူး။ (အခြားသူတစ်ယောက်မှာ သင့်ထက်သာတာ) တစ်ခုခု ရှိနေမယ်ဆိုရင် သင့်ကိုယ်ပိုင် အောင်မြင်ပျော်ရွှင်မှု ရရှိဖို့အတွက် အခြားသူတစ်ယောက်ရဲ့ အောင်မြင်မှုကို တွန်းအားအဖြစ် အသုံးချနိုင်ပါတယ်။ ဒါပေမယ့် သင့်မှာမရှိတာတွေအတွက်နဲ့တော့ ဝမ်းနည်းနေစရာ မလိုအပ်ပါဘူး။

(၄) သင်ချစ်မြတ်နိုးတဲ့ အရာတွေကို ပိုပြီးပြုလုပ်ပါ
 
သင့်မှာ အချိန်ရမယ်ဆိုရင် သင့်ကို ပျော်ရွှင်စေမယ့် အရာတွေ အများကြီး ပြုလုပ်လိုက်မှာပဲလို့ မကြာခဏ ညည်းညူပြောဆို မိပါသလား။ တကယ်တော့ ဒါတွေဟာ မမှန်ကန်ပါဘူး။ သင့်မှာ အချိန်ရှိပါတယ်။ သင်ဟာ အချိန်ကုန်လွန်းမယ့် အရာတွေကို ပြုလုပ်နေဖို့ မလိုအပ်ပါဘူး။ စကားလုံးပဟေဠိဝှက်ပါ၊  တိရစ္ဆာန်လေးတွေနဲ့ ကစားပါ၊ ဒါမှမဟုတ်လည်း လမ်းလျှောက်ပါ။ နေ့စဉ်နေ့တိုင်း သင့်ကို ပျော်ရွှင်မှုဖြစ်စေမယ့်အရာ အနည်းဆုံး တစ်ခုလောက်တော့ ကြိုးစားပြုလုပ်ကြည့်ပါ။

(၅) ဘဝဟာ အမြဲ ပြောင်းလဲနေတယ်ဆိုတာ နားလည်သဘောပေါက်ပါ
 
သင့်မှာ ကောင်းမွန်ပြည့်စုံတဲ့ အလုပ်မရှိတဲ့အတွက်ကြောင့် ၊ ဒါမှမဟုတ် သင်ဖြစ်ချင်သလို ငွေကြေးအခြေအနေ ပြည့်စုံမှု မရှိတဲ့အတွက်ကြောင့် စိတ်ဓာတ်ကျနေမယ်ဆိုရင် သင့်ရဲ့ လက်ရှိအခြေအနေဟာ လက်ရှိအခြေအနေပဲလို့ နားလည်သဘောပေါက်ဖို့ လိုအပ်ပါတယ်။ အခြေအနေတွေဟာ အမြဲတမ်း ပြောင်းလဲနေပါတယ်။

(၆) လူကောင်းတွေကြားမှာ နေထိုင်ပါ
 
သင် ဆက်လက်ပေါင်းသင်ရမယ့်  အပေါင်းအသင်းတွေကို ဂရုစိုက်ရွေးချယ်ပါ။ သင်ဟာ ညည်းညူတတ်သူတွေ၊ မကောင်းမြင်စိတ်ဓာတ်ရှိသူတွေကို အမြဲပဲ ပေါင်းသင်းနေသလား။ ဒါဆိုရင်တော့ သင့်ရဲ့ ပျော်ရွှင်မှုအပေါ် သူတို့ရဲ့ မကောင်းတဲ့ အဆိုးမြင် သဘောထားတွေ အကျိုးသက်ရောက်လာနိုင်ဆိုတာ သဘောပေါက်သင့်ပါတယ်။

(၇) အခြားသူတွေကို ကူညီပါ
 
အခြားသူတွေကို ကူညီပေးဖို့ ပိုပြီးတော့ အာရုံစိုက်လေ သင့်ဘဝကို ညည်းညူဖို့ အချိန်နည်းလေပါပဲ။ ဒါတင်မကသေး…အခြားသူတွေကို ကူညီခြင်းက သင့်ကို တကယ်ပဲ ပျော်ရွှင်စေနိုင်ပါတယ်။

(၈) တီဗွီကြည့်ချိန် လျှော့ပါ
 
ကြော်ငြာတွေရဲ့ အလုပ်က သင့်ဘဝဟာ ပြည့်စုံလုံမှု မရှိဘူး၊ သင့်ဘဝ တိုးတက်ဖို့အတွက် နောက်ဆုံးပေါ် အဝတ်အစားတွေ၊ အသုံးအဆောင်တွေနဲ့ ယာဉ်တွေကို ဝယ်ယူဖို့ လိုအပ်တယ်လို့ ပြောပြဖို့ပါပဲ။ ဒီ အလိမ်အညာ စကားတွေအပေါ် နားမယောင်မိပါစေနဲ့။

(၉) သေးငယ်တဲ့ အရာလေးတွေကို နားလည်ခံစားတတ်ပါ

သင်ဟာ သဘာဝလောကကို သေသေချာချာ ကြည့်ဖူးပါသလား။ မိုးကောင်းကင်၊ တိရ စ္ဆာန်တွေနဲ့ မြစ်ချောင်းတွေ စသည်ဖြင့်ပေါ့။ ဒါတွေဟာ အလွန်ကို လှပပါပေတယ်။ ဘဝကို အရှိအတိုင်း ရှာဖွေပြီး နားလည်ခံစားတတ်ဖို့ ကြိုးစားပါ။

(၁၀) သင့်ဘဝကို ဂရုမစိုက်ဘဲ မနေဖို့ သတိရပါ
 
သင်ဟာ ဘဝကို ပိုပြီးတော့ ချစ်မြတ်နိုးတတ်ချင်တယ်ဆိုရင် သင့်အတွက် အချက်အလက်အချို့ကို ဖော်ပြချင်ပါတယ်။ သင်ဟာ ဝမ်းနည်းဖွယ် အရာတွေအတွက်ပဲ အချိန်ပိုကုန်ပြီး အရာများစွာကို နားလည်သဘောပေါက်ဖို့ အချိန် သိပ်မပေးခဲ့ရဘူးဆိုရင် ဘဝကို ပိုပြီးတော့ ဂရုမစိုက်ဘဲ နေမိတတ်ပါတယ်။ သင်ဟာ ခုချိန်ကစပြီး နှစ်ပေါင်းများစွာ သင့်ဘဝကို ပြန်ကြည့်ရင်း ညည်းညူမှုတွေနဲ့ မကောင်းမြင်မှုတွေအပေါ် သင့်ရဲ့အချိန်တွေ ကုန်ဆုံးခဲ့ရတဲ့အတွက် မပျော်မရွှင် ဖြစ်ချင်မိမှာ မဟုတ်ပါဘူး။ သင့်မှာ အခွင့်အရေးရှိနေတုန်း စတင်ပြုလုပ်လိုက်ပါ။ အကောင်းမြင်စိတ်ဓာတ်မွေးပါ။ ပျော်ပျော်ရွှင်ရွှင် နေထိုင်ပါ။ ဘဝကို ချစ်မြတ်နိုးပါ။ 

နေလင်းအောင်
 Ref: 10 Ways to Start Loving Life by Aja Trinidad

မျက်လုံးတစ်လုံးပဲ ရှိတဲ့မေမေ




ကျွန်တော့်အမေမှာ မျက်လုံးတစ်လုံးပဲ ရှိပါတယ်။ ကျွန်တော် အမေ့ကို မုန်းမိတယ်။ အမေဟာ ကျွန်တော့်အတွက် အရှက်ရစရာ ဖြစ်စေရတယ်လေ။ အမေဟာ မိသားစု စားဝတ်နေရေးအတွက် ကျောင်းသားတွေနဲ့ ဆရာ၊ ဆရာမတွေကို ထမင်းချက်ပေးရပါတယ်။

ကျွန်တော် မူလတန်းကျောင်း တက်နေစဉ် တစ်ရက်မှာ အမေဟာ ကျွန်တော့်ဆီရောက်လာပြီး “ဟယ်လို”လို့ နှုတ်ဆက်လိုက်ပါတယ်။ ကျွန်တော် အရမ်းရှက်သွားခဲ့ရတယ်။

အမေ ဘာကြောင့်များ ကျွန်တော့်အပေါ် ဒီလိုလုပ်ရက်ရတာလဲ။ ကျွန်တော်ကတော့ အမေကို မသိချင်ယောင်ဆောင်ရင်း မုန်းတီးတဲ့အကြည့်ဖြင့် ကြည့်ကာ ထွက်ပြေးခဲ့ပါတယ်။ နောက်တစ်နေ့ ကျောင်းရောက်တဲ့အခါ အတန်းဖော် သူငယ်ချင်းက ပြောလာပါတယ်။ “ဟီး… မင်းအမေမှာ မျက်လုံးတစ်လုံးပဲ ရှိတာနော်”တဲ့။

ကျွန်တော် ကိုယ့်ကိုယ်ကို သတ်သေချင်စိတ် ပေါက်သွားမိပါတယ်။ ကျွန်တော့်အမေကိုလည်း ပျောက်ကွယ်သွားစေချင်ခဲ့တယ်။ အဲဒီနေ့မှာပဲ ကျွန်တော်ဟာ အမေကို ရန်လိုစကားတွေ ပြောဆိုခဲ့ပါတယ်။ “အမေ… ကျွန်တော့်ကို လူလှောင်စရာဖြစ်အောင် လုပ်နေမယ်ဆိုရင် သေလိုက်ပါတော့”

အမေဟာ တစ်ခွန်းတစ်ပါဒမျှ ပြန်လည်တုန့်ပြန် ပြောဆိုခြင်း မပြုခဲ့ပါဘူး။ ကျွန်တော်ဟာ ဒေါသအိုး ပေါက်ကွဲနေတဲ့အတွက်ကြောင့် ပြောဆိုခဲ့မိတာတွေကို တစ်စက္ကန့်လေးတောင်မှ ရပ်တန့်ပြီး စဉ်းစားခဲ့ခြင်း မရှိပါဘူး။ အမေရဲ့ ခံစားချက်တွေကိုလည်း သတိပြုခဲ့မိခြင်း မရှိပါဘူး။ ကျွန်တော်ကတော့ အိမ်ကနေ စွန့်ခွာထွက်ပြေးပြီး အမေနဲ့ နောက်ထပ် ပတ်သက်လိုခြင်း မရှိတော့ပါဘူး။ ဒါကြောင့်ပဲ စာကို ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ရာ နိုင်ငံခြားသွားပြီး ပညာသင်ဖို့ အခွင့်အရေး ရရှိခဲ့ပါတယ်။

ဘွဲ့ရပြီးနောက် ကျွန်တော် အိမ်ထောင်ကျခဲ့တယ်။ ကိုယ်ပိုင်အိမ်တစ်လုံးကိုလည်း ဝယ်ယူနိုင်ခဲ့တယ်။ သားသမီးတွေ ထွန်းကားလာခဲ့တယ်။ ကျွန်တော်ဟာ သားသမီးတွေ၊ ပိုင်ဆိုင်မှု ဥစ္စာဓနတွေနဲ့အတူ မိမိဘဝကို ကျေနပ် ပျော်ရွှင်နေခဲ့တယ်။

တစ်နေ့မှာတော့ အမေ ကျွန်တော့်ဆီ အလည်ရောက်လာခဲ့တယ်။ အမေဟာ ကျွန်တော့်ကို မတွေ့ရတာ နှစ်ပေါင်းအတော်ကြာခဲ့သလို မြေးတွေနဲ့လည်း တွေ့ဆုံဖူးခြင်း မရှိခဲ့ပါဘူး။

အိမ်တံခါးဝမှာ အမေရပ်နေတဲ့အခါ ကျွန်တော့် သားသမီးတွေက အမေ့ကိုကြည့်ရင်း လှောင်ရယ်နေကြပါတယ်။ မဖိတ်ခေါ်ဘဲ ရောက်လာတဲ့အတွက် အမေ့ကို ကျွန်တော် အော်ငေါက်လိုက်ပါတယ်။ “ကျွန်တော့်အိမ်လာပြီး ဘာဖြစ်လို့ ကလေးတွေကို ခြောက်လှန့်ရတာလဲ။ ဒီအိမ်ရှေ့ကနေ ခုပဲ ထွက်သွားပါ”လို့ ကျွန်တော် အမေ့ကို အော်ဟစ်ပြောဆိုလိုက်ပါတယ်။

ကျွန်တော့်စကားကို အမေက ဗွေမယူဘဲ အေးအေးဆေးဆေး တုန့်ပြန်ပြောဆိုပါတယ်။ “စိတ်မကောင်းပါဘူးကွယ်။ အဒေါ် လိပ်စာမှားပြီး ရောက်လာတာပါ” အဲဒီနောက် အမေဟာ ကျွန်တော်တို့ မြင်ကွင်းကနေ ပျောက်ကွယ်သွားပါတယ်။

တစ်နေ့တွင် ကျောင်းသားဟောင်းအဖွဲ့ဆီမှ စာတစ်စောင် အိမ်ရောက်လာခဲ့ပါတယ်။ ကျွန်တော်ဟာ ဇနီးဖြစ်သူကို စီးပွားရေးကိစ္စဖြင့် ခရီးထွက်ရလိမ့်မည်ဖြစ်ကြောင်း ညာပြောခဲ့တယ်။ ကျောင်းဟားဟောင်းများ တွေ့ဆုံပွဲပြီးနောက် ကျွန်တော်ဟာ အမေ ဘယ်လိုနေထိုင်ရတာကို သိလိုစိတ် ပြင်းပြလာတဲ့အတွက်ကြောင့် အမေရဲ့ တဲအိမ်အိုလေးဆီ ရောက်လာခဲ့ပါတယ်။

အမေ သေဆုံးသွားပြီဖြစ်ကြောင်း အိမ်နီးနားချင်းတွေက ပြောဆိုကြပါတယ်။ ကျွန်တော်ဟာ မျက်ရည်တစ်စက်ပင် မကျခဲ့ပါဘူး။ အိမ်နီးနားချင်းတွေက ကျွန်တော့်အတွက် အမေပေးခဲ့တဲ့ စာလေးတစ်စောင်ကို ပေးအပ်ကြပါတယ်။

“အချစ်ရဆုံး သားလေး…

အမေ သားကို အမြဲလွမ်းဆွတ် သတိရနေပါတယ်။ သားရဲ့အိမ်လာပြီး သားကလေးတွေကို ခြောက်လှန့်သလို ဖြစ်သွားခဲ့ရတဲ့အတွက် အမေ စိတ်မကောင်းခြင်းကြီးစွာ ဖြစ်ရပါတယ်။

ကျောင်းသားဟောင်း တွေ့ဆုံပွဲကို သားလာမယ်ကြားရတော့ အမေ အရမ်းပျော်ရွှင်မိပါတယ်။ ဒါပေမယ့် သားကိုလာတွေ့ဖို့ အမေ အိပ်ရာက မထနိုင်တော့ပါဘူး။ သား ကြီးပြင်းလာခဲ့တဲ့ ကာလတစ်လျှောက်လုံး အမေ့ကြောင့် အရှက်ရစရာ ဖြစ်နေခဲ့တဲ့အတွက် စိတ်မကောင်းမိပါဘူးကွယ်။

သား သိတဲ့အတိုင်းပဲလေ။ သားငယ်ငယ်တုန်းက မတော်တဆ ဖြစ်ရပ်တစ်ခုကြောင့် သားရဲ့မျက်လုံးတစ်ဖက် ဆုံးရှုံးခဲ့ရတယ်လေ။ မိခင်တစ်ဦးအနေနဲ့ အမေဟာ မျက်လုံးတစ်ဖက်တည်းနဲ့ ကြီးပြင်းလာမယ့် သားကို မကြည့်ရက်ခဲ့ပါဘူး။ အဲဒါကြောင့်ပဲ သားအတွက် အမေရဲ့ မျက်လုံးတစ်ဖက်ကို ပေးခဲ့တာပါ။

အမေ့ကိုယ်စား အမေ့မျက်လုံးတစ်ဖက်နဲ့ လောကကြီးကို ကြည့်ပေးနေတဲ့အတွက် သားအတွက် အမြဲတမ်း ဂုဏ်ယူနေမိပါတယ်။”

သားအပေါ် ချစ်မေတ္တာများစွာဖြင့်…

အမေ

နေလင်းအောင်

Ref; My Mom has only one eye by Unknown Author

ချစ်မေတ္တာ စာစုများ




(၁)    ကောင်မလေးတစ်ယောက်က ကောင်လေးတစ်ယောက်ကို သူမ လှသလားလို့ မေးတော့ ကောင်လေးက “မလှဘူး”လို့ပဲ ပြန်ဖြေလိုက်ပါတယ်။ သူမနဲ့အတူ ထာဝရ နေချင်သလားလို့မေးတော့ ကောင်လေးက “မနေချင်ဘူး”လို့ပဲ ပြန်ဖြေလိုက်ပါတယ်။ အဲဒီနောက် သူမသာ အဝေးကို ထွက်ခွာသွားမယ်ဆိုရင် သူ ငိုမှာလားလို့ မေးလိုက်တော့ ကောင်လေးက “မငိုဘူး”လို့ပဲ ပြန်ဖြေပါတယ်။ ကြားရတာ လုံလောက်နေပြီ ဖြစ်တဲ့အတွက် သူမ အဝေးကိုထွက်ခွာဖို့ လိုအပ်လာပါပြီ။
သူမ အဝေးကို စတင်ထွက်ခွာတဲ့အခါ သူဟာ သူမလက်ကို ဆုပ်ကိုင်လိုက်ပြီး ခဏနေပေးဖို့ ပြောဆိုပါတယ်။ သူက ပြောလာပါတယ်။ “မင်းဟာ မလှဘူး။ ချစ်စရာ ကောင်းတာပါ။ ကိုယ် မင်းနဲ့အတူ ထာဝရ မနေချင်ဘူး။ မင်းနဲ့ ထာဝရ အတူရှိနေဖို့ပဲ လိုအပ်တာပါ။ ပြီးတော့ မင်းအဝေးကို ထွက်ခွာသွားတဲ့အခါ ကိုယ် မငိုပါဘူး။ ဘာကြောင့်လဲဆိုရင် ကိုယ် သေသွားနိုင်လို့ပဲ”
…………………………
(၂)    လူတစ်ဦးဟာ ပန်း(၁၂)ပွင့် ဝယ်လာခဲ့တယ်။ (၁၁)ပွင့်က ပန်းအစစ်တွေဖြစ်ပြီး (၁)ပွင့်ကတော့ ပန်းအတုဖြစ်တယ်။ သူက ပြောလာပါတယ်။ “ပန်းအတုလေး ညှိုးနွမ်းသွားတဲ့အချိန်တိုင်အောင် မင်းကို ချစ်နေမယ်”တဲ့။
…………………………………….
(၃)    တစ်ညမှာ ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက်တို့ဟာ ရုပ်ရှင်ရုံကနေ ကားမောင်းပြန်လာကြတယ်။ အဲဒီနေ့ညက သူတို့နှစ်ဦးအကြား နာကျင်ဖွယ် စိမ်းကားအေးစက်နေမှုကြောင့် ကောင်လေးဟာ တစ်ခုခုတော့ မှားနေပြီလို့ နားလည်လိုက်ပါတယ်။ အဲဒီနောက် ကောင်မလေးက စကားပြောချင်သဖြင့် ကားကို လမ်းဘေးရပ်ပေးဖို့ ကောင်လေးကို ပြောဆိုလိုက်ပါတယ်။ သူမရဲ့ စိတ်ခံစားချက်တွေ ပြောင်းလဲသွားပြီဖြစ်သဖြင့် လမ်းခွဲဖို့ အချိန်ကျရောက်ပြီဖြစ်ကြောင်း ပြောဆိုပါတယ်။
ကောင်ကလေးရဲ့ပါးပြင်မှာ မျက်ရည်တစ်စက် တိတ်တဆိတ် ကျဆင်းလာတယ်။ သူဟာ အိတ်ကပ်ထဲ လက်နှိုက်ပြီး ခေါက်ထားတဲ့ စာရွက်လေးတစ်ရွက်ကို သူမဆီ ကမ်းပေးလိုက်ပါတယ်။
အဲဒီအချိန်မှာပဲ မူးနေတဲ့ ယာဉ်မောင်းတစ်ယောက်ဟာ သူတို့မောင်းနှင်ရာ လမ်းအတိုင်း ကားမောင်းလာခဲ့ပါတယ်။ သူဟာ ညာဘက်ခြမ်း ဒရိုင်ဘာရဲ့ထိုင်ခုံဆီ ကွေ့လိုက်မိတော့ ကောင်ကလေးကို တိုက်မိပြီး ကောင်ကလေး သေဆုံးသွားပါတယ်။
အံ့သြစရာကောင်းတာက ကောင်မလေးဟာ အသက်မသေ ရှင်ကျန်ရစ်ခဲ့ပါတယ်။ စာရွက်လေးကို သူမ သတိရမိတဲ့အခါ ထုတ်ယူပြီး ဖတ်ကြည့်လိုက်ပါတယ်။ “မင်းရဲ့ မေတ္တာကိုသာ မရဘူးဆိုရင် ကိုယ် သေသွားနိုင်တယ်”တဲ့။

…………………………………….
(၄)    ဘက်ကာ အမည်ရှိ ကောင်မလေးနဲ့ ဂျိုး အမည်ရှိ ကောင်လေးတစ်ယောက်တို့ ရှိခဲ့ဖူးတယ်။ ဘက်ကာဟာ မီးလောင်နေတဲ့ အိမ်တစ်လုံးထဲ ရောက်နေတယ်။ မီးဟာ အလွန်အမင်း တောက်လောင်နေတဲ့အတွက်ကြောင့် ဘယ် မီးသတ်သမားမှ အိမ်ထဲ မဝင်ရဲပါဘူး။ ဂျိုးဟာ မီးသတ်ဝတ်စုံတစ်စုံ ကောက်ဝတ်ပြီး အိမ်ထဲ ဝင်လိုက်တယ်။ လှေကားပေါ် သူ တက်လိုက်တဲ့အခါ သူ့အောက်က လှေကားထစ်တွေ ပြုတ်ကျကုန်တယ်။ သူမအခန်းထဲ သူရောက်တဲ့အခါ သူ့နောက်က တံခါးကို အသေပိတ်ပစ်လိုက်တယ်။ သူဟာ သူမကို တင်းကြပ်စွာဖက်၊ အနမ်းပေးပြီးနောက် သူမကိုချစ်ကြောင်း ပြောဆိုပါတယ်။ ဘာဖြစ်နေလို့လဲလို့ သူမကမေးတော့ သူ သေတော့မှာလို့ ဖြေလိုက်ပါတယ်။ သူမ မျက်လုံးတွေ ပြူးကျယ်ဝိုင်းစက်သွားပြီး ငိုရှိုက်ပါတော့တယ်။ သူဟာ သူမကို ပွေ့ချီလိုက်ပြီး လေးထပ်တိုက်ပေါ်က ခုန်ချလိုက်တယ်။ ကောင်မလေးကို သူ့အပေါ်ထားပြီး သူ့ကျောနဲ့ မြေပြင်ပေါ် ကျသွားပါတယ်။ သူမဘဝကို ကယ်ဆယ်ဖို့အတွက် သူ သေသွားခဲ့ရတယ်။
………………………………
(၅)    တစ်ခါက ကောင်မလေးဟာ ကောင်လေးတစ်ယောက်ကို အလွန်ချစ်နေတဲ့အတွက် မေးလိုက်ပါတယ်။ “ကျွန်မ ရှင့်ကို ကြိုက်တယ်လို့ပြောရင် ရှင် ပျက်လုံးတစ်ခုလို့ သဘောထားမှာလား”
“ဟုတ်တယ်။ ကိုယ် ပျက်လုံးလို့ သဘောထားမှာပေါ့”လို့ ကောင်လေးက ဖြေလိုက်တယ်။
“ဘာကြောင့်လဲ”လို့ သူမက မေးတယ်။
“မင်းဟာ ကိုယ့်ကို ကြိုက်နေတာ မဟုတ်ဘူး။ ကိုယ့်အပေါ် မေတ္တာရှိနေတယ်ဆိုတာ သိနေလို့ပေါ့ကွာ”လို့ ကောင်ကလေးက ပြန်ပြောလိုက်တယ်။
……………………………………
(၆)    ကောင်မလေးတစ်ယောက်နဲ့ ကောင်လေးတစ်ယောက်တို့ဟာ တစ်နာရီ (၁၀၀)မိုင်နှုန်း အကျော်ဖြင့် မော်တော်ဆိုင်ကယ်တစ်စီးကို  စီးနေကြပါတယ်။
ကောင်မလေး။      ။အရှိန်လျှော့ပါဦး။ ကျွန်မ ကြောက်လို့ပါ။
ကောင်ကလေး။    ။မလျှော့ချင်ဘူး။ ပျော်စရာ ကောင်းပါတယ်ကွာ။
ကောင်မလေး။      ။ပျော်စရာ မကောင်းပါဘူး။ အတော် ကြောက်စရာ ကောင်းတယ်ရှင့်။
ကောင်ကလေး။    ။ဒါဆိုရင် ကိုယ့်ကို ချစ်တယ်လို့ပြောလေ။
ကောင်မလေး။      ။ကောင်းပါပြီ… ကျွန်မ ရှင့်ကို ချစ်တယ်။ အရှိန်လျှော့တော့လေ။
ကောင်လေး။        ။ခု ကိုယ့်ကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်။ (ကောင်မလေးက ကောင်လေးကို ဖက်လိုက်တယ်။)
ကောင်လေး။        ။ကိုယ့်ခေါင်းက ဦးထုပ်ဖြုတ်ယူပြီး မင်းပဲ ဆောင်းလိုက်ပါလား။ ဒီဦးထုပ်က ကိုယ့်ကို အနှောင့်အယှက်ဖြစ်နေတယ်။
နောက်တစ်နေ့သတင်းစာတွင် ဒီလိုပါရှိပါတယ်။
မော်တော်ဆိုင်ကယ်တစ်စင်းဟာ ဘရိတ်ကျိုးပေါက်မှုကြောင့် အဆောက်အဦးတစ်ခုကို ဝင်တိုက်မိသွားပါတယ်။ ဆိုင်ကယ်ပေါ်မှာ လူနှစ်ဦးပါရှိတယ်။ ဒါပေမယ့် တစ်ဦးပဲ အသက်ရှင်ကျန်ရစ်တယ်။
တကယ်တော့ အဆင်းလမ်းတစ်ဝက်မှာ ကောင်ကလေးဟာ ဘရိတ်ကျိုးပေါက်သွားပြီဖြစ်ကြောင်း သိလာပေမယ့် ကောင်မလေးကိုတော့ မသိစေချင်မိပါဘူး။ နောက်ဆုံးအချိန်မှာ သူ့ကိုချစ်ကြောင်း ပြောခိုင်းပြီး ကောင်မလေးရဲ့ သိုင်းဖက်မှုကို ခံလိုက်ပါတယ်။ အဲဒီနောက် သူ သေသွားခဲ့မယ်ဆိုရင်တောင် ကောင်မလေး မသေဆုံးစေဖို့အတွက် သူမကို သူရဲ့ဦးထုပ် ဆောင်းခိုင်းလိုက်ခြင်း ဖြစ်ပါတယ်။
နေလင်းအောင်
Ref; Romantic Love Message by Unknown Author

ပြောချင်ရာများ ပြောခဲ့ဖို့...