Tuesday, May 1, 2012

မေတ္တာပုံပြင်တစ်ပုဒ်

နေလင်းအောင်

                တစ်ခါတုန်းက ခံစားချက်အားလုံး နေထိုင်ကြတဲ့ ကျွန်းတစ်ကျွန်းရှိခဲ့တယ်။  ပျော်ရွှင်မှု(Happiness)၊ ဝမ်းနည်းမှု(Sadness)၊ ဗဟုသုတ(Knowledge)နဲ့ မေတ္တာတရား (Love) စသည်ဖြင့်ပေါ့။ တစ်နေ့မှာတော့ ကျွန်းဟာ ရေနစ်မြှုပ်တော့မည်ဖြစ်ကြောင်း ခံစားချက်အားလုံးကို ကြေငြာပါတယ်။ ဒါ့ကြောင့် သူတို့အားလုံးဟာ လှေကိုယ်စီဖြင့် ထွက်ခွါသွားရန် ပြင်ဆင်ကြတော့တယ်။
               `မေတ္တာတရား'ကတော့ နောက်ဆုံးအချိန်ရောက်သည့်တိုင်အောင် ကျွန်းပေါ်မှာပဲ နေထိုင်နေခဲ့တယ်။ ကျွန်းဟာ ရေနှစ်မြှုပ်လုနီးပါး ဖြစ်တဲ့အခါမှသာ အကူအညီတောင်းဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။ 'ချမ်းသာမှု'က ခမ်းညားတဲ့ လှေတစ်စင်းနဲ့ 'မေတ္တာတရား'ဘေးမှာ ဖြတ်သန်းသွားခဲ့တယ်။' မေတ္တာတရား'က "ချမ်းသာမှုရေ... ကျွန်တော့်ကို ခေါ်ဆောင်သွားပါ" လို့ အော်ပြောလိုက်တယ်။ 'ချမ်းသာမှု'က" မခေါ်နိုင်ဘူးဗျ။ ကျွန်တော့်လှေထဲမှာ ရွှေတွေ၊ ငွေတွေ အမြောက်အမြားရှိနေတယ်။ ခင်ဗျားအတွက် နေရာလွတ် မရှိတော့ပါဘူး" လို့ ပြန်ဖြေပါတယ်။
'မေတ္တာတရား'က လှပတဲ့ လှေတစ်စင်းနဲ့ ဖြတ်သန်းသွားတဲ့ 'မာနတရား'ကို အကူအညီတောင်းကြည့်ဖို့ ဆုံးဖြတ်လိုက်ပြန်တယ်။
                  "မာနတရားရေ...ကျေးဇူးပြုပြီး ကျွန်တော့်ကို ကူညီပါနော်"
                 "မကူညီနိုင်ဘူးဗျာ။ ခင်ဗျားတစ်ကိုယ်လုံး စိုရွှဲနေတဲ့အတွက် ကျွန်တော့်လှေ နစ်မြှုပ်ပါလိမ့်မယ်" လို့ 'မာနတရား'က ပြန်ဖြေလိုက်ပါတယ်။
                 'ဝမ်းနည်းမှု' သူ့အနီးရောက်လာတဲ့အခါ 'မေတ္တာတရား'က အကူအညီတောင်းပြန်တယ်။
                 "ဝမ်းနည်းမှုရေ... ကျွန်တော့်ကို ခင်ဗျားနဲ့အတူ ခေါ်ဆောင်သွားပါလား။"
                  "အို...မေတ္တာတရား... စိတ်မကောင်းပါဘူးဗျာ။ ကျွန်တော့်တစ်ယောက်တည်းပဲ သွားပါရစေနော်" လို့ 'ဝမ်းနည်းမှု'က ပြန်ပြောလိုက်တယ်။
                 'မေတ္တာတရား'ဘေးမှာ 'ပျော်ရွှင်မှု'က ဖြတ်သန်းသွားပြန်တယ်။ သူမဟာ အလွန်ပျော်ရွှင်နေတဲ့အတွက် 'မေတ္တာတရား'ပြောဆိုသည်ကို မကြားလိုက်ပါဘူး။
                 ဒီအချိန်မှာ အသံတစ်သံ ရုတ်တရက် ပေါ်လာတယ်။ "မေတ္တာတရားရေ.... ဒီကိုလာခဲ့ပါ။ ခင်ဗျားကို ကျွန်တော်ခေါ်ဆောင်သွားပါမယ်"
                 ဒီစကား ပြောဆိုသူက သူ့ထက် အသက်ပိုကြီးတဲ့ လူတစ်ဦးပါ။ 'မေတ္တာတရား'က အလွန်ဝမ်းမြောက်သွားတဲ့အတွက် သူ့နာမည်မေးရန် လုံးဝမေ့သွားတယ်။ သူတို့နှစ်ဦး ခြောက်သွေ့တဲ့ ကမ်းခြေပေါ် ရောက်တဲ့အခါ သူ့ထက်အသက်ကြီးသူက သူ့လမ်းကို ဆက်လက်ထွက်ခွာသွားတယ်။
'မေတ္တာတရား'က ထို့သူကို ကျေးဇူးကြွေးတင်နေကြောင်း သိလာတဲ့အခါ အနီးမှာရှိတဲ့ လူကြီးတစ်ဦးဖြစ်တဲ့ 'ဗဟုသုတ'ကို မေးမြန်းစုံစမ်းတယ်။
                "ကျွန်တော့်ကို ကူညီပေးခဲ့တာ ဘယ်သူလဲဗျာ"
                "အဲဒါ အချိန်ကာလပေါ့" လို့ 'ဗဟုသုတ'က ဖြေပါတယ်။
                "အချိန်ကာလ... ဟုတ်လား။ကျွန်တော့်ကို ဘာ့ကြောင့်များ ကူညီပေးရတာလဲ"လို့ 'မေတ္တာတရား'က မေးပြန်တယ်။
                 'ဗဟုသုတ'က လေးလေးနက်နက်ပြုံးကာ ပြောဆိုပါတယ်။
                 "အကြောင်းကတော့ 'အချိန်ကာလ'ကသာ ကြီးကျယ်မြင့်မြတ်တဲ့ 'မေတ္တာတရား'ကို နားလည်ပေးနိုင်တဲ့အတွက်ကြောင့်ပါ" တဲ့။

စဉ်းစားဆင်ခြင်စရာ

                  တစ်စုံတစ်ဦးက မိမိမေတ္တာတရားကို နားလည်သဘောပေါက်ခြင်း မရှိတဲ့အခါ ဝမ်းနည်းစိတ်မကောင်း မဖြစ်ပါနဲ့။ အချိန်ကာလက နားလည်သဘောပေါက်လာအောင် ဖြေရှင်းပေးပါလိမ့်မယ်။

နေလင်းအောင်ဘာသာပြန်ဆိုသည်။

Ref; A Love Story by Sir Dave ...from Aiken Drum

nla2012.blogspot.com

No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...