နေလင်းအောင်
တစ်ခါတုန်းက လယ်မြေချင်းကပ်လျက် နေထိုင်လုပ်ကိုင်ကြတဲ့ ညီအစ်ကိုနှစ်ဦးဟာ စကားများရန်ဖြစ်ကြတယ်။ ဒါဟာ သူတို့နှစ်ဦးကြား ပထမဆုံးနဲ့ အပြင်းထန်ဆုံး သဘောကွဲလွဲမှုပါ။ ဒီမတိုင်မီကတော့ သူတို့နှစ်ဦးဟာ စက်ကိရိယာ၊ လုပ်အား၊ ကုန်ပစ္စည်းတွေ ဝေမျှသုံးစွဲရင်း နေထိုင်ခဲ့ကြတာ နှစ်ပေါင်းလေးဆယ်ကြာမြင့်ခဲ့တယ်။
ဒီနောက်မှာတော့ အချိန်အတော်ကြာ ချစ်ချစ်ခင်ခင် နေထိုင်ဆက်ဆံမှုဟာ ပြိုကွဲပျက်စီးသွားတယ်။ အထင်လွဲမှားမှုကြောင့် ဖြစ်ပေါ်ခဲ့တဲ့ကိစ္စကလေးဟာ နေ့ချင်းညချင်း ပြဿနာကြီးအဖြစ် ကြီးထွားလာခဲ့တယ်။ နောက်ဆုံးမှာတော့ ညီအစ်ကိုနှစ်ဦးဟာ တစ်ဦးကိုတစ်ဦး နာကြည်းမုန်းတီးစေမဲ့ စကားတွေပြောဆိုရင်း ရက်သတ္တပတ်အတော်ကြာ မခေါ်မပြောကြတော့ပါဘူး။
တစ်မနက်မှာတော့ အစ်ကိုဖြစ်သူရဲ့အိမ်တံခါးမှာ ခေါက်သံပေါ်လာခဲ့တယ်။ တံခါးဖွင့်ကြည့်လိုက်တဲ့အခါ လက်သမားသုံး ပစ္စည်းကိရိယာများပါရှိသည့် သေတ္တာတစ်လုံးကို ဆွဲကိုင်ထားတဲ့ လူတစ်ဦးကို တွေ့ရတယ်။ ထိုသူက ပြောလာပါတယ်။
" ကျွန်တော် ရက်အနည်းငယ်လုပ်ဖို့ အလုပ်ရှာနေတာပါ။ ခင်ဗျားဆီမှာ အလုပ်အကိုင် ရှိနိုင်ကောင်းပါရဲ့။ ကျွန်တော့်အတွက် အလုပ်ပေးနိုင်မလား"
"ရှိတာပေါ့"လို့ အစ်ကိုဖြစ်သူက ပြောပါတယ်။ "ခင်ဗျားအတွက် ကျွန်တော်မှာ အလုပ်ရှိပါတယ်။ ချောင်းဟိုဘက်မှာရှိတဲ့ လယ်ကွင်းပြင်ကို ကြည့်လိုက်စမ်းပါ။ ဒါဟာ ကျွန်တော်ရဲ့ အခင်းနားချင်းပေါ့။ တစ်ကယ်တော့ အဲ့ဒီအခင်းပိုင်ရှင်ဟာ ကျွန်တော့်ညီငယ်တစ်ဦးပါ။ ပြီးခဲ့တဲ့အပတ်ထိ ကျွန်တော်တို့အခင်းနှစ်ခုကြားမှာ ချိုင့်ဝှမ်းတစ်ခုရှိနေခဲ့တယ်။ ကျွန်တော်ညီဟာ မြစ်ကမ်းဘေးရှိ တာတမံကို ဘူဒိုဆာနဲ့ ဖြိုဖျက်ရင်း ချောင်းကလေးဖြစ်အောင် ပြုလုပ်ခဲ့တယ်။ ဒါဟာ ကျွန်တော့်ကို စိတ်အနှောင့်အယှက်ဖြစ်အောင် လုပ်တာပဲဖြစ်ရမယ်။ ကျွန်တော်ကလည်း သူ့ထက်ပိုကောင်းအောင် အနှောင့်အယှက်ပေးချင်တယ်။ စပါးကျီဘေးမှာ စုပုံထားတဲ့ သစ်သားပုံကို တွေ့တယ်မို့လား။ ကျွန်တော့်အတွက် ရှစ်ပေလောက်မြင့်တဲ့ ခြံစည်းရိုးတစ်ခု တည်ဆောက်ပေးစေချင်ပါတယ်။ ဒါမှ ကျွန်တော့်ညီရဲ့နေရာကို မမြင်ရတော့မှာ။ သူ့ကိုလည်း တစ်နည်းနည်းနဲ့ စိတ်အနှောင့်အယှက် ဖြစ်စေတာပေါ့်"
လက်သမားဆရာက " ကျွန်တော် နားလည်ပါတယ်ဗျာ။ ကျွန်တော့်ကို သံချောင်းတွေနဲ့ တွင်းတူးဖို့ စက်ကိရိယာတွေပေးပါ။ ခင်ဗျား စိတ်ကျေနပ်အောင် ပြုလုပ်ပေးပါမယ်"လို့ ပြောလိုက်ပါတယ်။
အစ်ကိုဖြစ်သူဟာ မြို့တက်ပြီး လိုအပ်သည့်ပစ္စည်းများ ဝယ်ယူပါတယ်။ သူဟာ လက်သမားဆရာကို လိုအပ်သည့်ပစ္စည်းများ အဆင်သင့်ဖြစ်အောင် ကူညီပေးပြီးနောက် ကိစ္စတစ်ခုကြောင့် ထိုနေ့တစ်နေ့လုံး အိမ်မှထွက်သွားရတယ်။
လက်သမားဆရာဟာ ပေကြိုးတိုင်းခြင်း၊ လွှဖြတ်ခြင်း၊ သံရိုက်ခြင်းစသည်ဖြင့် တစ်နေကုန် အလုပ်ရှုပ်နေခဲ့တယ်။
နေဝင်ခါနီး လယ်သမားပြန်ရောက်တဲ့အခါ လက်သမားဆရာဟာ သူ့အလုပ်အားလုံး ပြီးစီးနေပါပြီ။ လယ်သမားကတော့ မျက်လုံးအစုံ ပြူးကျယ်ရင်း ခေါင်းငိုက်စိုက်ကျသွားတယ်။
အဲဒီမှာက ခြံစည်းရိုးမဟုတ်ဘဲ တံတားတစ်စင်း ရှိနေခဲ့တာပါ။ ချောင်းကလေးကိုဖြတ်ကျော်ရင်း တည်ဆောက်ထားတဲ့ တံတားလေးတစ်စင်းပေါ့။ ကောင်းမွန်လှပတဲ့ လက်ကိုင်တန်းလေးလည်း ပါရှိပါသေးတယ်။ သူ့ညီဟာ လက်ကိုဆန့်တန်းရင်း တံတားပေါ်ဖြတ်ကျော်လာတာ တွေ့မြင်လိုက်ပါတယ်။
"အစ်ကိုဟာ သိပ်ကို သဘောထားကြီးတာပဲ။ ကျွန်တော် ပြောဆိုခဲ့၊ လုပ်ကိုင်ခဲ့သမျှကို လုံးဝဗွေမယူဘဲ ခုလို တံတားတစ်စင်း တည်ဆောက်ပေးခဲ့တယ်နော်"
ညီအစ်ကိုနှစ်ဦးဟာ တံတားအစွန်း နှစ်ဘက်စီမှ လျောက်လှမ်းလာကြရင်း တံတားအလယ် ရောက်တဲ့အခါ လက်ဆွဲနှုတ်ဆက်လိုက်ကြတယ်။ သူတို့နှစ်ဦး လက်သမားဆရာဘက် လှည့်ကြည့်လိုက်တဲ့အခါ ကိရိယာများပါရှိသည့် သေတ္တာကို ကောက်ထမ်းနေကြောင်း တွေ့ရတယ်။ အစ်ကိုဖြစ်သူက " ဟို...ခဏစောင့်ပါဦးဗျာ။ ရက်အနည်းငယ်လောက် ဆက်နေပေးပါလား။ ကျွန်တော့်မှာ ခင်ဗျားအတွက် အလုပ်တွေ ရှိပါသေးတယ်" လို့ အော်ပြောလိုက်တယ်။
ဒီအခါ လက်သမားဆရာက ပြန်ပြောပါတယ်။
" ကျွန်တော် ဆက်ပြီး နေချင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်မှာ ဆက်သွယ်ပေါင်းကူးပေးမဲ့ တံတားအမြောက်အများ တည်ဆောက်ပေးစရာ ရှိနေပါသေးတယ်ဗျာ "
စဉ်းစားဆင်ခြင်စရာ
တစ်မိတည်းမှာပေါက်ဖွားတဲ့ ညီအစ်ကိုအချင်းချင်းပင် တစ်ခါတစ်ရံ စကားများရန်ဖြစ်ရင်း မခေါ်မပြောချင်တော့လောက်အောင် ဖြစ်သွားတတ်ပါသေးတယ်။ ဘဝလမ်းကို လျောက်လှမ်းရာမှာလည်း လူအမျိုးမျိုးနဲ့ တွေ့ဆုံကြုံကြိုက်ရင်း စကားများရန်ဖြစ်တာမျိုး ဖြစ်တတ်ပါတယ်။ အဲဒီအခါမျိုးမှာ တစ်ဦးကိုတစ်ဦး ခွဲခြားစေတဲ့ အထင်လွဲမှားမှု ချောင်းကလေးကို နားလည်ခွင့်လွှတ်ပေးမှုဆိုတဲ့ တံတားလေး ခင်းပေးလိုက်ဖို့လိုပါတယ်။
နေလင်းအောင် ဘာသာပြန်ဆိုသည်။
Ref; A Carpenter's Gift by Unknown.
No comments:
Post a Comment