Tuesday, May 29, 2012

ခန္ဒာကိုယ်ရဲ့ အရေးအကြီးဆုံးအစိတ်အပိုင်း



People will forget what you said.
People will forget what you did.
But people will NEVER forget how you made them feel.

 သင် ပြောခဲ့တဲ့စကားတွေ လူတွေမေ့သွားလိမ့်မယ်…
သင်လုပ်ခဲ့တဲ့အရာတွေ လူတွေမေ့သွားလိမ့်မယ်…
ဒါပေမဲ့…
သင်ပေးခဲ့တဲ့ စိတ်ခံစားမူတွေကိုတော့ လူတွေ မေ့လိမ့်မည်မဟုတ်ပါဘူး။
နေလင်းအောင်

            “ခန္ဓာကိုယ်ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းဆိုတာ ဘာလဲ” လို့ အမေက ကျွန်တော့်ကို မကြာခဏ မေးလေ့ရှိခဲ့ပါတယ်။ နှစ်ပေါင်းအတော်ကြာပင် အဖြေမှန်ရဖို့ စဉ်းစားမှန်းဆခဲ့ရတယ်။
             ကျွန်တော် ကလေးဘဝတုန်းက အသံဟာ လူသားတွေအတွက် အရေးအကြီးဆုံးလို့ တွေးထင်ခဲ့မိတဲ့အတွက် “အမေ.... ကျွန်တော်တို့နားတွေလေ”လို့ ပြောခဲ့ပါတယ်။ 
            “မဟုတ်သေးဘူး သားရေ.. လူအများစုက နားပင်းနေကြတယ်။ သား အဖြေမှန်ရအောင် ဆက်ပြီးစဉ်းစားထားပါ။ နောင်မကြာမီ သားကို မေးပါအုံးမယ်” လို့အမေက ပြောတယ်။ အမေ နောက်တစ်ကြိမ်မမေးမှီ နှစ်ပေါင်းအတော်ကြာ ကုန်ဆုံးသွားပြန်တယ်။ ကျွန်တော်ဟာ ပထမဆုံးအကြိမ် မှားပြီးကတည်းက မဖြေမှန်ကို စဉ်းစားလို့ရခဲ့ပါတယ်။
            ဒါကြောင့် နောက်တစ်ကြိမ်မှာတော့ “ အမေ.... အမြင်အာရုံက လူသားတိုင်းအတွက် အလွန်ကို အရေးကြီးတယ်။ အရေးကြီးတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းဆိုတာ မျက်လုံးတွေဖြစ်ရမယ်” လို့ပြောပြခဲ့ပါတယ်။
           အမေက ကျွန်တော်ကိုကြည့်ကာ “ သားက အလျင်စလို လေ့လာထားတာပဲ။ အဖြေကတော့ မမှန်သေးဘူး။ (မျက်စိပါပေမဲ့ )  မမြင်တတ်တဲ့သူတွေ အများကြီးရှိနေလို့ပါ” လို့ပြောခဲ့ပါတယ်။
          ကျွန်တော်ဟာ နောက်တစ်ကြိမ်မှားလို့ စိတ်ရှုပ်သွားပြီးနောက် အဖြေမှန်ရဖို့ ဆက်လက်စဉ်းစား ရှာဖွေခဲ့ပါတယ်။ နှစ်ပေါင်းအတော်ကြာပင် အမေက ဒီမေးခွန်းကိုပဲ မကြာခဏမေးခဲ့ပြီး အကြိမ်တိုင်းမှာ အမေရဲ့အဖြေကတော့ “မမှန်သေးဘူးသားရေ ... ဒါပေမဲ့ သားရဲ့ အဖြေဟာ တစ်နှစ်ထက်တစ်နှစ် ပိုကောင်းလာပါတယ်”တဲ့။
         ဒီလိုနဲ့ မနှစ်ကတော့ ကျွန်တော့်အဘိုး သေဆုံးခဲ့တယ်။ လူတိုင်း ဝမ်းနည်းပူဆွေးပြီး ငိုကြွေးကြတယ်။ ကျွန်တော့်အဖေရော ငိုခဲ့ပါတယ်။ အဖေငိုတာ ဒုတိယအကြိမ် ဖြစ်တဲ့အတွက် ဒီ အဖြစ်အပျက်ကို အထူးသတိရနေမိတယ်။ အဘိုးကို နောက်ဆုံးနှုတ်ဆက် စကားဆိုဖို့ ကျွန်တော်တို့ အလှည့် ရောက်တဲ့အခါမှာတော့ အမေက ကျွန်တော့်ကို လှည့်ကြည့်ရင်း မေးလိုက်ပါတယ်။
        "ချစ်တဲ့သားလေး ၊ ခန္ဓာကိုယ် ရဲ့ အရေးအကြီးဆုံးအပိုင်းကို အခုထက်ထိ မသိသေးဘူးလား"
         ဒီမေးခွန်းကို အခုလို အသုဘအခမ်းအနားမျိုးမှာ  မေးတဲ့အတွက် တုန်လှုပ်သွားမိတယ်။ ဒီမေးခွန်းက ကျွန်တော်နဲ့ အမေအကြား ကစားပွဲတစ်ခုလို့  အမြဲလိုလို တွေးနေခဲ့မိတယ်။
         ကျွန်တော့်မျက်နှာမှာ စိတ်ရှုပ်တဲ့အရိပ်အယောင် အမေတွေ့တဲ့အခါ ကျွန်တော့်ကိုပြောပါတယ်။
" ဒီမေးခွန်းက အလွန်ကိုအရေးကြီးတယ်။  ဒီမေးခွန်းကြောင့် သားဟာ တစ်ကိုယ်ကောင်းဆန်စွာ ဘ၀မှာရှင်သန်နေထိုင်ခဲ့တယ်ဆိုတာ သိရတယ်။ ယခင်အကြိမ် တွေတုန်းက သားပြောခဲ့တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ မှားနေကြောင်းနဲ့ ဘာကြောင့်မှားရတယ်ဆိုတာ ဥပမာပေးပြီး အမေရှင်းပြခဲ့တယ်။ ဒါပေမဲ့ ဒီနေ့တော့ ဒီအရေးကြီးတဲ့သင်ခန်းစာကို သားသိဖို့လိုအပ်တယ်"
မေမေဟာ ကျွန်တော့်ကို အထင်သေးသလို ကြည့်လိုက်ပေမဲ့ မိခင်တစ်ဦးရဲ့ မေတ္တာနဲ့ပါ။မေမေရဲ့ မျက်ဝန်းမှာတော့ မျက်ရည်တွေနဲ့ပေါ့..။
        " ချစ်တဲ့သားလေး ခန္ဓာကိုယ်ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းဆိုတာ သားရဲ့ပခုံးတွေပဲ" လို့မေမေက ပြောတယ်။
        " ကျွန်တော့်ခေါင်းကို ထိန်းပေးထားလို့လားမေမေ"  လို့ ကျွန်တော်က မေးခဲ့တယ်။
        " မဟုတ်ဘူးသားရေ ။ ပုခုံးဆိုတာ သူငယ်ချင်းတစ်ဦး ဒါမှမဟုတ် ချစ်သူတစ်ဦး ၀မ်းနည်းပူဆွေး ငိုကြွေးမိတဲ့အခါ သူတို့ရဲ့ ခေါင်းတွေမှီခိုအားထားနိုင်တဲ့ အတွက်ကြောင့်ပါ။ ဘ၀တစ်ချိန်ချိန်မှာ လူတိုင်းဟာ မှီခိုငိုကြွေးဖို့ ပုခုံးတွေ လိုအပ်တတ်ပါတယ်။ သားလိုအပ်တဲ့အခါတိုင်း မှီခိုငိုကြွေးဖို့ ပုခုံးတွေကို ခွင့်ပြုပေးတဲ့ သူငယ်ချင်းမိတ်ဆွေတွေ၊ ချစ်သူတွေ အလုံအလောက်ရှိ လိမ့်မယ်ထင်ပါတယ်" လို့ မေမေကပြောတယ်။           
         ဒီနောက်မှသာ ခန္ဓာကိုယ်ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းဆိုတာ တစ်ကိုယ်ကောင်းမဆန်တဲ့ အပိုင်းလို့ သိလာရပါတော့တယ်။
စဉ်းစားဆင်ခြင်စရာ
ကျွန်တော်တို့ဟာ မိမိကိုယ်တိုင် နေမကောင်းဖြစ်နေတဲ့အခါ၊ အလုပ်တစ်ခု မအောင်မြင်လို့ ဝမ်းနည်းစိတ်မကောင်း ဖြစ်နေတဲ့အခါ၊ တစ်စုံတစ်ခုကြောင့် စိတ်ဓာတ်ကျဆင်းနေတဲ့အခါမျိုးမှာ အခြားသူများရဲ့ နှစ်သိမ့်အားပေးမှုကို မျှော်လင့်တောင့်တ နေတတ်ပါတယ်။ ကိုယ်တိုင်ကတော့ အခြားသူများ လိုအပ်နေတဲ့အချိန်မှာ အားပေးစကားလေး တစ်ခွန်းလောက်ပြောဖို့ ပင် နှုတ်ဆွံ့နေတတ်တယ်။
အခြားသူများ လိုအပ်နေတတ်အခါတိုင်း အားပေးစကားတစ်ခွန်း၊ ချီးကျူးစကားတစ်ခွန်း ပြောဆိုဖို့ မမေ့စေချင်ပါ။ အားပေးစကားတစ်ခွန်းကြောင့် ဘဝမှာ အောင်မြင်မှုရသွားသူတွေ အများကြီးရှိပါတယ်။ပထမဆုံး သင်က အခြားသူများ လိုအပ်နေတဲ့အခါတိုင်း အားပေးနှစ်သိမ့်ပေးဖို့၊မှီခိုအားထားစရာ ပုခုံးလေးပေးလိုက်ဖို့ လိုအပ်ပါတယ်။ ဒါဆိုရင် အခြားသူများကလည်း သင်လိုအပ်တဲ့အခါတိုင်း ပြန်ပြီး နှစ်သိမ့်အားပေးပါလိမ့်မယ်။
နေလင်းအောင် ဘာသာပြန်ဆိုသည်။
Ref; The Most Important Body Part by Unknown
Labels;ဘာသာပြန်ရသ
   

No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...