နေလင်းအောင်
တစ်ခါက မင်းသမီးတစ်ဦးရှိခဲ့တယ်။ သူမရဲ့မျက်လုံးမှာ သာမန်ရောဂါ ဝေဒနာတစ်ခုရှိနေသော်လည်း အလွန်အမင်း ဆိုးရွားနေတယ်လို့ ခံစားနေရတယ်။ သူမဟာ ဘုရင့်သမီးတော် တစ်ပါးဖြစ်သဖြင့် အစစအရာရာ အလိုလိုက်ခံရပြီး ကလေးဆိုးတစ်ယောက်လို ဖြစ်နေခဲ့တယ်။ တစ်ချိန်လုံး မျက်စိဝေဒနာနဲ့ ပတ်သက်ပြီး အော်ငိုနေခဲ့တယ်။ သမားတော်ကြီးများက ဆေးကုပေးဖို့ ကြိုးစားကြသော်လည်း သူမက မည်သည့်ဆေးကုသမှုကိုမှ လက်မခံခဲ့ပေ။ သူမမျက်လုံးရှိ ဝေဒနာဖြစ်ပေါ်ရာ နေရာကိုပဲ အချိန်ရှိသရွေ့ လက်ဖြင့်ကိုင်နေခဲ့တယ်။ ဒီလိုနဲ့ ရောဂါဝေဒနာဟာ ပိုပြီးဆိုးရွားလာတယ်။ နောက်ဆုံးမှာတော့ ဘုရင်ကြီးက သူ့သမီးရဲ့ ရောဂါဝေဒနာကို ကုသပေးနိုင်သူ မည်သူ့ကိုမဆို ဆုငွေအမြောက်အများ ချီးမြှင့်ပေးမယ်လို့ အမိန့်ထုတ်ပြန်ခိုင်းတယ်။ ရက်အနည်းငယ်အကြာတွင် လူတစ်ဦးက သူ့ကိုယ်သူ နာမည်ကျော် သမားတော်တစ်ဦးဖြစ်သည်ဆိုကာ ဘုရင့်ရှေ့တော်မှောက် ရောက်လာခဲ့တယ်။ တစ်ကယ်တော့ သူဟာ သမားတော်တစ်ဦးမဟုတ်ဘဲ သာမန်ပြည်သူတစ်ယောက်မျှသာ ဖြစ်ပါတယ်။
သူဟာ ဘုရင့်သမီးတော်ရဲ့ ရောဂါဝေဒနာကို လုံးဝပျောက်ကင်းအောင် ကုသပေးနိုင်တယ်လို့ လျှောက်ထားတဲ့အတွက် ဘုရင်ကြီးက သမီးတော်ရှိရာအခန်းကို ဝင်ရောက်ခွင့်ပြုလိုက်တယ်။ သမီးတော်ကို စစ်ဆေးကြည့်ရူပြီးတဲ့အခါ " အို... သိပ်ကို သနားစရာကောင်းတဲ့ မင်းသမီးလေးပဲ" လို့ သူက တအံ့တသြ ရေရွတ်လိုက်တယ်။ "ဘာဖြစ်လို့လဲ" လို့ မင်းသမီးလေးကစုံစမ်းမေးမြန်းတယ်။ သမားတော်ဟန်ဆောင်သူက " အရှင့်သမီးတော်ရဲ့ မျက်လုံးမှာ ဘာပြဿနာမှ မရှိပါဘူး။ ဒါပေမဲ့ တစ်ခြားတစ်နေရာမှာ ဒီထက်ပိုဆိုးတဲ့ ပြဿနာတစ်ခုရှိနေတယ်" လို့ လျောက်တင်လိုက်တယ်။ ဒီအခါ မင်းသမီးလေးက အလွန်ထိတ်လန့်သွားပြီး " သိပ်ကိုဆိုးတဲ့ ပြဿနာက ဘာလဲ" လို့ မေးမြန်းစုံစမ်းတယ်။ သူဟာ ပြောသင့်မပြောသင့် ဇဝေဇဝါ ဖြစ်နေပြီးနောက် "တစ်ကယ်ကိုဆိုးတဲ့ ပြဿနာပါ။ အရှင့်သမီးတော်ကို ကျွန်တော်မျိုး ပြောမပြသင့်ပါဘူး" လို့ လျောက်တင်လိုက်တယ်။ သမီးတော်က ပြောပြဖို့ အတင်းအကြပ်တောင်းဆိုသော်လည်း သူဟာ ဘုရင်ကြီးထံမှ ခွင့်ပြုချက်မရလျင် မပြောဆိုနိုင်ကြောင်း လျောက်ထားလိုက်တယ်။
ဘုရင်ကြီး ကြွရောက်လာတဲ့အခါ သမားတော်ဖြစ်သူက သူ့ရဲ့တွေ့ရှိမှုကို ပြောပြဖို့ ငြင်းဆိုနေသေးတယ်။ နောက်ဆုံးမှာတော့ ဘုရင်ကြီးက " ဘာပြဿနာလဲဆိုတာ ငါ့ကိုယ်တော်မြတ်ကို ပြောပြပါ။ ဘယ်လောက်ပင် ဆိုးရွားတဲ့ ပြဿနာမျိုးဖြစ်နေပါစေ၊ ပြောကို ပြောရပါမယ်" လို့ အမိန့်ပေးလိုက်တယ်။ နောက်ဆုံးမှာတော့ သူဟာ ပြဿနာကို စတင် ပြောပြပါတော့တယ်။
" ကောင်းပါပြီ... အရှင်မင်းမြတ်။ မျက်စိဝေဒနာကတော့ ရက်အနည်းငယ်အတွင်း ပျောက်သွားပါလိမ့်မယ်။ တစ်ကယ်တော့ ဒါဟာ ပြဿနာကြီးမဟုတ်ပါ။ ဒီထက်ဆိုးတဲ့ ပြဿနာကတော့ အရှင့်သမီးတော်မှာ အမြီးတစ်ချောင်း ပေါက်လာလိမ့်မယ်။ အဲ့ဒီအမြီးက အနည်းဆုံး (၁၆) မီတာနီးပါး ရှည်လာပါလိမ့်မယ်။ သိပ်မကြာမီ ရက်အနည်းငယ်အတွင်း အမြီးပေါက်လာလိမ့်မယ်။ အမြီးစပေါက်စဉ် သတိထားမိမယ်ဆိုရင်တော့ ဆက်လက်ပြီး ရှည်မလာအောင် ကျွန်တော်မျိုး စီမံပေးနိုင်ပါတယ်"
ဒီသတင်း ကြားတဲ့အခါ နန်းတွင်းသူ နန်းတွင်းသားတွေဟာ အလွန်စိုးရိမ်သွားခဲ့တယ်။ မင်းသမီးလေးလည်း စိုးရိမ်သောက ရောက်နေခဲ့တယ်။သူမက နေ့ညရှိသရွေ့ အိပ်ယာထဲမှာပဲ လဲလျောင်းနေတော့တယ်။ သူမရဲ့ စိတ်အာရုံကတော့ ဘယ်အချိန်မှာ အမြီးပေါက်လာမလဲဆိုတာကိုပဲ တွေးနေတော့တယ်။ ဒီလိုနဲ့ မျက်စိဝေဒနာကို မေ့နေပြီး မျက်လုံးကို ကိုင်ဖို့ သတိမရတာကြောင့် ရက်အနည်းငယ်အကြာမှာ မျက်စိဝေဒနာ ပျောက်ကင်းသွားတော့တယ်။
တွေးတောဆင်ခြင်စရာ
ဒီပုံပြင်ကတော့ ကျွန်တော်တို့ရဲ့တုန့်ပြန်မှုကို ပြသပါတယ်။ ကျွန်တော်တို့ဟာ သာမန်အသေးအဖွဲ့ ပြဿနာလေးတွေကို ဇာချဲ့ပြီး ပြဿနာကြီးအဖြစ် ဖန်တီးနေတတ်ပါတယ်။ ပြဿနာတစ်ခု ပေါ်ပေါက်လာတဲ့အခါ အဲ့ဒီပြဿနာကိုပဲ တွေးနေမယ်ဆိုရင်တော့ ပိုပြီးဆိုးလာပါလိမ့်မယ်။ ပြဿနာကို မေ့ပျောက်ပြီး အခြားပျော်ရွှင်စရာတစ်ခုခုနဲ့ အစားထိုးခြင်းဖြင့် မိမိကိုယ်ကို စိတ်ပျော်ရွှင်ချမ်းမြေ့အောင် နေထိုင်တတ်ဖို့လိုပါတယ်။
နေလင်းအောင် ဘာသာပြန်ဆိုသည်။
Ref; The Tail -viewonbuddhism.org
Labels: ဘာသာပြန်ရသ
No comments:
Post a Comment