Tuesday, May 1, 2012

ချမ်းသာခြင်း၊ အောင်မြင်ခြင်းနှင့် ချစ်ခြင်းမေတ္တာ

နေလင်းအောင်

           အမျိုးသမီးတစ်ဦးသည် အိမ်ပြင်ထွက်လိုက်သောအခါ အဖြူရောင် မုတ်ဆိတ်မွေးရှည်များရှိသော လူသုံးဦးကို တွေ့မြင်လိုက်ပါသည်။ သူမသည် ထိုသူသုံးဦးကို သိရှိခင်မင်ခြင်းမရှိပေ။ "ကျွန်မ ရှင်တို့ကို မသိဘူးထင်ပါတယ်။ ဒါပေမဲ့ ရှင်တို့ ဆာလောင်နေတဲ့ပုံပဲ။ ကျေးဇူးပြု၍ အိမ်ထဲဝင်ပြီး တစ်ခုခု စားကြပါ" ဟု သူမက ပြောပါသည်။
               "အိမ်ထောင်ဦီိးစီး အိမ်မှာရှိပါသလား" ဟု သူတို့က မေးပါသည်။" မရှိပါဘူးရှင်။ သူ အပြင် ထွက်သွားပါတယ်" ဟု သူမက ပြောသည်။
               "ဒါဆိုရင် ကျွန်တော်တို့ အိမ်ထဲဝင်လို့ မရပါဘူး" ဟု သူတို့က ပြောသည်။
                ညနေခင်း သူမယောက်ျား ပြန်လာသောအခါ အဖြစ်အပျက် အလုံးစုံကို ပြောပြပါသည်။
"သူတို့ဆီသွားပြီး ငါရောက်နေကြောင်းပြောပါ။ ပြီးတော့ အိမ်ထဲဝင်လာဖို့ ဖိတ်ခေါ်လိုက်ပါ "
              အမျိုးသမီးက အိမ်ပြင်ပြန်ထွက်ကာ ထိုလူသုံးယောက်အား အိမ်ထဲဝင်လာဖို့ ဖိတ်ခေါ်လိုက်ပါ သည်။
              "ကျွန်တော်တို့သုံးယောက် အတူတူဝင်လို့ မရပါဘူး" ဟု သူတို့ကပြောပါသည်။
               "ဘာကြောင့်လဲ"ဟု သူမကမေးပါသည်။
                 အဘိုးအိုတစ်ယောက်က ရှင်းပြပါသည်။
                 "သူ့နာမည်က 'ချမ်းသာခြင်း'ပါ " ဟုပြောကာ သူငယ်ချင်းတစ်ယောက်ကို ညွှန်ပြပါသည်။ ထို့နောက် အခြားတစ်ယောက်ကို ညွှန်ပြကာ  "သူကတော့' အောင်မြင်ခြင်း'ပါ ။ ကျွန်တော်ကတော့ 'ချစ်ခြင်းမေတ္တာ'ပါ "ဟု ပြောပါသည်။  "ယခု အိမ်ထဲပြန်ဝင်ပြီး ခင်ဗျားယောက်ျားနဲ့ ဆွေးနွေးလိုက်ပါ။ ကျွန်တော်တို့ထဲက မည်သူ့ကို အိမ်ထဲခေါ်ချင်ပါသလဲ"
              အမျိုးသမီးသည် အိမ်ထဲပြန်ဝင်ကာ သူမယောက်ျားကို မှာသည့်အတိုင်းပြောပါသည်။ သူမယောက်ျားမှာ အလွန်ပျော်ရွှင်သွားခဲ့သည်။  "သိပ်ကောင်းတာပဲ" ဟု သူကပြောသည်။    "ချမ်းသာခြင်းက အဓိကအချက်ပဲ ။ 'ချမ်းသာခြင်း'ကို ဖိတ်ခေါ်ပြီး ငါတို့အိမ်ကို ချမ်းသာခြင်းနဲ့ ဖြည့်ဆည်းလိုက်ကြရအောင်"
              အမျိုးသမီးက သဘောတူခြင်းမရှိဘဲ ပြောလာပါသည်။" ယောက်ျားရေ ၊ ကျွန်မတို့ အောင်မြင်ခြင်းကို ဖိတ်ခေါ်မယ်ဆိုရင်ရော..."
             သူတို့၏ ချွေးမဖြစ်သူက အခန်းထောင့်တစ်နေရာတွင် နားထောင်နေပါသည်။ သူမက သူတို့စကားကိုဖြတ်ကာ အကြံပြုလိုက်ပါသည်။ "ချစ်ခြင်းမေတ္တာကို ဖိတ်ခေါ်မယ်ဆိုရင် ပိုမကောင်းဘူးလား။ ဒါဆိုရင် ကျွန်မတို့အိမ်မှာ ချစ်ခြင်းမေတ္တာတရားနဲ့ ပြည့်လျှံသွားပါလိမ့်မယ် "
             "ချွေးမရဲ့ အကြံကို ငါတို့လိုက်နာကြရအောင်ပါ "ဟု ခင်ပွန်းဖြစ်သူက ဇနီးအား ပြောလိုက်သည်။
            "အပြင်ကိုသွားပြီး 'ချစ်ခြင်းမေတ္တာ'ကို ဧည့်သည်အဖြစ်ခေါ်ခဲ့ပါ"
             အမျိုးသမီးက အိမ်ပြင်ပြန်ထွက်ကာ အဘိုးအိုသုံးယောက်ကို မေးမြန်းပါသည်။
            "ရှင်တို့ထဲက မည်သူဟာ ချစ်ခြင်းမေတ္တာလဲ။ ကျေးဇူးပြု၍ ဧည့်သည်အဖြစ် အိမ်ထဲဝင်ခဲ့ပါ"
             ချစ်ခြင်းမေတ္တာက မတ်တပ်ရပ်ကာ  အိမ်ဆီသို့ လျှောက်သွားပါသည်။ အခြားလူနှစ်ယောက်ကလည်း မတ်တပ်ရပ်ကာ သူ့နောက်မှ လိုက်ပါလာခဲ့သည်။ အမျိုးသမီးကြီးမှာ အလွန်အံ့သြသွားကာ ချမ်းသာခြင်းနှင့် အောင်မြင်ခြင်းအား မေးမြန်းပါသည်။
           "ကျွန်မက ချစ်ခြင်းမေတ္တာကိုပဲ ဖိတ်ခေါ်ခဲ့တာပါ။ ရှင်တို့ကရော ဘာကြောင့်များ လိုက်လာရတာလဲ"
            အဘိုးအိုနှစ်ယောက်က အတူတကွ ပြန်ပြောပါသည်။
            "ခင်ဗျားက 'ချမ်းသာခြင်း'နဲ့ 'အောင်မြင်ခြင်း'ထဲက တစ်ယောက်ယောက်ကို ဖိတ်ခေါ်မယ်ဆိုရင် အခြားနှစ်ယောက်က အပြင်မှာပဲ နေခဲ့ရပါလိမ့်မယ်။ ဒါပေမဲ့ 'ချစ်ခြင်းမေတ္တာ'ကိုပဲ ဖိတ်ခေါ်ခဲ့တဲ့အတွက် သူ့နောက်ကို ကျွန်တော်တို့နှစ်ယောက်လုံး လိုက်လာရပါတယ်။ 'ချစ်ခြင်းမေတ္တာ' ရှိရာအရပ်မှာ 'ချမ်းသာခြင်း'နဲ့ 'အောင်မြင်ခြင်း'လဲ ရှိတတ်ပါတယ်"

စဉ်းစားဆင်ခြင်စရာ

             'ချစ်ခြင်းမေတ္တာ'ကိုသာ လွှမ်းခြုံ ဖြန့်ကျက်ဖို့ကြိုးစားပါ။' ချမ်းသာခြင်း'နှင့် 'အောင်မြင်ခြင်း'တို့ နောက်က လိုက်ပါလာပါလိမ့်မယ်။

နေလင်းအောင် ဘာသာပြန်ဆိုသည်။

Ref;The Visit of Wealth, Success and Love

Author;Unknown

Labels: ဘာသာပြန်ရသ

No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...