Tuesday, May 1, 2012

စိုက်ပျိုးခြင်းဖြင့် တစ်သက်စာဖူလုံပါစေ


 

 နေလင်းအောင်

တစ်ခါတုန်းက ပညာရှိအဘိုးအိုတစ်ဦးသည် လူငယ်သုံးဦးအား တစ်ဦးလျှင် ကောက်စပါးမျိုးစေ့ သုံးစေ့စီပေးလိုက်သည်။ ထို့နောက် ထိုမျိုးစေ့များဖြင့် မိမိ၏ ကံကြမ္မာကို တိုးတက်ကောင်းမွန်အောင် ပြုလုပ်ရန် စေခိုင်းလိုက်သည်။
          ပထမလူငယ်သည် ကောက်စပါးမျိုးစေ့အားလုံးကို ဟင်းချိုအဖြစ်ချက်ပြုတ်ကာ စားသုံးပစ်လိုက်သည်။
          ဒုတိယလူငယ်သည် သူ့ထက်ပိုကောင်းအောင် ပြုလုပ်မည်ဟု စဉ်းစားကာ ကောက်စပါးမျိုးစေ့အားလုံးကို စိုက်ပျိုးလိုက်သည်။ လအနည်းငယ်အကြာတွင် ကောက်ပင်သုံးပင် ပေါက်လာပါသည်။ သူသည် ကောက်နှံများကို ဆွတ်ယူပြီး ချက်ပြုတ်ကြည့်ရာ သူ့အတွက် သုံးနပ်စာဖူလုံကြောင်း တွေ့ရပါသည်။
          တတိယလူငယ်သည် အခြားလူငယ်နှစ်ဦးထက် ပိုမိုကောင်းမွန်အောင် ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။ သူသည် ကောက်စပါးမျိုးစေ့အားလုံးကို စိုက်ပျိုးလိုက်သည်။ ကောက်စပါးပင် သုံးးပင်ပေါက်၍ ရင့်မှည့်လာချိန်တွင် ကောက်ပင်တစ်ပင်ရှိ အစေ့အားလုံးကို ခူးဆွက်ကာ ထပ်မံစိုက်ပျိုးပါသည်။ ဒုတိယအပင်ရှိ ကောက်စပါးမျိုးစေ့များကို သူ၏ ချစ်သူအား ပေးလိုက်ပါသည်။ တတိယအပင်ရှိ မျိုးစေ့များကိုမူ သူ့ကိုယ်တိုင် စားသုံးပစ်လိုက်သည်။
           ကောက်နှံတစ်ပင်မှ သူစိုက်ပျိုးလိုက်သော မျိုးစေ့များသည် ကောက်နှံပင်ပေါင်း နှစ်ရာခန့်ပေါက်လာသည်။ ထိုကောက်နှံပင်များမှ စားသောက်ရန် အနည်းငယ်မျှသာ ချန်ထားကာ ပြန်၍စိုက်ပျိုးပြန်သည်။ နောက်ဆုံးတွင် သူသည် ကောက်နှံစိုက်ဧကပေါင်း ရာချီစိုက်ပျိုးနိုင်ခဲ့သည်။ သူ၏အစွမ်းအစကြောင့် သူ့ချစ်သူမိန်းကလေးကို လက်ထပ်နိုင်ရုံသာမက ချစ်သူမိန်းကလေး ၏ ဖခင်ပိုင်ဆိုင်သည့် စိုက်ပျိုးမြေများကိုလည်း ဝယ်ယူနိုင်ခဲ့သည်။
စဉ်းစားဆင်ခြင်စရာ
သီးနှံမျိုးစေ့များကို အကုန်အစင် စားသုံးမပစ်ပါနှင့်။ ထပ်ကာတလဲလဲ ပွားများစိုက်ပျိုးခြင်းအားဖြင့် သင့်ဘဝတစ်သက်စာ ဖူလုံလာပါလိမ့်မယ်။

နေလင်းအောင် ဘာသာပြန်ဆိုသည်။

Labels: ဘာသာပြန်ရသ

nla2012.blogspot.com

No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...