Wednesday, May 30, 2012

သစ်ပင်တစ်ပင်ရဲ့လေးရာသီ

 Don't judge a life by one difficult season.

သက်ရှိတစ်ခုကို မတူညီတဲ့ ရာသီတစ်ခုကိုကြည့်ပြီး ဆုံးဖြတ်ချက်
မချပါနှင့်။

နေလင်းအောင်


           တစ်ခါက လူတစ်ဦးမှာ သားလေးဦးရှိခဲ့တယ်။ သူ့ရဲ့သားတွေကို
အရာရာတိုင်း အလျှင်အမြန် ဆုံးဖြတ်ချက်မချဖို့ သင်ခန်းစာပေးချင်ခဲ့တယ်။
ဒါ့ကြောင့် အလွန်ဝေးကွာတဲ့ နေရာတစ်ခုမှာရှိတဲ့ သစ်တော်သီးပင်ကို
သွားရောက်ကြည့်ရူ့ဖို့ သားတွေကို တစ်ယောက်ပြီးတစ်ယောက် အလှည့်ကျ
စေလွှတ်လိုက်တယ်။
         ပထမမြောက်သားက ဆောင်းရာသီ၊ ဒုတိယသားက နွေဦးရာသီ၊ တတိယသားက
နွေရာသီ၊ အငယ်ဆုံးသားက သစ်သီးကြွေချိန်မှာ သွားခဲ့ကြတယ်။
          သားတွေအားလုံးသွားပြီးလို့ ပြန်ရောက်တဲ့အခါ ဖခင်ဖြစ်သူက
သူတို့အားလုံးကိုခေါ်လိုက်ပြီး မြင်ခဲ့ရသမျှကို ပြန်ပြောပြစေတယ်။
          ပထမမြောက်သားက သစ်ပင်ဟာ အလွန်အရုပ်ဆိုးပြီး
ကွေ့ကောက်တွန့်လိမ် နေပါတယ်တဲ့။ ဒုတိယသားက "မဟုတ်ဘူး"လို့ ပြန်ပြောရင်း
သစ်ပင်ကြီးဟာ အစိမ်းရောင်အဖူးတွေ၊ ကောင်းမွန်တဲ့ လက္ခဏာတွေနဲ့
ပြည့်နက်နေပါတယ်တဲ့။
          တတိယသားက သဘောမတူဘဲ သစ်ပင်ကြီးဟာ အလွန်အရသာရှိမဲ့
သစ်သီးတွေနဲ့လှပနေတဲ့အတွက် သူမြင်ခဲ့သမျှ စွဲမက်ဖွယ်အကောင်းဆုံး
အရာတစ်ခုဖြစ်တယ်လို့ ပြောလိုက်ပါတယ်။
        အငယ်ဆုံးသားက သူတို့အားလုံးရဲ့အဆိုကို လုံးဝသဘောမတူဘဲ
သစ်ပင်ကြီးက သစ်သီးတွေ ရင့်မှည့်ကြွေကျနေပြီး အပင်ပေါက်လေးတွေ
အပြည့်အဝနဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်းပေးနေပါတယ်တဲ့။
         ဖခင်ဖြစ်သူက သားအားလုံးပြောတာ မှန်ကန်ကြောင်း ရှင်းပြပါတယ်။
အကြောင်းရင်းက သူ့သားတွေကို သစ်ပင်တစ်ပင်ရဲ့ဘဝတွင် မတူညီကွဲပြားတဲ့
ရာသီတစ်ခုစီမှာ သွားရောက်ကြည့်ရူ့ဖို့ စေလွှတ်လိုက်တဲ့အတွက်ကြောင့်ပါတဲ့။
           သူက သားတွေကို ပြောပါသေးတယ်။
          "သစ်ပင်တစ်ပင်၊ ဒါမှမဟုတ် လူတစ်ဦးကို မတူညီတဲ့
ရာသီတစ်ခုကိုကြည့်ပြီး ဆုံးဖြတ်ချက် မချပါနှင့်။ သူတို့ရဲ့
ဖြစ်တည်မှုအနှစ်သာရ ဆိုလိုတာကတော့ သူတို့ဘဝမှာ ဖြစ်ပေါ်လာတဲ့ ကျေနပ်မှု၊
ပျော်ရွှင်မှု၊ မေတ္တာတရားဆိုတဲ့ အရာတွေကို ရာသီအားလုံးကုန်ဆုံးတဲ့
အဆုံးသတ်အချိန်ကာလမှသာ ဆုံးဖြတ်ချက် ချနိုင်တာပါ။
ဆောင်းရာသီမှာ ရောက်သွားတဲ့အခါ နွေဦးရာသီရဲ့
ကောင်းမွန်တဲ့လက္ခဏာတွေ၊ နွေရာသီရဲ့ အလှအပတွေ၊ သစ်သီးကြွေချိန်ရဲ့
ဖြည့်ဆည်းပေးမှုတွေကို တွေ့မြင်ရမည်မဟုတ်ပါ။ ရာသီတစ်ခုရဲ့ နာကျင်မှုကြောင့်
ကျန်ရာသီတွေရဲ့ ပျော်ရွှင်မှုကို မဖျက်ဆီးပါစေနှင့်"
နေလင်းအောင် ဘာသာပြန်ဆိုသည်။
Ref; Four Season of a Tree
From Big Al, via ' The Inspired Buffalo'.

ချစ်စိတ်ဝင်ရင် အပြစ်မမြင်


နေလင်းအောင်
တစ်နေ့တွင် ကောင်လေးတစ်ယောက်နဲ့ ကောင်မလေးတစ်ယောက် မေတ္တာမျှသွားကြတယ်။ ဒါပေမဲ့ ကောင်လေးက ဆင်းရဲတဲ့မိသားစုက ဆင်းသက်လာတဲ့အတွက် ကောင်မလေးမိဘတွေက သိပ်ပြီးတော့ သဘောမကျပါဘူး။ ဒါ့ကြောင့် ကောင်လေးက ကောင်မလေးသာမက သူမမိဘတွေပါ အထင်ကြီးလာအောင် ကြိုးစားဖို့ ဆုံးဖြတ်လိုက်တယ်။ မကြာမီ သူဟာ လူကောင်းလူမွန်တစ်ဦးဖြစ်ကြောင်း၊ သမီးဖြစ်သူနဲ့ လက်ထပ်ပေးဖို့ ထိုက်တန်ကြောင်း ကောင်မလေးမိဘတွေ သဘောပေါက်လာခဲ့တယ်။
          ဒါပေမဲ့ အခြားပြဿနာတစ်ခု ရှိနေသေးတယ်။ ကောင်ကလေးက စစ်သားတစ်ဦး ဖြစ်နေလို့ပါ။ မကြာမီ စစ်ဖြစ်လာတဲ့အတွက် နိုင်ငံရပ်ခြားသို့ တစ်နှစ်တာဝန်ထမ်းဆောင်ဖို့ ကောင်လေးကို စေလွှတ်လိုက်တယ်။ မထွက်ခွါမီ တစ်ပတ်အလိုမှာ ကောင်ကလေးက ကောင်မလေးရှေ့ ဒူးထောက်ထိုင်ချကာ "ကိုယ့်ကို လက်ထပ်နိုင်မလား"လို့ မေးမြန်းလိုက်တယ်။ ကောင်မလေးက မျက်ရည်သုတ်ရင်းက သူ့ကို လက်ထပ်ပါမယ်လို့ ပြောဆိုခဲ့တယ်။ ဒါနဲ့ သူတို့နှစ်ဦး စေ့စပ်ကြောင်းလမ်းခဲ့တယ်။ တစ်နှစ်ကြာလို့ သူပြန်ရောက်တဲ့အခါ လက်ထပ်ကြဖို့ သူတို့နှစ်ဦး သဘောတူခဲ့ကြတယ်။
          ဒါပေမဲ့ ထင်မှတ်မထားတဲ့ ကံကြမ္မာဆိုးတစ်ခု ပေါ်ပေါက်လာခဲ့တယ်။ သူထွက်သွားပြီး ရက်အနည်းငယ်အတွင်းမှာ ကောင်မလေးဟာ ယာဉ်တိုက်မှု ဖြစ်ပေါ်ခဲ့တယ်။ သူမရဲ့ဦးခေါင်း ထိခိုက်မိခဲ့တယ်။
          သူမ ဆေးရုံပေါ်မှာ သတိရလာတော့ သူမမိဘတွေ ငိုနေတာကို တွေ့ရတယ်။ တစ်ခုခု မှားနေပြီဆိုတာကိုတော့ သူမ ရိပ်မိခဲ့တယ်။
          သူမဦးနှောက် ပျက်စီးနေကြောင်း နောက်ပိုင်းကျမှ သူမသိလာခဲ့တယ်။ မျက်နှာပြင်ကြွက်သားတွေကို ထိန်းချုပ်ပေးတဲ့ ဦးနှောက်အစိတ်အပိုင်းတွေ ပျက်စီးသွားခဲ့တာပါ။ တစ်ချိန်တုန်းက အလွန်လှပခဲ့တဲ့ သူမမျက်နှာလေးဟာ ခုတော့ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားရတယ်။ မှန်ထဲကြည့်မိတော့ အော်ငိုရင်း သူမ ပြောဆိုလိုက်တယ်။ "မနေ့တစ်နေ့ကတော့ ငါဟာ အလွန်လှပခဲ့တယ်။ ခုတော့ စုန်းမကြီးတစ်ဦးလိုပဲ" သူမတစ်ကိုယ်လုံး မြင်မကောင်းအောင် ဒဏ်ရာဒဏ်ချက်တွေ ပြည့်နေခဲ့တယ်။
          ဒါနဲ့ သူမက ထားခဲ့ဖူးတဲ့ ကတိသစ္စာကို ဖောက်ဖျက်ရင်း စေ့စပ်ထားတဲ့ချစ်သူကို စွန့်လွှတ်လိုက်ဖို့ ဆုံးဖြတ်ခဲ့တယ်။ သူက သူမကို လက်ထပ်ချင်မှာ မဟုတ်တော့ဘူးလို့ ထင်မြင်ခဲ့တယ်။ သူ့ကို မေ့ပြစ်ပြီး နောက်ထပ်မတွေ့တော့ဖို့ သူမ ဆုံးဖြတ်ခဲ့တယ်။      
          တစ်နှစ်အတွင်း စစ်သားက စာအများအပြား ရေးပို့ခဲ့ပေမဲ့ သူမကတော့ တစ်စောင်မှ စာမပြန်ခဲ့။ သူက သူမဆီ အကြိမ်ကြိမ် ဖုန်းဆက်ပေမဲ့ သူမကတော့ ဖုန်းမကိုင်ခဲ့ပါဘူး။
          ကောင်မလေးက သူမအမေကို အော်ပြောလိုက်တယ်။" ကျေးဇူးပြုပြီး သူ့ကို သမီးအကြောင်း မပြောပါနဲ့နော်။ ဒီမှာ သမီးရှိနေတာကိုလည်း မပြောပါနဲ့"
          မိခင်ဖြစ်သူက "သူလက်ထပ်သွားပြီ"လို့ ပြောဆိုရင်း လက်ထပ်ဖိတ်စာတစ်စောင်ကို ကမ်းပေးလိုက်ပါတယ်။ ကောင်မလေးရဲ့ နှလုံးသား ကြေကွဲသွားရတယ်။ သူ့ကို ချစ်နေသေးပေမဲ့ ခုကစပြီး မေ့ပြစ်ရတော့မယ်ဆိုတာ သူမသိလာတယ်။
          ဝမ်းနည်းမှုများစွာဖြင့် သူမ စာလေးကို ဖောက်ဖတ်လိုက်တယ်။ ဖိတ်စာပေါ်မှာ သူမနာမည်တွေ့တော့ စိတ်ရှုပ်စွာဖြင့် မေးလာပါတယ်။"ဒါ…ဘယ်လိုဖြစ်ရတာလဲရှင်"
          အဲဒီအချိန်မှာ ကောင်ကလေးက ပန်းစည်းတစ်စည်းကိုကိုင်ရင်း သူမအခန်းထဲ ဝင်ရောက်လာခဲ့တယ်။ သူမဘေးမှာ ဒူးထောက်ထိုင်ချရင်း မေးလိုက်ပါတယ်။
          "ကိုယ့်ကိုယ် လက်ထပ်နိုင်မလား"
ကောင်မလေးက သူမမျက်နှာကို လက်ဖြင့်အုပ်ရင်း "ကျွန်မ ရုပ်ဆိုးသွားပြီလေ"လို့ ပြောလိုက်တယ်။
          ကောင်ကလေးက ပြောဆိုလာပြန်တယ်။
          "မင်းအမေက မင်းရဲ့ ခွင့်ပြုချက်မရဘဲ မင်းရဲ့ဓာတ်ပုံတွေ ပို့ပေးခဲ့တယ်။ မင်းဓာတ်ပုံမြင်တော့မှ ကိုယ်ဟာ ဘာမှမပြောင်းလဲသေးဘူးဆိုတာ နားလည်လာခဲ့တယ်။ မင်းက ကိုယ့်ချစ်မြတ်နိုးနေရဆဲ မိန်းကလေးပါ။ မင်းက အရင်လို လှပနေဆဲပါ။ အကြောင်းကတော့ ကိုယ်မင်းကို ချစ်မြတ်နိုးနေလို့ပေါ့"
နေလင်းအောင် ဘာသာပြန်ဆိုသည်။
Ref; A Beautiful Love  Story by Unknown

Tuesday, May 29, 2012

သင့်IQ စစ်ကြည့်ပါ



သင့်IQ သိချင်သလား။ ဒါလေးကို ဖတ်ပြီး စက္ကန့်သုံးဆယ်အတွင်း ဖြေကြည့်ပါ။
နေလင်းအောင်


       တစ်ခါက အလွန်မြင့်မားတဲ့ အုန်းပင်တစ်ပင်ရှိခဲ့တယ်။ ခြင်င်္သေ့တစ်ကောင်၊ ချန်ပန်ဆီ မျောက်ဝံတစ်ကောင်၊ သစ်ကုလားအုတ်တစ်ကောင်နဲ့ ရှဥ့်တစ်ကောင်တို့ဟာ အုန်းပင်ဘေးမှာ ဖြတ်သန်းသွားကြတယ်။
      သူတို့ဟာ အုန်းပင်ပေါ်က  ငှက်ပျောသီးကို ဘယ်သူအရင်ဆုံး ရနိုင်မလဲဆိုတာသိဖို့ ပြိုင်ပွဲပြုလုပ်ကြရန် ဆုံးဖြတ်လိုက်တယ်။
ဘယ်သူနိုင်မယ်လို့ သင်ထင်ပါသလဲ။
သင့်အဖြေက သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ထင်ဟပ်နေပါလိမ့်မယ်။
ဒါကြောင့် ဂရုတစိုက် စဉ်းစားစေချင်ပါတယ်။
စက္ကန့်သုံးဆယ်အတွင်း အဖြေရအောင် စဉ်းစားကြည့်ပါ။
ကဲ…အဖြေရပြီမို့လား။
အောက်က ဝေဖန်ဖြေရှင်းချက်ကို ဆင်းကြည့်လိုက်ပါ။



သင့်အဖြေက…
ခြင်္သေ့ဆိုရင် သင်ဟာ စဉ်းစားဥာဏ်မရှိတဲ့သူ
ချန်ပန်ဇီဆိုရင် သင်ဟာ မိုက်မဲလွန်းသူ
သစ်ကုလားအုတ်ဆိုရင် သင်ဟာ အလွန်ကို မိုက်မဲသူ
ရှဥ့်ဆိုရင် သင်ဟာ မျှော်လင့်ချက်မရှိလောက်တဲ့ ငတုံးငအ ပါတဲ့။


အုန်းပင်တစ်ပင်မှာ ငှက်ပျောသီး မရှိပါဘူး။
သင်ဟာ စိတ်ဖိစီးပြီး အလွန်အမင်း စဉ်းစားလိုက်တယ်ဆိုတာ သိသာပါတယ်။


မူရင်း အင်္ဂလိပ်စာ

The Banana Test !

There is a very, very tall coconut tree and there are 4 animals, a Lion, a Chimpanzee, a Giraffe, and a Squirrel, who pass by.
They decide to compete to see who is the fastest to get a banana off the tree.
Who do you guess will win?
Your answer will reflect your personality.
So think carefully…
Try and answer within 30 seconds !!!
Got your answer?
Now scroll down to see the analysis...
















If your answer is:
Lion = you’re dull.
Chimpanzee = you’re a moron.
Giraffe = you’re a complete idiot.
Squirrel = you’re just hopelessly stupid.

——————————————-
A COCONUT TREE DOESN’T HAVE BANANAS.
Obviously you’re stressed and overworked.
You should take some time off and relax!
Try again next year.!
Author unknown

ခန္ဒာကိုယ်ရဲ့ အရေးအကြီးဆုံးအစိတ်အပိုင်း



People will forget what you said.
People will forget what you did.
But people will NEVER forget how you made them feel.

 သင် ပြောခဲ့တဲ့စကားတွေ လူတွေမေ့သွားလိမ့်မယ်…
သင်လုပ်ခဲ့တဲ့အရာတွေ လူတွေမေ့သွားလိမ့်မယ်…
ဒါပေမဲ့…
သင်ပေးခဲ့တဲ့ စိတ်ခံစားမူတွေကိုတော့ လူတွေ မေ့လိမ့်မည်မဟုတ်ပါဘူး။
နေလင်းအောင်

            “ခန္ဓာကိုယ်ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းဆိုတာ ဘာလဲ” လို့ အမေက ကျွန်တော့်ကို မကြာခဏ မေးလေ့ရှိခဲ့ပါတယ်။ နှစ်ပေါင်းအတော်ကြာပင် အဖြေမှန်ရဖို့ စဉ်းစားမှန်းဆခဲ့ရတယ်။
             ကျွန်တော် ကလေးဘဝတုန်းက အသံဟာ လူသားတွေအတွက် အရေးအကြီးဆုံးလို့ တွေးထင်ခဲ့မိတဲ့အတွက် “အမေ.... ကျွန်တော်တို့နားတွေလေ”လို့ ပြောခဲ့ပါတယ်။ 
            “မဟုတ်သေးဘူး သားရေ.. လူအများစုက နားပင်းနေကြတယ်။ သား အဖြေမှန်ရအောင် ဆက်ပြီးစဉ်းစားထားပါ။ နောင်မကြာမီ သားကို မေးပါအုံးမယ်” လို့အမေက ပြောတယ်။ အမေ နောက်တစ်ကြိမ်မမေးမှီ နှစ်ပေါင်းအတော်ကြာ ကုန်ဆုံးသွားပြန်တယ်။ ကျွန်တော်ဟာ ပထမဆုံးအကြိမ် မှားပြီးကတည်းက မဖြေမှန်ကို စဉ်းစားလို့ရခဲ့ပါတယ်။
            ဒါကြောင့် နောက်တစ်ကြိမ်မှာတော့ “ အမေ.... အမြင်အာရုံက လူသားတိုင်းအတွက် အလွန်ကို အရေးကြီးတယ်။ အရေးကြီးတဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းဆိုတာ မျက်လုံးတွေဖြစ်ရမယ်” လို့ပြောပြခဲ့ပါတယ်။
           အမေက ကျွန်တော်ကိုကြည့်ကာ “ သားက အလျင်စလို လေ့လာထားတာပဲ။ အဖြေကတော့ မမှန်သေးဘူး။ (မျက်စိပါပေမဲ့ )  မမြင်တတ်တဲ့သူတွေ အများကြီးရှိနေလို့ပါ” လို့ပြောခဲ့ပါတယ်။
          ကျွန်တော်ဟာ နောက်တစ်ကြိမ်မှားလို့ စိတ်ရှုပ်သွားပြီးနောက် အဖြေမှန်ရဖို့ ဆက်လက်စဉ်းစား ရှာဖွေခဲ့ပါတယ်။ နှစ်ပေါင်းအတော်ကြာပင် အမေက ဒီမေးခွန်းကိုပဲ မကြာခဏမေးခဲ့ပြီး အကြိမ်တိုင်းမှာ အမေရဲ့အဖြေကတော့ “မမှန်သေးဘူးသားရေ ... ဒါပေမဲ့ သားရဲ့ အဖြေဟာ တစ်နှစ်ထက်တစ်နှစ် ပိုကောင်းလာပါတယ်”တဲ့။
         ဒီလိုနဲ့ မနှစ်ကတော့ ကျွန်တော့်အဘိုး သေဆုံးခဲ့တယ်။ လူတိုင်း ဝမ်းနည်းပူဆွေးပြီး ငိုကြွေးကြတယ်။ ကျွန်တော့်အဖေရော ငိုခဲ့ပါတယ်။ အဖေငိုတာ ဒုတိယအကြိမ် ဖြစ်တဲ့အတွက် ဒီ အဖြစ်အပျက်ကို အထူးသတိရနေမိတယ်။ အဘိုးကို နောက်ဆုံးနှုတ်ဆက် စကားဆိုဖို့ ကျွန်တော်တို့ အလှည့် ရောက်တဲ့အခါမှာတော့ အမေက ကျွန်တော့်ကို လှည့်ကြည့်ရင်း မေးလိုက်ပါတယ်။
        "ချစ်တဲ့သားလေး ၊ ခန္ဓာကိုယ် ရဲ့ အရေးအကြီးဆုံးအပိုင်းကို အခုထက်ထိ မသိသေးဘူးလား"
         ဒီမေးခွန်းကို အခုလို အသုဘအခမ်းအနားမျိုးမှာ  မေးတဲ့အတွက် တုန်လှုပ်သွားမိတယ်။ ဒီမေးခွန်းက ကျွန်တော်နဲ့ အမေအကြား ကစားပွဲတစ်ခုလို့  အမြဲလိုလို တွေးနေခဲ့မိတယ်။
         ကျွန်တော့်မျက်နှာမှာ စိတ်ရှုပ်တဲ့အရိပ်အယောင် အမေတွေ့တဲ့အခါ ကျွန်တော့်ကိုပြောပါတယ်။
" ဒီမေးခွန်းက အလွန်ကိုအရေးကြီးတယ်။  ဒီမေးခွန်းကြောင့် သားဟာ တစ်ကိုယ်ကောင်းဆန်စွာ ဘ၀မှာရှင်သန်နေထိုင်ခဲ့တယ်ဆိုတာ သိရတယ်။ ယခင်အကြိမ် တွေတုန်းက သားပြောခဲ့တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ မှားနေကြောင်းနဲ့ ဘာကြောင့်မှားရတယ်ဆိုတာ ဥပမာပေးပြီး အမေရှင်းပြခဲ့တယ်။ ဒါပေမဲ့ ဒီနေ့တော့ ဒီအရေးကြီးတဲ့သင်ခန်းစာကို သားသိဖို့လိုအပ်တယ်"
မေမေဟာ ကျွန်တော့်ကို အထင်သေးသလို ကြည့်လိုက်ပေမဲ့ မိခင်တစ်ဦးရဲ့ မေတ္တာနဲ့ပါ။မေမေရဲ့ မျက်ဝန်းမှာတော့ မျက်ရည်တွေနဲ့ပေါ့..။
        " ချစ်တဲ့သားလေး ခန္ဓာကိုယ်ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းဆိုတာ သားရဲ့ပခုံးတွေပဲ" လို့မေမေက ပြောတယ်။
        " ကျွန်တော့်ခေါင်းကို ထိန်းပေးထားလို့လားမေမေ"  လို့ ကျွန်တော်က မေးခဲ့တယ်။
        " မဟုတ်ဘူးသားရေ ။ ပုခုံးဆိုတာ သူငယ်ချင်းတစ်ဦး ဒါမှမဟုတ် ချစ်သူတစ်ဦး ၀မ်းနည်းပူဆွေး ငိုကြွေးမိတဲ့အခါ သူတို့ရဲ့ ခေါင်းတွေမှီခိုအားထားနိုင်တဲ့ အတွက်ကြောင့်ပါ။ ဘ၀တစ်ချိန်ချိန်မှာ လူတိုင်းဟာ မှီခိုငိုကြွေးဖို့ ပုခုံးတွေ လိုအပ်တတ်ပါတယ်။ သားလိုအပ်တဲ့အခါတိုင်း မှီခိုငိုကြွေးဖို့ ပုခုံးတွေကို ခွင့်ပြုပေးတဲ့ သူငယ်ချင်းမိတ်ဆွေတွေ၊ ချစ်သူတွေ အလုံအလောက်ရှိ လိမ့်မယ်ထင်ပါတယ်" လို့ မေမေကပြောတယ်။           
         ဒီနောက်မှသာ ခန္ဓာကိုယ်ရဲ့ အရေးအကြီးဆုံး အစိတ်အပိုင်းဆိုတာ တစ်ကိုယ်ကောင်းမဆန်တဲ့ အပိုင်းလို့ သိလာရပါတော့တယ်။
စဉ်းစားဆင်ခြင်စရာ
ကျွန်တော်တို့ဟာ မိမိကိုယ်တိုင် နေမကောင်းဖြစ်နေတဲ့အခါ၊ အလုပ်တစ်ခု မအောင်မြင်လို့ ဝမ်းနည်းစိတ်မကောင်း ဖြစ်နေတဲ့အခါ၊ တစ်စုံတစ်ခုကြောင့် စိတ်ဓာတ်ကျဆင်းနေတဲ့အခါမျိုးမှာ အခြားသူများရဲ့ နှစ်သိမ့်အားပေးမှုကို မျှော်လင့်တောင့်တ နေတတ်ပါတယ်။ ကိုယ်တိုင်ကတော့ အခြားသူများ လိုအပ်နေတဲ့အချိန်မှာ အားပေးစကားလေး တစ်ခွန်းလောက်ပြောဖို့ ပင် နှုတ်ဆွံ့နေတတ်တယ်။
အခြားသူများ လိုအပ်နေတတ်အခါတိုင်း အားပေးစကားတစ်ခွန်း၊ ချီးကျူးစကားတစ်ခွန်း ပြောဆိုဖို့ မမေ့စေချင်ပါ။ အားပေးစကားတစ်ခွန်းကြောင့် ဘဝမှာ အောင်မြင်မှုရသွားသူတွေ အများကြီးရှိပါတယ်။ပထမဆုံး သင်က အခြားသူများ လိုအပ်နေတဲ့အခါတိုင်း အားပေးနှစ်သိမ့်ပေးဖို့၊မှီခိုအားထားစရာ ပုခုံးလေးပေးလိုက်ဖို့ လိုအပ်ပါတယ်။ ဒါဆိုရင် အခြားသူများကလည်း သင်လိုအပ်တဲ့အခါတိုင်း ပြန်ပြီး နှစ်သိမ့်အားပေးပါလိမ့်မယ်။
နေလင်းအောင် ဘာသာပြန်ဆိုသည်။
Ref; The Most Important Body Part by Unknown
Labels;ဘာသာပြန်ရသ
   

Sunday, May 13, 2012

နိုင်ငံရပ်ခြားဟာသများ(၁၂)

ကိုလူချော...
သူ့အတွက်တော့ မကြာပေမဲ့
လူငယ်တစ်ဦးသည် ဘုရားသခင်နှင့် စကားပြောနေပါသည်။
"အရှင့်အတွက် နှစ်ပေါင်းတစ်သန်းဟာ ဘယ်လောက်ကြာသလဲ"ဟု သူကမေးသည်။
"ငါ့အတွက်တော့ နှစ်ပေါင်းတစ်သန်းဆိုတာ တစ်စက္ကန့်လေးပဲ ရှိပါတယ်" ဟု
ဘုရားသခင်က ဖြေသည်။
"အရှင့်အတွက် ဒေါ်လာတစ်သန်းဆိုတာ ဘယ်လောက်ရှိသလဲ" ဟု လူငယ်လေးက မေးပြန်သည်။
"ဒေါ်လာတစ်သန်းဆိုတာ ငါ့အတွက်တော့ တစ်ပဲနိပဲ ရှိပါတယ်" ဟု ဘုရားသခင်က ဖြေသည်။
"ဒါဆိုရင်တော့ အရှင့်ဆီကနေ တစ်ပဲနိလောက် ကျွန်တော်မျိုး ရနိုင်မလား" ဟု
လူငယ်လေးက အရဲစွန့်မေးလိုက်သည်။
"ရနိုင်တာပေါ့ သားတော်ရာ။ တစ်စက္ကန့်လောက်တော့ စောင့်လိုက်ပါ" ဟု
ဘုရားသခင်က ပြန်ဖြေသည်။
ပိရိပုံ
ဆယ်လီ။ ။အတန်း(ခ) အတန်းပိုင်ဆရာမလားရှင်။
ဆရာမ။ ။ဟုတ်ပါတယ်။
ဆယ်လီ။ ။ဆယ်လီ နေမကောင်းဖြစ်နေလို့ ဒီနေ့ ကျောင်းမတက်နိုင်ပါဘူးရှင်။
ဆရာမ။ ။ကျေးဇူးပြုပြီး ခုပြောနေတာ ဘယ်သူလဲ သိပါရစေ။
ဆယ်လီ။ ။ကျွန်မရဲ့ မေမေပါ ဆရာမ။
ကိုယ့်စကားနှင့်ကိုယ်
တစ်နေ့တွင် ကျွန်မ၏ ငါးနှစ်အရွယ် သမီးလေးက ပြောလာပါသည်။
"သမီးကြီးလာရင် ခန့်ညားတဲ့ ရည်းစားတစ်ယောက်လောက်လိုချင်တယ်"
"သိပ်ခန့်ညားလွန်းတဲ့ ယောက်ျားလေးဆိုရင်တော့ မလိုချင်ဘူးမို့လား။
တစ်ခြားမိန်းကလေးတွေက သမီးဆီကနေ ခိုးသွားမှာစိုးလို့လေ" ဟု ကျွန်မက
ရယ်စရာအဖြစ် ပြောလိုက်ပါသည်။
သမီးက ခဏတာ ငြိမ်သက်သွားပြီးနောက် သူမဖခင်ကိုကြည့်ရင်း မေးလာပါသည်။
"အဲဒါကြောင့် မေမေက ဖေဖေကို ရွေးခဲ့တာလားဟင်"
ခြောက်ချင်သေးလား
လီနာသည် သူမယောက်ျား အရက်မူးပြီး ပြန်လာသည်ကို စိတ်ကုန်နေသဖြင့်
ခြောက်လန့်ရန် ဆုံးဖြတ်လိုက်သည်။ တစ်ညတွင် သူမသည် မကောင်းဆိုးဝါး
ဝတ်စုံဝတ်ဆင်ကာ သူမယောက်ျား အိမ်ပြန်လာရာလမ်းရှိ သစ်ပင်အကွယ်တွင်
ပုန်းနေလိုက်သည်။ သူမယောက်ျား သစ်ပင်နားရောက်သည့်အခါ
ရုတ်တရုတ်ခုန်ထွက်လိုက်ပြီး ရှေ့တွင်ပိတ်ရပ်လိုက်သည်။
သူမကိုယ်တွင် ဦးချိုနီနီ၊ ရှည်လျားသည့် အမြီးတို့ရှိပြီး လက်ထဲမှာ
ကောက်ဆွကို ဆုပ်ကိုင်ထားသည်။
"မင်းဘယ်သူလဲ" ဟု သူမယောက်ျားက အာလေးလျှာလေးဖြင့် မေးလိုက်သည်။
"ငါဟာ မကောင်းဆိုးဝါးပဲ" ဟု သူမကဖြေသည်။
"ကောင်းပြီ…မင်း ငါနဲ့အိမ်လိုက်ခဲ့။ မင်းအစ်မနဲ့ငါ လက်ထပ်ထားတာကွ" ဟု
သူကပြောလိုက်သည်။
ကိုလူချော ဘာသာပြန်ဆိုသည်။
www.nla2012.blogspot.com

နိုင်ငံရပ်ခြားဟာသများ(၁၁)

ကိုလူချော
နာခံတတ်သူ
အိမ်ရှင်မ။ ။ငါက စကားနည်းတယ်။ ငါ့လက်ညိုးကွေးပြရင် ညည်းကို
လာဖို့ခေါ်တာ မှတ်ထားနော်။
အိမ်ဖော်။ ။ကျွန်မကလည်း စကားနည်းပါတယ်။ ကျွန်မ ခေါင်းခါပြရင်
မလာနိုင်ဘူးဆိုတဲ့ အဓိပ္ပာယ်ပဲ။
အကြံပိုင်သူ
တစ်ခါက အလွန်ဝသော လူတစ်ဦးသည် ပြဇာတ်ပွဲသို့ သွားကြည့်ချင်ခဲ့သည်။ သူသည်
သက်သောင့်သက်သာ ထိုင်ရန်အတွက် ထိုင်ခုံနှစ်နေရာယူရန် စဉ်းစားမိသည်။
ထို့ကြောင့် သူ့အစေခံအား " ဒီနေ့ည ပြဇာတ်ပွဲအတွက် ငါ့အတွက်
လက်မှတ်နှစ်စောင် ဝယ်ခဲ့ပါ" ဟု စေခိုင်းလိုက်သည်။ မကြာမီ
အစေခံပြန်ရောက်လာပြီး" ဆရာ… ကျွန်တော် ဆရာပြောတဲ့အတိုင်း
လက်မှတ်နှစ်စောင် ဝယ်ခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်ရောက်တော့ ထိုင်ခုံအားလုံး
ဝယ်ပြီးသားဖြစ်နေတယ်။ ဒါကြောင့် ရှေ့ဆုံးတန်းမှာ တစ်ခုံနဲ့ တတိယတန်းမှာ
တစ်ခုံ ဝယ်ခဲ့ပါတယ်" ဟု ပြောလိုက်ပါသည်။
စေတနာ
တစ်နေ့ခင်း အလုပ်သမားတစ်စုသည် ဆိုင်းဘုတ်သစ်တစ်ခု စိုက်ထူရန်
မြေတူးကြသောအခါတွင် ဖုန်းကြိုးများကို မတော်တဆ ဖြတ်မိသဖြင့်
ကျွန်တော်တို့ရုံးမှ ဖုန်းဆက်မရ ဖြစ်သွားသည်။ ညနေဘက် ရောက်သောအခါ
ကျွန်တော်သည် ဆိုင်းဘုတ်ကို ဖတ်လိုက်မိသောအခါ အံ့သြသွားပါသည်။
ဆိုင်းဘုတ်တွင် ရေးထားသည်မှာ-
" မြေကြီးကို ဂရုတစိုက်တူးပါ။ အောက်တွင် ဖုန်းကြိုးများ မြှုပ်နှံထားသည်။"
ကောင်းမှကောင်း
ကျောင်းနောက်ဆုံးနေ့တွင် ကလေးများသည် သူတို့၏ ဆရာမအတွက်
လက်ဆောင်ပစ္စည်းများ ယူလာကြသည်။ ပန်းသည်မ၏သားက ပန်းခိုင်တစ်ခိုင် ယူလာသည်။
ကုန်ဆုံဆိုင်ပိုင်ရှင်သမီးက ချောကလက်တစ်ဘူးပေးသည်။
အရက်ဆိုင်ပိုင်ရှင်သားက သေတ္တာတစ်လုံးထုတ်ပြသည်။
ဆရာမက သေတ္တာကို မလိုက်သောအခါ အရည်များယိုစီးနေကြောင်း သတိပြုမိသည်။
သူမသည် လက်ဖြင့် အရည်တစ်စက်ကိုတို့ပြီး မြည်းကြည့်ကာ" ဒါဝိုင်တွေလား" ဟု
မေးလိုက်သည်။
"မဟုတ်ပါဘူးဗျာ" ဟု ကလေးက ဖြေသည်။
ဆရာမက နောက်တစ်စက်မြည်းကြည့်ရင်း "ရှန်ပိန်လား" ဟု မေးလိုက်ပြန်သည်။
"မဟုတ်သေးဘူး"ဟု ကလေးက ဖြေသည်။
"ကဲ… အရှုံးပေးပါပြီ။ ဘာတွေလဲဆိုတာ သားပဲ ပြောပြပါတော့" ဟု ဆရာမက ပြောသည်။
ထို့အခါ ကောင်ကလေးက ပြန်ပြောလိုက်ပါသည်။
"ဆရာမ… သေတ္တာထဲက ခွေးလေးတစ်ကောင်ပါ"
ကိုလူချော

မိမိအဆင့်အတန်းကို အဆက်မပြတ် တွန်းတင်ပါ…

နေလင်းအောင်
ဘရုစ်က ကျွန်တော့်ကို နေ့စဉ်နေ့တိုင်း သုံးမိုင်အကွာအဝေး
ပြေးစေပါတယ်။ ဒါဟာ သင့်တင်မျှတတဲ့ အကွာအဝေးပါ။ ကျွန်တော်တို့က
သုံးမိုင်အကွာအဝေးကို နှစ်ဆယ့်တစ်၊ နှစ်ဆယ့်နှစ်မိနစ်အတွင်း
ပြေးနိုင်ကြပါတယ်။(မှတ်ချက်…၁၉၆၈ ခုနှစ်မှာ ဘရုစ်ကိုယ်တိုင် ပြေးတဲ့အခါ
သူ့ရဲ့ကြာချိန်ကို
တစ်မိုင်မှာ ခြောက်မိနစ်ခွဲအထိ လျှော့ချနိုင်ခဲ့ပါတယ်။ )
ဒီနေ့မနက်မှာတော့ သူက ပြောလာပါတယ်။
"ကျွန်တော်တို့ ငါးမိုင်အထိပြေးကြမယ်"
"ဘရုစ်ရေ…ငါ ငါးမိုင်အထိ မပြေးနိုင်ဘူး။ ငါသေသွားလိမ့်မယ်။
မင်းထက်လည်း အသက်ကြီးတယ်လေ။ ငါးမိုင်အထိလည်း ပြေးနိုင်မယ် မထင်ပါဘူးကွာ"
"သုံးမိုင်ပြေးပြီးရင် ပြေးနေတဲ့အရှိန်နှုန်း
လျှော့လိုက်မယ်လေ။ နှစ်မိုင်ပဲ ပိုပြေးရတာပါ။ ခင်ဗျား
ပြေးနိုင်ပါလိမ့်မယ်"
"အိုကေ…ငရဲကိုပဲ ငါသွားတော့မယ်ကွာ"
ဒီလိုနဲ့ ကျွန်တော်တို့ သုံးမိုင်ပြေးပြီးတဲ့အခါ
လေးမိုင်ခရီးရောက်အောင် ဆက်လက်ပြေးကြပါတယ်။ ကျွန်တော် နောက်ထပ်
သုံးလေးမိနစ်သာ ပြေးနိုင်မဲ့ပုံရှိပါတယ်။ ဒီနောက်တော့
အရှုံးပေးလိုက်ချင်တော့တယ်။ ကျွန်တော် မောပန်းနေသလို နှလုံးခုန်ချက်လည်း
အရမ်းပြင်းနေပြီလေ။ နောက်ထပ် မပြေးနိုင်တော့တဲ့အတွက် ပြေးနေရင်းကနေ
သူ့ကို လှမ်းပြောလိုက်တယ်။
"ဘရုစ်…ငါဆက်ပြီး ပြေးနေမယ်ဆိုရင် နှလုံးသွေးကြော
ရုတ်တရက်ပိတ်ဆို့ပြီး သေရပါလိမ့်မယ်"
"ဒါဆိုလည်း လဲသေလိုက်တော့ဗျာ"
ဒီစကားတွေက ကျွန်တော့်ကို မခံချင်ဖြစ်သွားတဲ့အတွက်
ငါးမိုင်အပြည့်ရောက်အောင် ဆက်လက်ပြေးခဲ့တယ်။
ဒီနောက် ကျွန်တော် သန့်စင်ခန်းသွားလိုက်တယ်။
ဒီစကားနဲ့ပက်သက်ပြီး သူ့ကို ပြောချင်နေခဲ့တယ်။ သင်တို့သိတဲ့အတိုင်းပဲလေ
ကျွန်တော် သူ့ကို ပြောခဲ့ပါတယ်။
"ငါ့ကို ဘာဖြစ်လို့ ဒီလိုပြောရတာလဲကွ"
"ခင်ဗျားဟာ သေချင်သေသွားလိမ့်မယ်။ ရုပ်ပိုင်းဆိုင်ရာ၊
ဒါမှမဟုတ် အခြားတစ်ခုခုအပေါ်မှာ ခင်ဗျားလုပ်ဆောင်နိုင်တဲ့ အတိုင်းအတာအပေါ်
ကန့်သတ်ချက်တွေ အမြဲထားနေမယ်ဆိုရင်တော့ ကျန်ဘဝတစ်လျောက်လုံး ဒီအကန့်အသတ်က
လွှမ်းမိုးနေလိမ့်မယ်။ ဒီကန့်သတ်ချက်က ခင်ဗျားရဲ့အလုပ်၊ အကျင့်စရိုက်၊
ဘဝဖြစ်တည်မှု တစ်ခုလုံးအပေါ် လွှမ်းမိုးအနိုင်ယူနေလိမ့်မယ်။
ကန့်သတ်ချက်ဆိုတာ ရှိမနေပါဘူးဗျာ။ တိုးတက်ပြောင်းလဲနေတာပဲ ရှိတာပါ။
ဒါပေမဲ့ အဲဒီတိုးတက်မှုအပေါ် သာယာမနေဘဲ သာလွန်တိုးတက်အောင်
ဆက်လက်ကြိုးစားရပါမယ်။ ကန့်သတ်ချက်တွေ ထားနေမယ်ဆိုရင် ခင်ဗျားဘဝ သေသလို
ဖြစ်သွားလိမ့်မယ်။ လူတစ်ဦးက မိမိအဆင့်အတန်းကို အမြဲမပြတ်
သာလွန်တိုးတက်အောင် ကြိုးစားနေရပါမယ်"
နေလင်းအောင် ဘာသာပြန်ဆိုသည်။
Ref; From The Art of Expressing the Human Body
By Bruce Lee, John Little
ကိုယ်တိုင်က အင်္ဂလိပ်စာ လေ့လာနေဆဲ ဖြစ်သလို အင်္ဂလိပ်စာ လေ့လာလိုတဲ့
ညီငယ်၊ညီမငယ်များ အကျိုးအတွက် အဆင်ပြေတဲ့အခါတိုင်း မူရင်းအင်္ဂလိပ်စာ
တင်ပြပေးပါမယ်။ ကျွန်တော့်ရဲ့ ဘာသာပြန်အားနည်းချက်များကို မည်သူမဆို
ထောက်ပြဝေဖန်နိုင်ပါတယ်။ တစ်ခု ပန်ကြားလိုတာကတော့ ကျွန်တော်ရဲ့
ဘာသာပြန်စာမူအချို့မှာ အင်္ဂလိပ်စာလေ့လာရေး မဂ္ဂဇင်းအချို့တွင်
ဖော်ပြခံနေရသော စာမူများဖြစ်သဖြင့် ကိုယ်တိုင် ပြန်ဆိုခြင်းမဟုတ်ဘဲ
ခိုးယူမဖော်ပြရန် ပန်ကြားအပ်ပါတယ်။
A man must constantly exceed his level!
"Bruce had me up to three miles a day, really at a good pace. We'd
run the three miles in twenty-one or twenty-two minutes. Just under
eight minutes a mile [Note: when running on his own in 1968, Lee would
get his time down to six-and-a half minutes per mile].
So this morning he said to me "We're going to go five." I said,
"Bruce, I can't go five. I'm a helluva, lot older than you are, and I
can't do five." He said, "When we get to three, we'll shift gears and
it's only two more and you'll do it."
I said "Okay, hell, I'll go for it." So we get to three, we go into
the fourth mile and I'm okay for three or four minutes, and then I
really begin to give out. I'm tired, my heart's pounding, I can't go
any more and so I say to him, "Bruce if I run any more," –and we're
still running-" if I run any more I'm liable to have a heart attack
and die."
He said, "Then die." It made me so mad that I went the full five miles.
Afterward I went to the shower and then I wanted to talk to him about
it. I said, you know, "Why did you say that?"
He said, "Because you might as well be dead. Seriously, if you always
put limits on what you can do, physical or anything else, it'll spread
over into the rest of your life. It'll spread into your work, into
your morality, into your entire being. There are no limits. There are
plateaus, but you must not stay there, you must go beyond them. If it
kills you, it kills you. A man must constantly exceed his level."
From The Art of Expressing the Human Body
By Bruce Lee, John Little
Vocabulary
Pace-ခြေလှမ်း။ ခြေတစ်လှမ်း၏ အကွာအဝေး။ လမ်းလျှောက်သည့် အရှိန်နှုန်း
Helluva(hell)-ဆင်းရဲဒုက္ခ ရောက်သည့်နေရာ။ ဒေါသ၊ အံ့သြမှုတို့အတွက် အာမေဍိတ်စကား။
Lot-အမြောက်အမြား
Shift-အနေအထားပြောင်းလဲသည်။ ဂီယာပြောင်းသည်။
Pound- ခုန်သည်(နှလုံး)။ အပြင်းအထန်ရိုက်နှက်သည်။
Liable-အလားအလာရှိသော။ လုပ်ရန်တာဝန်ရှိသော။
Heart attack- နှလုံးသွေးကြော ရုတ်တရက် ပိတ်ဆို့ခြင်း
Mad-ရူးမိုက်သော၊ စိတ်ဆိုးသော
Shower-သန့်စင်ခန်း၊ ရေပန်း။
Morality-အကျင့်စရိုက်။ စာရိတ္တ။
Plateau- တိုးတက်ပြီးနောက် အနည်းငယ်ပြောင်းလဲသောအခြေအနေ။

Thursday, May 10, 2012

ဘလော့ဂ်စာပေများ ခိုးကူးမှုပြဿနာ


  
နေလင်းအောင်
ဒီနေ့ အွန်လိုင်းဘလော့ဂ်လောကမှာ ကိုယ်တိုင် စာရေးသားနေသူများ စိတ်အနှောင့်အယှက် ဖြစ်နေရတဲ့ ပြဿနာတစ်ခုမှာ “ဘလော့ဂ်စာပေများ ခိုးကူးမှုပြဿနာ” ဖြစ်ပါတယ်။ ဒီနေရာမှာ ခိုးကူးတယ်ဆိုတာ မူရင်းစာရေးသားသူရဲ့ စာမူနဲ့ နာမည်ကို ကူးယူရေးသား၊ မျှဝေခြင်းကို မဆိုလိုပါ။ မူရင်းရေးသားသူရဲ့ စာမူကို ၏၊ သည် မရွေးကူးချပြီး စာမူအောက်ပိုင်းတွင် ကိုယ်တိုင်ရေးဆိုသလို ရေးသားထားခြင်းပါ။ ဒါဟာ အွန်လိုင်းစာပေလောကမှာ သိက္ခာအမဲ့ဆုံး လုပ်ရပ်တစ်ခုပါ။ အွန်လိုင်းမှာက website ပေါင်း သန်းချီရှိနေတဲ့အတွက် သာမန်အားဖြင့် စာမူခိုးယူမှု ပြဿနာဟာ ချက်ချင်းလက်ငင်း သိချင်မှသိမှာပါ။ တစ်ချိန်ချိန် အဖြစ်မှန်ပေါ်လာတဲ့အခါ တကယ်ရေးသားခဲ့သူကို စာဖတ်သူများက အထင်လွဲစေနိုင်သလို ကူးယူရေးသားသူလည်း အဖက်ဆယ်လို့မရတော့အောင် သိက္ခာကျသွားနိုင်ပါတယ်။
ကိုယ်တိုင် အောင်မြင်ကျော်ကြားတဲ့ ဘလော့ဂါဖြစ်ချင်တဲ့ ညီငယ်၊ညီမငယ်တွေကို အကြံပေးချင်ပါတယ်။ စာမူတစ်ပုဒ် ရေးသားတဲ့အခါ ဘယ်တော့မှ သူများရေးပြီးသားစာမူကို ကူးမချပါနဲ့။ နှစ်သက်မိလို့ ပြန်မျှဝေပေးချင်လျှင် မူရင်းစာရေးသူနာမည်နဲ့ ပြန်မျှဝေသင့်ပါတယ်။ ဒါမှမဟုတ်လည်း ကိုယ်တိုင်ရေးသားချင်တယ်ဆိုရင်တော့ ကိုယ်နားလည်သလို ရေးနိုင်ပါတယ်။ ဒါမှမဟုတ် စာရေးဆရာ ဘယ်သူရေးတဲ့စာမူမှာ ဒီလိုဆိုထားပါတယ်ဆိုပြီး မျက်တောင်အဖွင့်အပိတ်နဲ့ မူရင်းအတိုင်း ရေးသားဖော်ပြနိုင်ပါတယ်။ အွန်လိုင်းမှာ စာမူခိုးယူမှု ပြဿနာကြောင့် မူရင်းစာရေးသူနာမည်တွေ မသိရတော့တာမျိုး အထူးသဖြင့် အင်္ဂလိပ်ဘာသာနဲ့ရေးတဲ့ website  များတွင် Author Unknown  ဆိုတဲ့ စာမူများက သက်သေပြနေပါတယ်။
မိမိကိုယ်တိုင် ပင်ကိုယ်ရေးသားတဲ့ စာမူများ၊ ကဗျာ၊ ဝတ္ထု၊ ဆောင်းပါး စသည်ဖြင့် ရေးသားနိုင်တယ်ဆိုရင်တော့ အကောင်းဆုံးပါ။ ဘာသာပြန်စာပေများ ရေးသားလိုလျှင်လည်း မူရင်းစာမူခေါင်းစဉ်နဲ့ ရေးသားသူကို ရည်ညွှန်းပေးသင့်ပါတယ်။ စာမူတစ်ပုဒ်ကို ဘာသာပြန်ဆိုရာမှာ မိမိထက်အရင် ပြန်ဆိုပြီးသား ရှိချင်ရှိနိုင်ပါတယ်။ စာမူတစ်ပုဒ်ကို ကိုယ်တစ်ယောက်တည်းပဲ ဘာသာပြန်ဆိုရမယ်လို့တော့ ကန့်သတ်ထားခြင်းမရှိပါ။ မည်သူမဆို ဘာသာပြန်ဆိုနိုင်ပါတယ်။ မိမိကိုယ်တိုင် ပြန်ဆိုရေးသားတာ စစ်မှန်လျှင် ရေးသားဖော်ပြပြီးသား စာမူရှိနေပါစေ စိတ်ပူနေစရာ မလိုအပ်ပါ။ အကြောင်းအရာ တူညီလျှင်ပင် ဘာသာပြန်အရေးအသား မတူညီနိုင်ပါ။ မူရင်းအင်္ဂလိပ်စာခေါင်းစဉ် တူညီနေလျှင်လည်း စာကိုယ်ထဲမှာ ရေးသားထားတဲ့ အကြောင်းအရာ အနည်းအများ ကွဲလွဲနေနိုင်ပါသေးတယ်။ အဓိကလိုအပ်ချက်ကတော့ ကိုယ်တိုင်ဘာသာပြန်ဆိုတာ ဖြစ်နေဖို့ပါပဲ။ ဒီလိုမဟုတ်ဘဲ အခြားသူများ ပြန်ဆိုထားတဲ့ စာမူကို ကူးယူဖော်ပြခဲ့မယ်ဆိုရင်တော့ သိက္ခာကျဆင်းစေနိုင်ရုံသာမက ဘလော့ဂ်လောကမှလည်း အပြီးအပိုင် လွှင့်စင်သွားပါလိမ့်မယ်။
ကျွန်တော့်ကိုယ်တိုင် ကြုံခဲ့ဖူးတာလေး ပြောပြချင်ပါတယ်။ ကျွန်တော် စာမူတစ်ပုဒ်ပြီးတိုင်း စာမူအောက်ခြေတွင်--
နေလင်းအောင် ဘာသာပြန်ဆိုသည်။
Labels: ဘာသာပြန်ရသ
ကျွန်တော့်ကိုယ်တိုင်ရေး www.nla2012.blogspot.comမှ ကူးယူဖော်ပြပါသည်။
ဆိုပြီး ရေးသားပေးပါတယ်။
          “နေလင်းအောင် ဘာသာပြန်ဆိုသည်” ဆိုသည်မှာ ကိုယ်တိုင် အင်္ဂလိပ်စာမှ မြန်မာဘာသာ ပြန်ဆိုခြင်းဖြစ်ကြောင်း ပြောလိုတာပါ။ “Ref ကတော့ မူရင်းအင်္ဂလိပ်စာဖတ်ချင်တဲ့ စာဖတ်သူများ Search Engine ဖြင့်ရှာရာတွင် လွယ်ကူစေဖို့ပါ။ By Unknown ဆိုတာကတော့ မူရင်းစာရေးသူ မသိရတော့တာမျိုးကို ဖော်ပြနေပါတယ်။ “Labels;မှာ ဘာသာပြန်ရသဆိုတာ မိမိကိုယ်တိုင် ပင်ကိုယ်ရေးမဟုတ်ဘဲ ကိုယ်တိုင် ဘာသာပြန်ဆိုထားကြောင်းကို ပြောချင်တာပါ။ “ကျွန်တော့်ကိုယ်တိုင်ရေး www.nla2012.blogspot.comမှ ကူးယူဖော်ပြသည်။” ဆိုတဲ့ စာကြောင်းမှာတော့ ကျွန်တော့်ရဲ့ စကားအသုံးအနှုန်း မထိရောက်မူကြောင့် နားလည်မူ လွဲသွားနိုင်ပါတယ်။ ကျွန်တော်ဆိုလိုသည့် အဓိပ္ပါယ်မှာ “ကိုယ်တစ်ယောက်တည်းသာရေးတဲ့ ကိုယ်ပိုင်ဘလော့ဂ်လိပ်စာ”ကို ရည်ညွှန်းတာပါ။ ဒါနဲ့ပတ်သက်ပြီး  ဘလော့ဂါတစ်ယောက်က ပြောလာပါတယ်။
နေလင်းအောင်....သို့ 
ကိုယ်တိုင်ရေးလို့ ရေးထားတယ်...ဘယ်အချိန်ကရေးတာလည်း.....တကယ်ဘဲကိုယ်တိုင်ရေးလား.. တကယ်ဘဲကိုယ်တိုင်ဘာသာပြန်ခဲ့ တာလား...တော့သိချင်သားနော်... ဒီဧဒင်ဥယျာဉ်မှာ..၂၀၁၀ ခုနှစ်ကဖတ်မိတာလေးပြန်တင်ပေးရမလား....ရေးထားတာက...၂၀၀၈ -၂၀၀၉ ကပါ။”
 ဒါဟာ ပြောသင့်ပြောထိုက်တဲ့ စကားပါ။ ဒီလို ပြောလာတဲ့အတွက်လည်း စာရေးသူအချို့ကို (အားလုံးမဆိုလိုပါ)မရိုးမသားနဲ့ သူများစာမူခိုးပြီး ကိုယ့်စာမူမလုပ်ဖို့သတိပေးနေပါတယ်။ ဒီလို မေးလာတဲ့အတွက် ကျွန်တော် ဖြေရှင်းချက် ပေးခဲ့ရပါတယ်။ အကြောင်းအရာ တူနေရင်တောင် ဘာသာပြန်ဆိုပုံနဲ့ စာအရေးအသား မတူညီနိုင်ပါလို့ပေါ့။ ဒီထက်လည်းပိုပြီး ပြောခဲ့မိပါတယ်။ ကိုယ်တိုင် အင်္ဂလိပ်စာနဲ့ မဟာဘွဲ့ရထား သူတစ်ယောက်ပေါ့။ ဒါကို ကျွန်တော်ပြောချင်တဲ့အဓိပ္ပါယ်ကတစ်ခု သူနားလည်တဲ့ အဓိပ္ပါယ်ကတစ်ခု ဖြစ်နေပါသေးတယ်။ “ကိုယ်တိုင်ရေးဘာသာပြန်လို့ ရေးထားတာတွေ့ တဲ့ . ..ဆင်းရဲခြင်းဆိုတာပိုစ့် ကိုအတော်အံ့သြမိပါတယ်..။ ဘာသာပြန်ဆိုတော့လူတိုင်းလည်းပြန်နိုင်ပါလိမ့်မယ်....”တဲ့။ ကျွန်တော် ပြောချင်တာက မဟာဘွဲ့ရထားတဲ့ လူတစ်ဦးအနေနဲ့ ဘာသာပြန် စာမူတစ်ပုဒ်ကို ကိုယ့်ဘွဲ့ကိုယ့်ဂုဏ်သိက္ခာကို  မထောက်ထားဘဲ သူများစာမူ ခိုးကူးလောက်အောင် အောက်တန်းမကျဘူးလို့ပြောချင်တာပါ။ တကယ်လည်း သူ့စာမူ သူပို့ပေး၍ ကျွန်တော်ဖတ်ခဲ့ရတော့ မူရင်းအကြောင်းအရာ ဆင်တူပေမဲ့ စာအရေးအသား၊ ဝါကျတည်ဆောက်ပုံ၊ ပေးစွမ်းချင်တဲ့ အတွေးခံစားချက်တွေ လုံးဝမတူပါ။ စာဖတ်သူများ ယှဉ်ကြည့်နိုင်ဖို့ ဒီဆောင်းပါးအောက်ဆုံးမှာ စာမူနှစ်ပုဒ် ယှဉ်တွဲဖော်ပြ ပေးထားပါတယ်။
ကျွန်တော် ဘလော့ဂ်လောကရောက်တာ မကြာသေးတဲ့အတွက် စာမူအများအပြား မဖတ်နိုင်သေးပါ။ အင်တာနက်သုံးဖို့ အချိန်အကန့်အသတ် ရှိနေတာရော တစ်ချက်အပါအဝင်ပေါ့။ ဒါကြောင့် ကျွန်တော်ရေးတင်မဲ့စာမူ ပြန်ဆိုပြီးသားရှိနေရင်လည်း သိချင်မှသိမှာပါ။ ကိုယ်တိုင် ဘာသာပြန်ဆိုတဲ့အတွက် ရေးတင်ပြီးသား ရှိနေလျှင်လည်း ဘာမှ စိတ်ပူနေစရာ မလိုအပ်ဘူးထင်ပါတယ်။   
ကျွန်တော် ဘလော့ဂ်လောက မဝင်ရောက်မီက စာရေးဆရာမ နိုင်းနိုင်းစနေရဲ့ အင်တာဗျူးတစ်ခု ဖတ်ခဲ့ဖူးပါတယ်။ အွန်လိုင်းဘလော့ဂ်လောကမှာ အဓိကကြုံတွေ့နေရတဲ့ စာမူခိုးယူမှု ပြဿနာအကြောင်းပါ။ အဲဒီစာမူ ဖတ်ပြီးကတည်းက ကိုယ်တိုင် ဘလော့ဂ်လောက ရောက်တဲ့အခါ ဘယ်တော့မှ သူများရေးပြီးသားစာမူကို ကိုယ်တိုင်ရေးဆိုပြီး မလုပ်ဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်။ နာမည်ရပြီးသား ဆရာဝန်စာရေးဆရာ သက်တန့်ချိုနဲ့ ကျွန်တော် မကြာသေးမီက The 4 Wives ဆိုတဲ့ စာမူတစ်ပုဒ်ကို ရှေ့ဆင့်နောက်ဆင့် ဖော်ပြခဲ့ဘူးပါတယ်။ ဆရာအရင်ပြန်ဆိုတာလား၊ ကျွန်တော်အရင် ပြန်ဆိုတာလားတော့ သတိမထားမိပါ။ စာမူကို ဘာသာပြန်ဆိုရာမှာလည်း မိမိနားလည်သလို ရေးသားခဲ့တဲ့အတွက် ဆရာနဲ့ကျွန်တော် စာအရေးအသား မတူညီခဲ့ပါ။ ဆရာစာမူ Facebook မှာ ပါလာတော့မှ ကျွန်တော့်ရဲ့ ဘာသာပြန် အားနည်းချက်အချို့ကို တွေ့မြင်ခဲ့မိပါတယ်။ ဒီအတွက် ဆရာ့ကို ကျေးဇူးတင်မိသလို ကျွန်တော် ကိုယ့်လိပ်ပြာကိုယ်လုံကြောင်းလည်း စာဖတ်သူတွေကို သိစေချင်မိပါတယ်။
ယခုလည်း ဂျာနယ်မဂ္ဂဇင်းအချို့မှာ အခြားကလောင်နာမည်များဖြင့် စာမူများ ရေးသားနေသလို ရှေ့ဆက်ပြီးလည်း ရေးသားနေဦးမှာပါ။ အွန်လိုင်းဘလော့ဂ် လောကမှာလည်း နေလင်းအောင် ကလောင်နာမည်ဖြင့် ကျွန်တော့်စာမူတွေ ဆက်လက်ဖော်ပြ ပေးသွားမှာပါ။ စာမူနဲ့ပတ်သက်ရင် မည်သူမဆို ပြောဆိုဝေဖန်နိုင်ပါတယ်။ စာဖတ်သူ သူငယ်ချင်းမိတ်ဆွေများရဲ့ ဝေဖန်အကြံဥာဏ်ကို နာခံလိုက်နာရင်း နောင်ဒီထက်ပိုကောင်းအောင် ကြိုးစားသွားပါမယ်။ တစ်ခု အသိပေးလိုတာကတော့ ကျွန်တော် ဘယ်တော့မှ သူများရေးပြီးသားစာမူကို ခိုးယူဖော်ပြ လိမ့်မည်မဟုတ်ပါကြောင်း…..။

ကျေးဇူးတင်လွှာ
ကျွန်တော့်ကို ဒီစာမူရေးဖို့ တွန်းအားဖြစ်စေခဲ့တဲ့ ဘလော့ဂါ ရွှေအိမ်စည်ကို ကျေးဇူးတင်မိပါကြောင်း ….သူနဲ့ ကျွန်တော့်စာမူကို နှိုင်းယှဉ်ကြည့်ပြီး ကျွန်တော် စာမူခိုးမခိုးကိုတော့ စာဖတ်သူများကသာ ဆုံးဖြတ်ပေးစေချင်ပါတယ်။ 
အောက်ဖော်ပြပါ စာမူကတော့ ကျွန်တော် ဘာသာပြန်ဆိုတဲ့ မူရင်းအင်္ဂလိပ်စာပါ။

How the poor live  

One day, a father of a very wealthy family took his son on a trip to the country with the firm purpose of showing his son how poor people live. They spent a couple of days and nights on the farm of what would be considered a very poor family. On their return from their trip, the father asked his son, “How was the trip?”
“It was great, Dad.”
“Did you see how poor people live?” the father asked.
“Oh yeah,” said the son.
“So, tell me, what did you learn from the trip?” asked the father.
The son answered, “I saw that we have one dog and they had four. We have a pool that reaches to the middle of our garden, and they have a creek that has no end. We have imported lanterns in our garden, and they have the stars at night. Our patio reaches to the front yard, and they have the whole horizon. We have a small piece of land to live on, and they have fields that go beyond our sight. We have servants who serve us, but they serve others. We buy our food, but they grow theirs. We have walls around our property to protect us; they have friends to protect them.”
The boy’s father was speechless.
Then his son added, “Thanks, Dad, for showing me how poor we are.”
 Author Unknown


အောက်ဖော်ပြပါ စာမူကတော့ ကျွန်တော် မြန်မာလို သင့်လျော်အောင် ပြန်ဆိုထားတဲ့စာမူပါ။
မျက်စိလျှံသွားတာကြောင့် အောက်ဆုံးစာကြောင်းမှာ ဘာသာပြန်အရေးအသား မှားသွားတာကိုတော့ စာဖတ်သူတွေကို သိစေချင်လို့ မပြုပြင်ဘဲ မူရင်းအတိုင်း တင်ပြလိုက်ပါတယ်။

ဆင်းရဲမှုဆိုတာ ပျော်စရာအကောင်းသား
နေလင်းအောင်
          တစ်နေ့မှာ ချမ်းသာတဲ့မိသားစုက ဖခင်တစ်ဦးဟာ သားဖြစ်သူနဲ့အတူ ကျေးလက်ဒေသကို ထွက်ခွါသွားတယ်။ ဆင်းရဲတဲ့မိသားစုတွေ ဘယ်လိုနေထိုင်ရတယ်ဆိုတာ သားဖြစ်သူကို သိစေချင်လို့ပါ။ သူတို့သားအဖဟာ အလွန်ဆင်းရဲပုံရှိတဲ့ မိသားစုရဲ့လယ်ထဲမှာ နှစ်ရက်တာ ကုန်လွန်ခဲ့ကြတယ်။ အပြန်ခရီးမှာတော့ ဖခင်က သားဖြစ်သူကို မေးလာပါတယ်။
        "သားရေ..ခရီးထွက်ရတာ ဘယ်လိုနေလဲ"
        "သိပ်ပြီး ပျော်စရာကောင်းပါတယ်..ဖေဖေ"
        "ဆင်းရဲသားတွေ ဘယ်လိုနေထိုင်ရတယ်ဆိုတာ သားမြင်တွေ့ခဲ့တယ်မို့လား"
        "မြင်ခဲ့တာပေါ့ဖေဖေ"
        "ဒါဆို..ဖေဖေကိုပြောပါဦး။ ဒီခရီးကနေ သားဘာတွေ သိရှိလာခဲ့တာလဲ"
        "သားတို့မှာ ခွေးတစ်ကောင်တည်းရှိပေမဲ့ သူတို့မှာတော့ ခွေးလေးကောင်ရှိနေတယ်။ သားတို့မှာ ဥယျာဉ်အလယ်ထိရောက်တဲ့ ရေကန်တစ်ကန်ရှိနေပေမဲ့ သူတို့မှာတော့ အဆုံးအဆမဲ့ စမ်းချောင်းလေးရှိနေတယ်။ သားတို့ဥယျာဉ်ထဲမှာ ညအခါ နိုင်ငံခြားကလာတဲ့ မီးသီးတွေနဲ့ လင်းနေပေမဲ့ သူတို့မှာတော့ ကြယ်တွေနဲ့လင်းနေပါတယ်။ သားတို့အိမ်ရှေ့ ပေါ်တီကိုက ရှေ့ဘက်ခြံဝန်းအထိသာ ရှိနေပေမဲ့ သူတို့မှာတော့ မိုးကုတ်စက်ဝိုင်းတစ်ခုလုံး ရှိနေပါတယ်။ သားတို့မှာ နေထိုင်စရာ မြေအနည်းငယ်သာရှိနေပေမဲ့ သူတို့မှာ မျက်စိတစ်ဆုံး လယ်ကွင်းပြင်တွေ ရှိနေပါတယ်။ သားတို့ကို ပြုစုလုပ်ကျွေးမဲ့ အစေခံတွေ ရှိနေပေမဲ့ သူတို့ကတော့ အခြားသူတွေကို ပြုစုလုပ်ကျွေးကြတယ်။ သားတို့က အစားအစာတွေ ဝယ်စားရပေမဲ့ သူတို့ကတော့ ကိုယ်တိုင်စိုက်ပျိုးစားကြတယ်။ သားတို့ရဲ့ ဥစ္စာဓနတွေကို ကာကွယ်ဖို့ အုတ်နံရံတွေရှိနေပေမဲ့ သူတို့မှာ အကာအကွယ်ပေးမဲ့ မိတ်ဆွေကောင်းတွေ ရှိနေပါတယ်"
        သားဖြစ်သူရဲ့စကားတွေကြောင့် ဖခင်မှာ ဘာမှမပြောနိုင် ဖြစ်နေရပါတယ်။
        သားဖြစ်သူက ဆက်လက်ပြီး ပြောဆိုပါသေးတယ်။
       "ဖေဖေ့ကို သား ကျေးဇူးတင်ပါတယ်။ ဆင်းရဲမှုဟာ ဘယ်လိုဟာမျိုးလဲဆိုတာ သားကို သိစေတဲ့အတွက်ကြောင့်ပါ"
စဉ်းစားဆင်ခြင်စရာ
         ချမ်းသာတယ်၊ ဆင်းရဲတယ်ဆိုတာ လူတွေရဲ့ သတ်မှတ်ချက်မျှသာ…။ချမ်းသာတဲ့မိသားစုက ဆင်းသက်လာတဲ့ ကလေးတစ်ယောက်ဟာ ဆင်းရဲမှုဆိုတာ ဘာမှန်းမသိသလို ဆင်းရဲတဲ့မိသားစုက ဆင်းသက်လာတဲ့ ကလေးတစ်ယောက်ကလည်း ချမ်းသာမှုဆိုတာ ဘယ်လိုဟာမျိုးလဲလို့ သိချင်မှသိမှာပါ။ ဒီပုံပြင်ထဲမှာဆိုရင် ချမ်းသာတဲ့မိသားစုက ကလေးငယ်ဟာ ဆင်းရဲမှုဆိုတာ ပျော်စရာအကောင်းသားလို့ ထင်နေမိပါတယ်။
        ကျွန်တော် ကာတွန်းတစ်ပုဒ် ဖတ်ဖူးပါတယ်။ ဆင်းရဲတဲ့လူကပြောတယ်-"ကျွန်တော်ကတော့ နဖူးကချွေး ခြေမကျမှ ထမင်းစားရတဲ့ ဘဝပါ"တဲ့။ ချမ်းသာတဲ့ လူကပြောပြန်တယ်-"ကျွန်တော်ကတော့ ကိုယ့်ခြေမတောင် မမြင်ရတဲ့ ဘဝပါဗျာ"တဲ့။ သူဟာ ဘီယာဗိုက်ကြောင့် ကိုယ့်ခြေမကို မမြင်ရတာ ညည်းညူနေတာပါ။ ကျွန်တော် ပြောချင်တာကတော့ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ လူတိုင်းဟာ မိမိဘဝကို ကြံဖန်ပြီး ညည်းနေတတ်တယ် ဆိုတာပါပဲ။ တစ်ကယ်တော့ ချမ်းသာမှုအားလုံးထဲမှာ စိတ်ချမ်းသာမှုကသာ အရေးအကြီးဆုံးပါ။
နေလင်းအောင် ဘာသာပြန်ဆိုသည်။
Labels: ဘာသာပြန်ရသ
ကျွန်တော့်ကိုယ်တိုင်ရေး www.nla2012.blogspot.comမှ ကူးယူဖော်ပြပါသည်။
အောက်ဖော်ပြပါစာမူကတော့ စာရေးသူ ရွှေအိမ်စည်ရဲ့ စာမူပါ။
ဆင်းရဲ ခြင်းဆိုတာ
ရွှေအိမ်စည် (ShweAimSi) ရေးသားခဲ့သော ဘလော့ဖြစ်ပါသည် ။

ဆင်းရဲခြင်းဆိုတာ


တစ်ခါက သူဌေးကြီးတစ်ဦး ရှိလေသည်။ တစ်နေ့တွင် သူသည် သားကိုခေါ်ပြီး ရွာ
တစ်ရွာသို့ အလည်အပတ် သွားကြသည်။ အလည်အပတ် သွားရခြင်း၏ ရည်
ရွယ်ချက်မှာ “ဆင်းရဲခြင်း” ဆိုသည်ကို သားအား သိစေချင်သောကြောင့်၊ ဆင်း
ရဲသားများ၏ ဘ၀ကို ပြသချင်သောကြောင့်ဖြစ်သည်။ သူတို့သည် လယ်သမား
မိသားစု၏ နေအိမ်တွင် နှစ်ရက်ကြာ တည်းခိုခဲ့ကြသည်။
လယ်သမား၏ ကလေးများသည် အိမ်မွေး တိရစ္ဆာန်များအား ထိန်းကျောင်းရ
သည်။ လယ်ထဲတွင် ကူညီမည့် ခွေးများအား လေ့ကျင့်ပေးရသည်။ ညနေ အ
လုပ်နားချိန်တွင် အိမ်ဘေးရှိချောင်း၌ ရေချိုးကြသည်။ ငွေကြေး ချွေတာသော
အနေဖြင့် ညအခါ လရောက်အောက်တွင် အိမ်ရှေ့မျက်နှာစာရှိ ဥယျာဉ်၌ မိသား
စုများ ၀ိုင်းဖွဲ့ပြီး စကားစမြည် ပြောကြသည်။
ရွာမှ ပြန်လာပြီးနောက် သူဌေးက “သား... ဒီတခေါက်ခရီးထွက်တာ
ဘယ်လိုနေလဲ” ဟုမေးလေသည်။


“ကောင်းပါတယ် ဖေဖေ”
“ဆင်းရဲသားတွေ ဘယ်လောက်ဆင်းရဲတယ်ဆိုတာ မြင်ပြီမဟုတ်လား”
“မြင်ပါတယ်” ခေါင်းငြိမ့်ပြီး သားကပြန်ဖြေသည်။
“ဘာတွေမြင်ခဲ့လဲ ဖေဖေ့ကို ပြောပါဦး”
“သားတို့ အိမ်က သူတို့ထက် ပိုဆင်းရဲတယ် ဆိုတာကို သားမြင်လိုက်တယ်
ဖေဖေ... သားတို့မှာ အိမ်မွေးခွေး တစ်ကောင်ပဲရှိတယ်။ သူတို့မှာ ခွေး(၄)
ကောင်ရှိတယ်။ အဲဒီခွေးတွေဟာ ကလေးတွေရဲ့ အမိန့်ကိုတောင် နာခံကြတယ်။
စကားလဲ နားထောင်တယ်။
“နောက်ပြီး သားတို့ခြံမှာ ရေကူးကန် တစ်ကန်ပဲရှိတယ်။ သူတို့မှာ အဆုံးမရှိတဲ့
ချောင်းတစ်ချောင်းလုံးရှိတယ်။ သူငယ်ချင်းတွေနဲ့ တစ်နေ့ကုန် ရေကစားနေလို့ရ
တယ်။ ဒီရေကူးကန်မှာကျတော့ သားတစ်ယောက်ပဲရှိတယ်” သားက ဆက်ပြော
“နောက် သားတို့ ခြံအ၀င်ဝမှာပဲ လမ်းမီးတွေရှိတယ်။ သူတို့မှာ ကောင်ကင်းတစ်
ပြင်လုံး မရေမတွက်နိုင်တဲ့ ကြယ်ကလေးတွေ ရှိတယ်။ ညရောက်ရင် မိသားစု
တွေ ၀ိုင်းဖွဲ့ပြီး ပျော်ပျော်ပါးပါး စကားတွေပြောကြတယ်။ ဒါပေမဲ့ ဒီအိမ်မှာ သား
နဲ့ စကားပြောမဲ့သူ မရှိဘူး။ သားတို့အိမ်ရဲ့ အကျယ်အ၀န်းဟာ ဟိုနံရံအထိပဲ ရှိ
တယ်။ သူတို့မှာ တစ်မျှော်တစ်ခေါ်ကျယ်တဲ့ ခြံဝန်းရှိတယ်။”
သား၏ စကားအဆုံးတွင် သူဌေးကြီးမှာ နုတ်ဆိတ်လျှက် ရှိနေသည်။

အကြင်နာ မေတ္တာတွေရှိမယ်၊ သူငယ်ချင်း ရှိမယ်၊ မိသားစုရှိမယ်။
ကျန်းမာခြင်းရှိမယ်။ ဟာသဥာဏ်ရွှင်မယ်။ ဘာမဆို အကောင်းမြင်
တတ်အောင် ကြိုးစားမယ်ဆိုရင် ဘ၀မှာ သင်ဟာ အချမ်းသာဆုံးပါ။

သူငယ်ချင်းတိုင်း ကို ...လေးစားတန်ဘိုးထားလျှက်...
ရွှေအိမ်စည်
------------
သူငယ်ချင်းအားလုံးကို လေးစားချစ်ခင် တန်ဖိုးထားလျှက်…
နေလင်းအောင်

ပြောချင်ရာများ ပြောခဲ့ဖို့...