နေလင်းအောင်
တစ်ခါတုန်းက မျိုးစေ့လေးတစ်စေ့ရှိခဲ့သည်။ သူသည် မျိုးစေ့လေးတစ်စေ့မျှသာ ဖြစ်သောကြောင့်မည်သူကမှ သူ့အား သတိမှုမိခြင်း မရှိချေ။ ထို့ကြောင့် မိမိကိုယ်ကို သိမ်ငယ်စိတ်ဝင်ကာ သူ၏ ဖြစ်တည်မူသည် အရေးမပါဟု တွေးထင်နေခဲ့မိသည်။
တစ်နေ့တွင် သူသည် လေတိုက်ခတ်မှုကြောင့် လွှင့်ပါသွားခဲ့ရသည်။ ဤသို့ လွှင့်ပါသွားရသည်မှာ မတော်တဆဖြစ်ရပ်ကြောင့်လား၊ အခြား ရည်ရွယ်ချက်တစ်ခုခုကြောင့်လား သူမသိပေ။ လေသည် သူ့အား အကြင်နာတရားကင်းမဲ့စွာဖြင့် မနေနိုင်လောင်အောင် ပူပြင်းနေသည့် ကွင်းပြင်ကြီးတစ်ခုထဲသို့ ပစ်လွှတ်လိုက်ပါသည်။ သူသည် ထိုနေရာတွင် နေထိုင်ရန် ငြင်းဆန်ပါသေးသည်။ "ဘာကြောင့်များ အကြင်နာတရား ခေါင်ပါးရတာလဲ" ဟု သူက မေးမြန်းလိုက်သည်။ မည်သည့် အဖြေမှ ပြန်မရသည့်အပြင် မိုးဖွဲ့ဖွဲ့ကျမှုဒဏ်ရော၊ မိုးသည်းထန်မှုဒဏ်ပါ ခံရပြန်သည်။
ဤသို့ဖြင့် သူသည် နှစ်ပေါင်းအတော်ကြာ လေဒဏ်မိုးဒဏ်ကို ခံစားခဲ့ရသည်။ တစ်နေ့တွင် ခရီးသည်တစ်ဦးသည် သူ၏ဘေးသို့ ရောက်လာခဲ့သည်။ "ကျေးဇူးပဲဗျာ။ ခင်ဗျားရဲ့ အရိပ်အောက်မှာ နားခိုဖို့ တစ်ကယ့်ကို လိုအပ်နေလို့ပါ" ဟု ထိုခရီးသည် ပြောဆိုသည်ကို သူကြားလိုက်ရသည်။
"ခင်ဗျား .. ဘာတွေပြောနေတာလဲ" ဟု မျိုးစေ့လေးက ချက်ချင်းပင် မေးမြန်းလိုက်သည်။ ထိုသူသည် သူ့အားနောက်ပြောင်နေသည်ဟု မျိုးစေ့လေးက တွေးထင်နေခဲ့သည်။ မကြာသေးမီနှစ်များစွာက သူ့ဘေးသို့ လူပေါင်းများစွာ ရောက်ရှိလာခဲ့သော်လည်း သူ့အား စကားပြောဆိုခြင်းပင် မရှိပေ။
"အခုပြောလိုက်တာ ဘယ်သူလဲ" ဟု ခရီးသည်က အထိတ်တလန့် မေးလိုက်သည်။
"ကျုပ်ပါ။ မျိုးစေ့လေးတစ်စေ့ပေါ့"
"မျိုးစေ့လေး ...ဟုတ်လား"ဟု ခရီးသည်က သစ်ပင်ကြီးကို မော့ကြည့်ကာ မေးပြန်သည်။" ကျုပ်ကို နောက်ပြောင်နေတာလား။ ခင်ဗျားက မျိုးစေ့လေးမဟုတ်ဘူးလေ။ သိပ်ကို ကြီးမားတဲ့ သစ်ပင်ကြီးတစ်ပင်ပေါ့"
"တစ်ကယ်လားဗျ"
"ဟုတ်တယ်လေ။ အခြားသူတွေ ခင်ဗျားဘေးကို ဘာကြောင့် ရောက်လာရတယ်ဆိုတာ သိလားဗျ"
"ကျုပ်မသိပါဘူး။ ဘာကြောင့်လဲဆိုတာ ပြောပြစေချင်ပါတယ်"
"ခင်ဗျားရဲ့ အရိပ်အောက်မှာ နားခိုဖို့ပေါ့ဗျာ"
ခရီးသည်၏ စကားကြောင့် မျိုးစေ့လေးသည် စဉ်းစားတွေးတောကာ သူ၏ အရေးပါမှုကို သိမြင်လာခဲ့သည်။
ယခုတော့ သစ်ပင်ကြီးတစ်ပင် ဖြစ်နေသည်ကို သိရှိလာသော မျိုးစေ့လေးသည် သူ့ဘဝတွင် ပထမဆုံးအကြိမ် ပြုံးလိုက်မိသည်။ သူသည် နေမင်းနှင့် မိုးတို့က နှစ်ပေါင်းအတော်ကြာ အညှာအတာကင်းမဲ့စွာဖြင့် ပြုမူရခြင်းအကြောင်းရင်းကို သိမြင်လာခဲ့သည်။
"အို...ခုတော့ ငါဟာ မျိုးစေ့လေးတစ်စေ့ မဟုတ်တော့ဘူး။ လူတွေ နားခိုဖို့ အပင်ကြီးတစ်ပင် ဖြစ်တည်လာတဲ့အတွက် လူတွေ သတိမမူမိဘဲ ငါသေရတော့မှာ မဟုတ်တော့ဘူး။ ခုမှဘဲ ငါ့ဘဝက ရတနာတစ်ပါးလို နေရကြိုးနပ်ပါကလား"
နေလင်းအောင် ဘာသာပြန်ဆိုသည်။
Ref;The Seed By Unknown
Labels: ဘာသာပြန်ရသ
No comments:
Post a Comment