Tuesday, May 1, 2012

ပန်းကုန်သည်နှစ်ဦး


နေလင်းအောင်

တစ်နေ့မှာ ပန်းကုန်သည်နှစ်ဦးဟာ ဘေးချင်းကပ်လျက် ဈေးဆိုင်တစ်ဆိုင်စီ တည်ထောင်ကြပါတယ်။ သူတို့နှစ်ဦးဟာ တစ်နေ့တည်းမှာပဲ စတင်ဆိုင်ဖွင့်ကြတယ်။ ရနံ့မွေးကြိုင်တဲ့ပန်းတွေ ရွေးချယ်ရောင်းချရုံသာမက ကောင်းမွန်တဲ့ ပန်းပင်များရဲ့ ဈေးနှုန်းလည်း တူညီကြပါတယ်။ ပန်းကုန်သည်နှစ်ဦးလုံးက ပန်းပင်များကို အထူးဂရုစိုက်သလို ဝယ်ယူသူများကိုလည်း ကြင်ကြင်နာနာ ယဉ်ယဉ်ကျေးကျေး ဆက်ဆံကြပါတယ်။ တကယ်တော့ သူတို့နှစ်ဦးရဲ့ ဈေးဆိုင်တွေဟာ အစစအရာရာ တူညီနေသလိုပါပဲ။

ကနဦးမှာတော့ ပန်းကုန်သည်တွေဟာ သူတို့ရဲ့ ဈေးဆိုင်ကနေ တူညီတဲ့ ဝင်ငွေပမာဏ ရရှိပါတယ်။ ဒါပေမဲ့ ရက်အတန်ကြာတဲ့အခါ ပထမပန်းကုန်သည်ရဲ့ ဈေးဆိုင်က လူထုအကြား ပိုပြီးရေပန်းစားလာတယ်။ ဒုတိယပန်းကုန်သည်က ဒါကိုသတိပြုမိတဲ့အခါ စိုးရိမ်ပူပန်လာတော့တယ်။ ဝယ်ယူသူနည်းတဲ့ တစ်နေ့မှာတော့ ဒီအကြောင်းရင်းကိုစုံစမ်းဖို့ သူဆုံးဖြတ်လိုက်တယ်။ သူ့ဘေးရှိ ပန်းကုန်သည်ဆီသွားရန် ဆိုင်တံခါးမှ ထွက်လိုက်တဲ့အခါ သူ့ဆီမှာ တစ်ပတ်တစ်ကြိမ် ဝယ်ယူနေကျ ဖောက်သည်တစ်ဦးဟာ ပထမပန်းကုန်သည်ထံမှ ပန်းများဝယ်ယူကာ ထွက်ခွါလာကြောင်း တွေ့ရတယ်။ ဒုတိယပန်းကုန်သည်က သူ့မျက်လုံးသူ မယုံနိုင်ဖြစ်သွားပြီး ပထမ ပန်းကုန်သည်ရဲ့ဆိုင်ထဲ ကမန်းကတန်း ပြေးဝင်လိုက်တယ်။

ပထမပန်းကုန်သည်ရဲ့ ဆိုင်ထဲမှာက ဈေးဝယ်သူတွေ ပြည့်နှက်နေခဲ့ပါတယ်။ သူ့ရဲ့ပြိုင်ဘက် ပထမကုန်သည်ဟာ ငွေပေးချေမှုကို ကိုယ်တိုင်မပြုလုပ်ကြောင်း တွေ့မြင်ရပါတယ်။ ပထမပန်းကုန်သည်က ဈေးဆိုင်ထဲရှိ လူသွားလမ်းတွင် သွားလာကာ ဈေးဝယ်သူတွေနဲ့ စကားစမြည် ပြောဆိုနေကြောင်း တွေ့ရပါတယ်။ သူဟာ ဈေးဝယ်သူတွေနဲ့ အချိန်အတော်ကြာ စကားပြောဆိုရုံသာမက ပန်းပွင့်တွေနဲ့ပတ်သက်ပြီး ကိုယ်တိုင်ပါဝင်ပြောဆိုကြောင်း တအံ့တသြ တွေ့မြင်ရပါတယ်။ ဒုတိယ ပန်းကုန်သည်ကတော့ ဈေးဆိုင်ကြီးကြီး ပိုင်ဆိုင်ထားတဲ့အတွက် မိမိကိုယ်ကို ဂုဏ်ယူဝင့်ကြွားနေမိတယ်။ ဈေးဆိုင်အောင်မြင်စေဖို့ အားလပ်ချိန်မှာ လုပ်ဆောင်ရမဲ့ အချက်အလက်တွေကိုတော့ နားလည်သဘောပေါက်ခြင်း မရှိပါဘူး။ ဒီလုပ်ဆောင်မှုက အကျိုးကျေးဇူးဖြစ်စေကြောင်းကို ပထမပန်းကုန်သည်ရဲ့ အောင်မြင်နေတဲ့ ရောင်းဝယ်မှုက သက်သေပြနေပါတယ်။

ဒုတိယပန်းကုန်သည်ဟာ ဆက်လက်သည်းခံနိုင်ခြင်းမရှိတော့ဘဲ ပထမပန်းကုန်သည်ထံသွားရောက်ကာ စကားဖြတ်ပြော၍ ရနိုင်မလားဆိုတာ မေးမြန်းပါတယ်။ ပထမပန်းကုန်သည်က ပြန်၍ပြုံးပြကာ သူ့ရဲ့ဖောက်သည်များကို စာရေးတစ်ယောက်ထံ လွဲပြောင်းပေးလိုက်တယ်။ ဒီနောက် အလွန်သောကရောက်နေပုံရတဲ့ ဆိုင်နီးနားချင်း ဒုတိယပန်းကုန်သည်ထံ အာရုံစိုက်လိုက်တယ်။

ဒုတိယ ပန်းကုန်သည်က မေးမြန်းပါတယ်။ " အဆွေတော်…ကျွန်တော့်ကို တပည့်တစ်ယောက်အဖြစ် သဘောထားပါဗျာ။ ကျွန်တော်တို့နှစ်ဦးရဲ့ စတိုးဆိုင်တွေက အစစအရာရာ တူညီနေသလိုပါပဲ။ ဒါပေမဲ့ ကျွန်တော်က ရောင်းအားတစ်ဝက် ကျဆင်းနေချိန်မှာ ခင်ဗျားကတော့ ရောင်းအားနှစ်ဆလောက် တိုးတက်အောင်မြင်နေပါတယ်။ ဘာကြောင့်လဲဆိုတာ ကျွန်တော် နားမလည်နိုင်ဖြစ်နေတယ်"

ဒီအခါ ပထမပန်းကုန်သည်က ရှင်းပြပါတယ်။ "အဆွေတော်… ကျွန်တော်တို့ရဲ့ဆိုင်တွေဟာ အများအားဖြင့် တူညီနေကြတယ်ဆိုတာ မှန်ပါတယ်။ ကွာခြားချက်ကတော့ ကျွန်တော်တို့နှလုံးသားရဲ့ ရူမြင်ပုံမှာပါ။ ခင်ဗျားကတော့ ဈေးဆိုင်ကို ဈေးဆိုင်အဖြစ်၊ ပန်းပင်တွေကို ပန်းပင်တွေအဖြစ်၊ ဈေးဝယ်သူတွေကို ဈေးဝယ်သူအဖြစ် ရူမြင်ပါတယ်။ ကျွန်တော်ကတော့ ဈေးဆိုင်ကို နှစ်သက်မြတ်နိုးဖွယ်ကောင်းတဲ့ ကျွန်တော့်ရဲ့အိမ်လို သဘောထားတယ်။ ဈေးဝယ်သူတွေကို နှစ်လိုဖွယ်ကောင်းတဲ့ သူငယ်ချင်းတွေအဖြစ် သဘောထားတယ်။ အရောင်းစာရေးတွေ၊ ပန်းပင်တွေနဲ့ ဖြစ်ပျက်လာသမျှ အရာရာတိုင်းကိုလည်း မြတ်နိုးတန်ဖိုးထားပါတယ်။ ဒီလိုနည်းနဲ့ ကျွန်တော်တို့ရဲ့ ရောင်းဝယ်မှုဟာ ကွဲပြားသွားတာပါပဲ"

စဉ်းစားဆင်ခြင်စရာ

အရှိတရားတွေကို ပကတိအတိုင်း ရူမြင်နေလို့မရပါဘူး။ ကျွန်တော်တို့ဟာ အများအားဖြင့် ဆွေမျိုးသားချင်းတွေနဲ့ နီးစပ်ပတ်သက်ရာ လူတွေကိုတော့ အကောင်းမြင်ပေးတတ်ပေမဲ့ လူစိမ်းတွေကိုတော့ အလွယ်တကူ အပြစ်မြင်တတ်ပါတယ်။ လူလောကမှာ တွေ့ဆုံရသမျှလူတိုင်းကို သူငယ်ချင်းမိတ်ဆွေတွေအဖြစ် သဘောထားတတ်မယ်ဆိုရင်တော့ ကြံစည်သမျှအောင်မြင်ပြီး ဘဝမှာ နေပျော်လာပါလိမ့်မယ်။

 နေလင်းအောင် ဘာသာပြန်ဆိုသည်။

Ref; Two Flower Merchants by Unknown

ဘာသာပြန်ရသ

nla2012.blogspot.com

No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...