ဖခင်မှန်းမသိတော့
လူတစ်ဦးသည် နိုင်ငံခြားသို့ လေးနှစ်ခန့် အလုပ်သွားလုပ်ပြီးနောက်
သူ့ဇနီးနှင့် သားဖြစ်သူထံ ပြန်ရောက်လာပါသည်။ သားဖြစ်သူက သူ၏ဖခင်ကို
မမှတ်မိချေ။ သူ့အသက်မှာ လေးနှစ်ရှိနေပေပြီ။
ဖခင်ဖြစ်သူက သူ့ဇနီးကို ကြင်ကြင်နာနာ ပြုံးပြပါသည်။ ထို့အချိန်တွင်
သားဖြစ်သူက သူ့မိခင်ထံသွားကာ တိုးတိုးလေး ပြောလိုက်ပါသည်။
"မေမေ…ဒီလူကြီးကြည့်ရတာ မရိုးသားဘူး။ သတိထားနော်"
အိမ်ထောင်ပြုတယ်ဆိုတာ
သူငယ်ချင်းနှစ်ယောက် လမ်းမှာ တွေ့ဆုံကြသည်။ တစ်ယောက်က အခြားတစ်ယောက်ကိုမေးသည်။
"အိမ်ထောင်ပြုရတာ ဘယ်လိုနေလဲကွ"
"သိပ်ကောင်းတာပေါ့။ ဆယ့်ခြောက်နှစ်သားဘဝ ပြန်ရောက်သွားသလိုပဲ"
"ဟုတ်ရဲ့လား"
"ဟုတ်တာပေါ့။ ဆေးလိပ်သောက်ရင် အိမ်သာထဲသောက်ရတယ်။ အရက်ကိုလည်း
ခိုးကြောင်ခိုးဝှက် သောက်ရတယ်"
ဒါပဲစဉ်းစားနေတာ
အသက်ကြီးကြီး လင်မယားစုံတွဲသည် နယူးယောက်မြို့သို့ ပထမဆုံးအကြိမ်
အလည်ရောက်လာကြသည်။ အဘွားကြီးထက် အဘိုးကြီးက မြင်သမျှကို
စိတ်ဝင်တစားကြည့်ပါသည်။ နောက်ဆုံးမှာတော့ အဘွားကြီးက
"ယောက်ျားရေ…ရှင်ကောင်မလေးတွေကိုကြည့်တဲ့အကြည့်က အတော်ကို
ရှက်ဖို့ကောင်းပါတယ်။ လူတွေကတော့ ရှင့်ကို ပေါင်မမြင်ဖူးဘူးလို့
ထင်နေတော့မှာပဲ" ဟု ရေရွတ်လိုက်သည်။
"ဟုတ်တယ်ကွ" ဟု အဘိုးကြီးက ပြုံးစိစိပြန်ပြောလိုက်သည်။
"ငါလည်း ဒါကိုပဲ စဉ်းစားနေတာပါ"
အမိန့်နာခံတတ်ပုံ
ငယ်ရွယ်သော အရာရှိတစ်ဦးသည် ကျော်ကြားသော တပ်ရင်းတစ်ခုသို့
ရောက်ရှိသွားပါသည်။ အုပ်ချုပ်ရေးအရာရှိကြီးက သူ့ကို
ညွှန်ကြားချက်များပေးနေသည်။
"မင်း နှုတ်ခမ်းမွေး ထားရမယ်" ဟု သူက ခပ်ပြတ်ပြတ် ပြောလိုက်သည်။
"ဟုတ်ကဲ့ပါဆရာ"
"ဒါပေမဲ့ ဟိုမှာရှိတဲ့ စစ်သားငါးယောက်လို ဖြစ်ကတတ်ဆန်းတော့ မရဘူးနော်။
ပုံမှန်နှုတ်ခမ်းမွေးပဲ ထားရမယ်"
"ဟုတ်ကဲ့ပါ ဆရာ"
သူတို့နှစ်ဦးလုံး ခဏတာမျှ တိတ်ဆိတ်သွားကြသည်။ ထို့နောက်တွင် အရာရှိငယ်က
ရိုရိုကျိုးကျိုး ပြန်မေးလိုက်ပါသည်။
"ဆရာရေ… အရောင်အတိအကျများ လိုဦးမလား"တဲ့။
ကိုလူချော ဘာသာပြန်ဆိုသည်။
No comments:
Post a Comment