Tuesday, May 1, 2012

နိုင်ငံရပ်ခြားဟာသများ(၆)


ကိုယ့်စတိုင်
သားရေပစ္စည်း စတိုးဆိုင်ရှိ ခါးပတ်ကောင်တာတွင် ခေတ်ဆန်ဆန် စုံတွဲငယ်နှစ်ဦး ဈေးဝယ်နေကြသည်။ ကောင်ကလေးမှာ ကြွားချင်လွန်းသဖြင့် အရောင်းစာရေးမလေး ပြသမျှအရာရာတိုင်း "ကျွန်တော့်စတိုင် မဟုတ်ဘူး" ဟု ဆိုကာ ငြင်းပယ်လေ့ရှိသည်။
သူသည် စတိုးဆိုင်ထောင့်တစ်ထောင့်တွင် ခါးပတ်ကြီးများကို ရုတ်တရက်တွေ့လိုက်သည်။
"ကျွန်တော်ရှာနေတာ ဒါတွေပဲဗျ" ဟု သူက ဂုဏ်ယူဝင့်ကြွားစွာ ပြောသည်။
 အရောင်းစာရေးမလေးက ပြောသင့်မပြောသင့် ဇဝေဇဝါဖြစ်ပြီးနောက်မှ ပြောလာပါသည်။
"ဒါပေမဲ့ ဆရာ... အဲဒါတွေက ခွေးလည်ပတ်တွေပါ"
အကောင်းဆုံး မေ့ဆေး
ခွဲစိတ်ကုဆရာဝန်က လူနာကိုပြောသည်။
"ခွဲစိတ်ဖို့အတွက် ခင်ဗျား မေ့မြောနေဖို့လိုပါတယ်။ မေ့ဆေးထိုးတာကိုပဲ ခံမလား။ ဒါမှမဟုတ်ရင် ကုန်ကျစရိတ်ပြေစာကို ကြည့်မလား"
သေမှာချင်းအတူတူ
"အင်္ဂလိပ်လူမျိုးနှစ်ယောက်သည် အာဖရိကရှိ မြစ်တစ်ခုတွင် ရေကူးနေကြသည်။ သူတို့သည် မြစ်ကမ်းစပ်ရှိ လူတစ်ဦးအား မေးမြန်းပါသည်။
"ဟေး... ဒီမြစ်ထဲမှာ အန္တရာယ်ပေးနိုင်တဲ့ ငါးမန်းတွေ ရှိသလား"
ထိုသူက ချက်ချင်း ပြန်ဖြေလိုက်သည်။
"မရှိပါဘူးဗျာ။ ငါးမန်းတွေကို တွေးပြီးပူမနေနဲ့ ။ မီးကျောင်းတွေပေါများတဲ့ ဒီလိုမြစ်မျိုးမှာ ဘယ်ငါးမန်းမှ မလာရဲပါဘူး"
 အကြိုက်ချင်းမတူ
လူပျိုကြီးတစ်ယောက်သည် သူနှင့်ချစ်ကြိုက်နေသည့် မိန်းကလေးများကို တစ်ယောက်ပြီးတစ်ယောက် အိမ်ခေါ်လာခဲ့သည်။ သူ၏မိခင်မှာ မည်သည့်မိန်းကလေးကိုမှ စိတ်ကျေနပ်ခြင်းမရှိပေ။ သူငယ်ချင်းတစ်ယောက်က လူပျိုကြီးကို အကြံပေးလိုက်သည်။
"မင်း အမေနဲ့တူတဲ့ မိန်းကလေးတစ်ယောက် ရှာလိုက်ပါ။ အဲဒီမိန်းကလေးကို မင်းအဖေရော အမေပါ သဘောကျသွားလိမ့်မယ်"
ထို့ကြောင့် လူပျိုကြီးသည် ကြိုးစားရှာဖွေရာ သူ့အမေနှင့်တူသော မိန်းကလေးတစ်ဦးကို အိမ်ခေါ်လာနိုင်ခဲ့သည်။ အကြံဥာဏ်ပေးခဲ့သူ သူငယ်ချင်းထံရောက်လာကာ ပြောလာပါသည်။
"မင်းပြောတဲ့အတိုင်း ငါ့အမေနဲ့တူတဲ့ မိန်းကလေးတစ်ယောက် ရှာဖွေခဲ့တယ်။ ရုပ်ရည်သွင်ပြင်ရော၊ စကားပြောပုံရော၊ ဝတ်စားဆင်ယင်ပုံပါ တူညီကြသလို ချက်ပြုတ်ရာမှာလည်း အကြိုက်တူကြတယ်။
မင်းပြောတဲ့အတိုင်း အမေက သူမကို သဘောကျခဲ့တယ်။ မိဘတွေက လက်ထပ်ဖို့ သဘောတူခွင့်ပြုခဲ့တယ်"
"ဒါဆို .. အခု ဘာပြဿနာများ ရှိနေလို့လဲ"ဟု သူငယ်ချင်းက မေးသည်။
"ငါ့အဖေကတော့ သူမကို အလိုလိုနေရင်း  မုန်းနေမိတယ်တဲ့"

No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...