Tuesday, May 1, 2012

ကံဆိုး မိုးမှောင်ကျခြင်း


        
နေလင်းအောင်
            အမျိုးသမီးတစ်ဦးသည် ဘဝတွင် တွေ့ကြုံနေရသော အခက်အခဲ ပြဿနာများနှင့်ပတ်သက်ပြီး သူမဖခင်အား ညည်းညူပြောကြားပါသည်။ သူမသည် ထိုအခက်အခဲများကို မည်သို့ ဖြေရှင်းရမည်မသိဖြစ်နေပြီး ၊ ဘဝကို အရှုံးပေးချင်နေမိသည်။ ထို့ပြင် ဘဝတွင် ကြိုးစားရုန်းကန်  ရင်ဆိုင်နေရသည်ကိုလည်း စိတ်ကုန်နေသည်။ ပြဿနာတစ်ခု ဖြေရှင်းပြီးသောအခါ အခြားပြဿနာတစ်ခုက မဆိုင်းမတွ ပေါ်ပေါက်လာပါသည်။
       စားဖိုမှုးတစ်ဦးဖြစ်သော သူမဖခင်က သမီးဖြစ်သူကို မီးဖိုခန်းထဲ ခေါ်ဆောင်သွားပါသည်။ သူသည်အိုးသုံးလုံးကို ရေဖြည့်ပြီးနောက် မြင့်မားသော ဓာတ်ငွေ့မီးဖိုပေါ် တင်လိုက်သည်။ မကြာမီမှာပင် အိုးထဲရှိရေများ ဆူပွက်လာသည်။ ပထမအိုးထဲ   သို့ မုန်လာဥများ ထည့်လိုက်သည်။ ဒုတိယအိုးထဲသို့ ကြက်ဥများထည့်လိုက်ပြီး၊ နောက်ဆုံးအိုးတွင်မူ ကော်ဖီစေ့များထည့်လိုက်သည်။ ဖခင်ဖြစ်သူက စကားတစ်ခွန်းမှမပြောဘဲ ဆက်လုပ်နေပါသည်။
            သမီးဖြစ်သူက တိတ်ဆိတ်စွာနေသော်လည်း သူမဖခင် ဘာပြောချင်သည်ကိုသိရန် စိတ်မရှည် ဖြစ်နေသည်။ နောက်ထပ် မိနစ်နှစ်ဆယ်ခန့်ကြာမှသာ ဖခင်ဖြစ်သူက ဓာတ်ငွေ့မီးဖိုများကို ပိတ်လိုက်သည်။ မုန်လာဥများကို ဆယ်ယူကာ ခွက်တစ်လံုးထဲ ထည့်လိုက်သည်။ ကြက်ဥများကိုလည်း ဆယ်ယူကာ ခွက်တစ်လုံးထဲ ထည့်လိုက်ပြန်သည်။ ထို့နောက် မတ်ခွက်တစ်ခုထဲသို့ ကော်ဖီဖျော်ရည် ထည့်လိုက်သည်။
            ပြီးနောက် သမီးဖြစ်သူဘက်လှည့်ကာ `"သမီး ..ဘာကိုမြင်ပါသလဲ`"ဟု မေးလိုက်ပါသည်။
            `"မုန်လာဥ၊ ကြက်ဥနဲ့ ကော်ဖီပါ`" ဟု သမီးဖြစ်သူက ဖြေသည်။
            ဖခင်က သမီးကို အနားခေါ်ကာ မုန်လာဥများကို စမ်းကြည့်ရန် ပြောဆိုပါသည်။ သူမသည် မုန်လာဥများ  ပျော့ပျောင်းနေကြောင်း သတိထားလိုက်မိသည်။ ထို့နောက် ဖခင်က ကြက်ဥများကို ခွဲကြည့်ရန် ပြောပြန်သည်။ အခွံခွါလိုက်သောအခါတွင် ကြက်ဥများမာနေကြောင်း တွေ့ရပါသည်။ နောက်ဆုံးတွင် ဖခင်က ကော်ဖီကို တစ်ငုံချင်းသောက်ကြည့်ရန် စေခိုင်းပြန်သည်။ ကော်ဖီ၏ နှစ်သက်စွဲမက်ဖွယ် အနံ့ အရသာကို ခံစားမိသောအခါ သမီးဖြစ်သူ ပြုံးရွှင်လာပါသည်။
          `"ဖေဖေ... ဘာပြောချင်တာပါလဲ`" ဟု သူမက နှိမ့်ချရိုသေစွာ မေးသည်။
             ထို့အခါ ဖခင်က ဤသို့ ရှင်းပြပါသည်။
            `"မုန်လာဥ၊ ကြက်ဥနဲ့ ကော်ဖီစေ့တွေဟာ ဆူပွက်နေတဲ့ရေထဲ အတူတူထည့်ပြုတ်တာ ခံရပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ တုန့်ပြန်မှုကတော့ တစ်ခုနဲ့တစ်ခု မတူညီကြပါ။
             မုန်လာဥဆိုရင် မပြုတ်ခင်ကတော့ သန်မာပြီး အလျော့မပေးတတ်တဲ့ပုံ ရှိပါတယ်။ ဒါပေမဲ့ ရေနွေးနဲ့ ပြုတ်လိုက်တဲ့အခါမှာတော့ ပျော့ပျောင်းအားနည်းသွားတယ်။
              ကြက်ဥဆိုရင်လည်း မပြုတ်ခင်က ကွဲလွယ်မဲ့ပုံ ရှိပါတယ်။ သူ့ရဲ့ အပြင်ဘက်အခွံမာက အတွင်းဘက်ရှိ အရည်တွေကို အကာအကွယ်ပေးထားတယ်။ ရေနွေးနဲ့ ပြုတ်လိုက်တဲ့အခါမှာတော့ အတွင်းဘက်ရှိ အရည်တွေဟာ သန်မာလာပါတယ်။
            ကော်ဖီစေ့တွေကတော့ အကောင်းဆုံး တုန့်ပြန်ပါတယ်။ ရေနွေးထဲ ထည့်ပြုတ်လိုက်တဲ့အခါ ကော်ဖီစေ့တွေက ရေရဲ့အရောင်ကို ပြောင်းလဲပစ်လိုက်တော့တယ်။
            သမီးကရော ဘယ်လိုအမျိုးအစားလဲ။ ဒုက္ခမျိုးစုံနဲ့ တွေ့ကြုံရတဲ့အခါ ဘယ်လိုတုန့်ပြန်ပါသလဲ။ သမီးက မုန်လာဥလို တုန့်ပြန်သလား။ ကြက်ဥလို တုန့်ပြန်သလား။ ဒါမှမဟုတ်ရင် ကော်ဖီစေ့လို တုန့်ပြန်ပါသလား`"

တွေးတောဆင်ခြင်စရာ

ကံဆိုးမိုးမှောင်ကျမှုတွေနဲ့ ရင်ဆိုင်တွေ့ကြုံရတဲ့အခါ ကော်ဖီစေ့တွေလို အရောင်ပြောင်းပစ်ဖို့ကြိုးစားပါ။ 
ဆိုလိုတာကတော့ ဒုက္ခမှန်သမျှကို သုခတွေအဖြစ် မိမိအစွမ်းအစနဲ့ ပြောင်းလဲလိုက်ပါ။
 နေလင်းအောင် ဘာသာပြန်ဆိုသည်။

Ref; Adversity

Author; Unknown

nla2012.blogspot.com

No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...