Tuesday, May 1, 2012

အရေးကြီးတာ အရင်လုပ်



 

နေလင်းအောင်

           တစ်နေ့တွင် အချိန်စီမံခန့်ခွဲမှု ပါရဂူတစ်ဦးသည် စီးပွားရေး ကျောင်းသားတစ်စုအား သင်ခန်းစာ ပို့ချနေပါသည်။ သူသည် ကျောင်းသားများ၏စိတ်တွင် အမှတ်ထင်ထင်ဖြစ်စေမည့် လက်တွေ့သရုပ်ပြမှုကို အသုံးချရင်း ပြောကြားလိုသည့် ရည်ရွယ်ချက်သို့ရောက်အောင် ရှင်းပြပါသည်။

           ပါရဂူကြီးက အလွန်များပြားသော ကျောင်းသားများရှေ့တွင် မတ်တပ်ရပ်ကာ '' ကဲ… သုတဥာဏ်စမ်းချိန် စလိုက်ကြရအောင် " ဟု ပြောဆိုရင်း တစ်ဂါလံခန့်ဆန့်သည် အဝကျယ်အိုးတစ်လုံးကိုဆွဲယူ၍ သူ့ရှေ့ရှိ စားပွဲပေါ်သို့တင်လိုက်ပါသည်။ သူသည် လက်သီးဆုပ်အရွယ် ကျောက်ခဲတစ်ဒါဇင်ခန့်ကို ယူကာ အိုးထဲသို့ တစ်ခုပြီးတစ်ခု ထည့်လိုက်ပါသည်။ ကျောက်ခဲများ အိုးအပြည့် ထည့်ပြီးသောအခါ သူသည် အိုးပြည့်ပြီလားဟု ကျောင်းသားများကို မေးလိုက်ပါသည်။

           အတန်းထဲရှိ ကျောင်းသားအားလုံးက ''ပြည့်သွားပါပြီ" ဟု သံပြိုင်အော်ကြသည်။ ပါရဂူကြီးက "တကယ်ပြည့်တာ ဟုတ်ရဲ့လား" ဟု ထပ်မံမေးပြန်သည်။ သူသည် စားပွဲအောက်ရှိ ကျောက်စရစ်ခဲပုံးတစ်လုံးကို ဆွဲထုတ်ကာ အိုးထဲသို့ လောင်းချပြီးနောက် အိုးကို လှုပ်ယမ်းလိုက်သည်။ ကျောက်စရစ်ခဲများသည် ကျောက်ခဲများကြားရှိ နေရာလွတ်များထဲ ရောနှောပျောက်ကွယ်သွားသည်။ ထို့နောက် ပါရဂူကြီးက ကျောင်းသားများအား အိုးပြည့်ပြီလားဆိုသည်ကို မေးပြန်သည်။

          ဤတစ်ချိန်မှာတော့ ကျောင်းသားများက " မပြည့်လောက်သေးပါဘူး" ဟု ပြောဆိုပါသည်။ "မှန်တာပေါ့" ဟု ပါရဂူကြီးက ပြောဆိုရင်း စားပွဲအောက်ရှိ သဲပုံးတစ်လုံးကို ဆွဲထုတ်ကာ အိုးထဲသို့လောင်းထည့်လိုက်ပြန်သည်။ သဲများသည် ကျောက်ခဲနှင့် ကျောက်စရစ်ခဲများကြားရှိ နေရာလွတ်များထဲသို့ ဝင်ရောက်သွားပြန်သည်။ ပါရဂူကြီးက ကျောင်းသားများအား အိုးပြည့်မပြည့် မေးပြန်သည်။

         "မပြည့်သေးပါဘူး" ဟု ကျောင်းသားများက အော်ပြောကြသည်။

          ပါရဂူကြီးက "သိပ်မှန်တာပေါ့" ဟု ပြောဆိုရင်း ရေကရားကြီးတစ်လုံးကို ဆွဲထုတ်ကာ အိုးနှုတ်ခမ်းဝရောက်သည့်တိုင် ရေးလောင်းထည့်ပြန်သည်။

          ထို့နောက် ကျောင်းသားများကို ဝှေ့ကြည့်ကာ "ယခု သရုပ်ပြရတဲ့ ရည်ရွယ်ချက်က ဘာလဲ" ဟု ပါရဂူကြီးက မေးခွန်းထုတ်လိုက်သည်။

          တက်ကြွဖျက်လက်သည့် ကျောင်းသားတစ်ဦးက လက်မြှောက်ကာ " ရည်ရွယ်ချက်ကတော့ သင့်မှာ အစီအစဉ်တွေ ဘယ်လောက်ပဲ ပြည့်နေပါစေ၊ တကယ်ကြိုးစားကြည့်မယ်ဆိုရင် ဒီအစီအစဉ်တွေကြားမှာ တစ်ခြားအစီအစဉ်တွေ ပေါင်းထည့်နိုင်သေးတယ် ဆိုတာပဲ"  ဟု ပြောဆိုပါသည်။

           "မမှန်သေးဘူး။ မင်းပြောတဲ့ ရည်ရွယ်ချက် မဟုတ်ပါဘူးကွာ။တကယ့်ရည်ရွယ်ချက်ကတော့ အိုးထဲကို ကျောက်ခဲကြီးတွေ အရင်မထည့်ဘူးဆိုရင် အရာအားလုံး နေသားတကျဖြစ်စေဖို့ မလွယ်ဘူးဆိုတာပဲ။ ကျောက်ခဲကြီးတွေဆိုတာ မင်းတို့ဘဝမှာ အရေးအကြီးဆုံးဖြစ်တဲ့ မိသားစု၊ မိတ်ဆွေသူငယ်ချင်းနဲ့ မိမိဘဝ ဖွံ့ဖြိုးတိုးတက်ရေးကို ဆိုလိုတာပါ။ မင်းတို့ဘဝမှာ အရေးသိပ်မပါတဲ့အရာတွေ လက်တွေ့သရုပ်ပြချက်မှာဆိုရင်တော့ ကျောက်စရစ်ခဲ၊ သဲနဲ့ရေပေါ့ကွာ။ ဒါတွေကို အရင်ပြုလုပ်မယ်ဆိုရင်တော့ အရေးကြီးတဲ့ အရာတွေ လုပ်ကိုင်ဖို့ အချိန်ကျန်လိမ့်မည်မဟုတ်တော့ပါ"

              စဉ်းစားဆင်ခြင်စရာ

           သင့်ဘဝမှာ ကျောက်ခဲကြီးတွေဆိုတာ ဘာတွေလဲ။ သင်ချစ်ခင်တဲ့သူတွေ၊ သင့်ရဲ့ယုံကြည်ချက်၊ ပညာရေး၊ စိတ်ကူးအိပ်မက်၊ ထိုက်တန်သောရည်ရွယ်ချက်၊ အခြားသူများကို သင်ကြားလမ်းညွှန်ပေးခြင်း စသည်တို့အတွက် အချိန်ပေးလိုက်ဖို့ပါ။ အိုးထဲကို ကျောက်ခဲကြီးတွေ အရင်မထည့်ဘူးဆိုရင် အရာအားလုံး နေသားတကျဖြစ်စေဖို့ မလွယ်ဘူးဆိုတာ အမြဲသတိရပါ။ ဒါကြောင့် ဒီနေ့ကစပြီး "ငါ့ဘဝမှာ ကျောက်ခဲကြီးတွေဆိုတာ ဘာတွေလဲ" လို့ မိမိကိုယ်ကို မေးခွန်းမေးပါ။ ပြီးရင် အိုးထဲသို့ ကျောက်ခဲကြီးတွေ အရင်ထည့်လိုက်ပါ။ ဆိုလိုတာကတော့ ဘဝမှာ အရေးသိပ်မကြီးတဲ့ သာမန်ကိစ္စလေးတွေကို ခဏဖယ်ထားပြီး အရေးပါအရာရောက်တဲ့ အရာတွေကို အရင်ဆုံးလုပ်ကိုင်ဖို့ပါပဲ။

နေလင်းအောင် ဘာသာပြန်ဆိုသည်။

Ref; Big Rock and the Jar by Unknown

nla2012.blogspot.com

No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...