Tuesday, May 1, 2012

နိုင်ငံရပ်ခြားဟာသများ(၉)


မြက်မရှိမှတော့
ပြတိုက်တစ်ခုရှိ ပန်းချီပြပွဲတွင် ပန်းချီဆရာက သူ၏ပန်းချီကားကို ရှင်းပြနေပါသည်။ တစ်ခုလုံး မဲနက်နေသော ပိတ်ကားတစ်ခုကို ညွှန်ပြရင်း " ဒါဟာ နွားမတစ်ကောင် မြက်စားနေတဲ့ပုံပါ" ဟု သူက ပြောလိုက်သည်။
"မြက်က ဘယ်မှာလဲ" ဟု လာကြည့်သူကမေးသည်။
"နွားစားလို့ ကုန်သွားပြီလေ" ဟု ပန်းချီဆရာက ဖြေသည်။
"ဒါဆိုရင် နွားမကရော…"ဟု လာကြည့်သူကမေးပြန်သည်။
ထို့အခါ ပန်းချီဆရာက ဤသို့ပြန်ပြောလိုက်သည်။
"မြက်တွေကုန်အောင် စားပြီးမှတော့ နွားမက ဘယ်လိုလုပ် ရှိနေတော့မှာလဲဗျ"
လျှော့ဈေး
တရားသူကြီးက တရားခံကို ခပ်စူးစူးကြည့်ပြီးနောက် မေးလိုက်ပါသည်။
"မောင်မင်း…ထောင်ထဲရောက်တာ ဘယ်နှကြိမ် ရှိပြီလဲကွ"
"ကိုးကြိမ်ပါ…တရားသူကြီးမင်း"
"ကိုးကြိမ်…ဟုတ်လား။ ဒါဆို မောင်မင်းကို နှစ်ရှည်ထောင်ဒဏ် ပေးမှဖြစ်တော့မယ်"
"နှစ်ရှည်ထောင်ဒဏ်လား။ ကိုယ့်ရဲ့ ပုံမှန်ဖောက်သည်ကို လျှော့ဈေးလေးဘာလေး မပေးတော့ဘူးလားဗျ"
ကိုယ့်အသက်လည်းကြည့်
ဟိုတယ်တစ်ခုရှိ အရက်ဘားတွင် သက်လတ်ပိုင်း လူတစ်ဦးက လှပသော အမျိုးသမီးတစ်ဦးတည်း အရက်သောက်နေသည်ကို တွေ့လိုက်ရသည်။ သူသည် သူမ၏ဘေးသို့ မဝံ့မရဲသွားကာ ပြောလိုက်သည်။
"ကိုယ့်ဘဝတစ်လျောက်လုံး မင်းဘယ်များ ပျောက်နေရတာလဲ"
"ဟုတ်ပါတယ်ရှင်… ရှင့်ဘဝ ပထမတစ်ဝက်တုန်းက ကျွန်မ မွေးမှ မမွေးသေးတာ" ဟု သူမက ပြန်ပြောလိုက်ပါသည်။
မျှော်လင့်ချက်
"ခင်ဗျားက မိန်းမကို လွတ်လပ်ခွင့်ပေးလွန်းတယ်လို့ ကျွန်တော်ထင်တယ်။ ဂရုစိုက်နော် ကိုယ့်လူ။ နောက်တစ်ယောက်နဲ့ ခင်ဗျားမိန်းမ ပါသွားလိမ့်မယ်ဗျ"
"ဒါမျိုးဖြစ်ဖို့မျှော်လင့်ရင်း စောင့်နေရတာ ငါးနှစ်တောင်ရှိပြီဗျ"

No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...