Monday, May 7, 2012

ဆင်းရဲမှုဆိုတာ ပျော်စရာအကောင်းသား

နေလင်းအောင်

          တစ်နေ့မှာ ချမ်းသာတဲ့မိသားစုက ဖခင်တစ်ဦးဟာ သားဖြစ်သူနဲ့အတူ ကျေးလက်ဒေသကို ထွက်ခွါသွားတယ်။ ဆင်းရဲတဲ့မိသားစုတွေ ဘယ်လိုနေထိုင်ရတယ်ဆိုတာ သားဖြစ်သူကို သိစေချင်လို့ပါ။ သူတို့သားအဖဟာ အလွန်ဆင်းရဲပုံရှိတဲ့ မိသားစုရဲ့လယ်ထဲမှာ နှစ်ရက်တာ ကုန်လွန်ခဲ့ကြတယ်။ အပြန်ခရီးမှာတော့ ဖခင်က သားဖြစ်သူကို မေးလာပါတယ်။
        "သားရေ..ခရီးထွက်ရတာ ဘယ်လိုနေလဲ"
        "သိပ်ပြီး ပျော်စရာကောင်းပါတယ်..ဖေဖေ"
        "ဆင်းရဲသားတွေ ဘယ်လိုနေထိုင်ရတယ်ဆိုတာ သားမြင်တွေ့ခဲ့တယ်မို့လား"
        "မြင်ခဲ့တာပေါ့ဖေဖေ"
        "ဒါဆို..ဖေဖေကိုပြောပါဦး။ ဒီခရီးကနေ သားဘာတွေ သိရှိလာခဲ့တာလဲ"
        "သားတို့မှာ ခွေးတစ်ကောင်တည်းရှိပေမဲ့ သူတို့မှာတော့ ခွေးလေးကောင်ရှိနေတယ်။ သားတို့မှာ ဥယျာဉ်အလယ်ထိရောက်တဲ့ ရေကန်တစ်ကန်ရှိနေပေမဲ့ သူတို့မှာတော့ အဆုံးအဆမဲ့ စမ်းချောင်းလေးရှိနေတယ်။ သားတို့ဥယျာဉ်ထဲမှာ ညအခါ နိုင်ငံခြားကလာတဲ့ မီးသီးတွေနဲ့ လင်းနေပေမဲ့ သူတို့မှာတော့ ကြယ်တွေနဲ့လင်းနေပါတယ်။ သားတို့အိမ်ရှေ့ ပေါ်တီကိုက ရှေ့ဘက်ခြံဝန်းအထိသာ ရှိနေပေမဲ့ သူတို့မှာတော့ မိုးကုတ်စက်ဝိုင်းတစ်ခုလုံး ရှိနေပါတယ်။ သားတို့မှာ နေထိုင်စရာ မြေအနည်းငယ်သာရှိနေပေမဲ့ သူတို့မှာ မျက်စိတစ်ဆုံး လယ်ကွင်းပြင်တွေ ရှိနေပါတယ်။ သားတို့ကို ပြုစုလုပ်ကျွေးမဲ့ အစေခံတွေ ရှိနေပေမဲ့ သူတို့ကတော့ အခြားသူတွေကို ပြုစုလုပ်ကျွေးကြတယ်။ သားတို့က အစားအစာတွေ ဝယ်စားရပေမဲ့ သူတို့ကတော့ ကိုယ်တိုင်စိုက်ပျိုးစားကြတယ်။ သားတို့ရဲ့ ဥစ္စာဓနတွေကို ကာကွယ်ဖို့ အုတ်နံရံတွေရှိနေပေမဲ့ သူတို့မှာ အကာအကွယ်ပေးမဲ့ မိတ်ဆွေကောင်းတွေ ရှိနေပါတယ်"
        သားဖြစ်သူရဲ့စကားတွေကြောင့် ဖခင်မှာ ဘာမှမပြောနိုင် ဖြစ်နေရပါတယ်။
        သားဖြစ်သူက ဆက်လက်ပြီး ပြောဆိုပါသေးတယ်။
       "ဖေဖေကို သား ကျေးဇူးတင်ပါတယ်။ ဆင်းရဲမှုဟာ ဘယ်လိုဟာမျိုးလဲဆိုတာ သားကို သိစေတဲ့အတွက်ကြောင့်ပါ"

စဉ်းစားဆင်ခြင်စရာ
         ချမ်းသာတယ်၊ ဆင်းရဲတယ်ဆိုတာ လူတွေရဲ့ သတ်မှတ်ချက်မျှသာ…။ချမ်းသာတဲ့မိသားစုက ဆင်းသက်လာတဲ့ ကလေးတစ်ယောက်ဟာ ဆင်းရဲမှုဆိုတာ ဘာမှန်းမသိသလို ဆင်းရဲတဲ့မိသားစုက ဆင်းသက်လာတဲ့ ကလေးတစ်ယောက်ကလည်း ချမ်းသာမှုဆိုတာ ဘယ်လိုဟာမျိုးလဲလို့ သိချင်မှသိမှာပါ။ ဒီပုံပြင်ထဲမှာဆိုရင် ချမ်းသာတဲ့မိသားစုက ကလေးငယ်ဟာ ဆင်းရဲမှုဆိုတာ ပျော်စရာအကောင်းသားလို့ ထင်နေမိပါတယ်။
        ကျွန်တော် ကာတွန်းတစ်ပုဒ် ဖတ်ဖူးပါတယ်။ ဆင်းရဲတဲ့လူကပြောတယ်-"ကျွန်တော်ကတော့ နဖူးကချွေး ခြေမကျမှ ထမင်းစားရတဲ့ ဘဝပါ"တဲ့။ ချမ်းသာတဲ့ လူကပြောပြန်တယ်-"ကျွန်တော်ကတော့ ကိုယ့်ခြေမတောင် မမြင်ရတဲ့ ဘဝပါဗျာ"တဲ့။ သူဟာ ဘီယာဗိုက်ကြောင့် ကိုယ့်ခြေမကို မမြင်ရတာ ညည်းညူနေတာပါ။ ကျွန်တော် ပြောချင်တာကတော့ ချမ်းသာသည်ဖြစ်စေ၊ ဆင်းရဲသည်ဖြစ်စေ လူတိုင်းဟာ မိမိဘဝကို ကြံဖန်ပြီး ညည်းနေတတ်တယ် ဆိုတာပါပဲ။ တစ်ကယ်တော့ ချမ်းသာမှုအားလုံးထဲမှာ စိတ်ချမ်းသာမှုကသာ အရေးအကြီးဆုံးပါ။
နေလင်းအောင် ဘာသာပြန်ဆိုသည်။
Labels: ဘာသာပြန်ရသ

No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...