Tuesday, May 1, 2012

သွားလှလှ လေးတွေနဲ့ ပြုံးပျော်ရအောင်


                                                                                                                     နေလင်းအောင်

          သွားတွေကို ကျန်းမာကြံ့ခိုင်အောင် ပြုလုပ်ဖို့နည်းလမ်းဟာ အလွန်ရှုပ်ထွေးတဲ့ နည်းလမ်းတစ်ခုပါ။ တောက်ပဖြူဖွေးတဲ့ သွားလေးတွေက ခန္ဓာကိုယ်အလှကို ဖြည့်ဆည်းပေးတဲ့အတွက် လူတိုင်း သွားဖြူဖြူဖွေးဖွေးလေးတွေ အလိုရှိတတ်ကြပါတယ်။ ဝါညစ်ညစ်ဖြစ်နေတဲ့ သွားမျိုးတွေကိုတော့ မည်သူမှ အလိုရှိမည် မဟုတ်ပါ။ သွားတွေကို အန္တရာယ်မရှိစေဘဲ ဖြူဖွေးသန့်စင်စေနိုင်တဲ့ နည်းလမ်းလေးတွေကို အင်တာနက်မှာတွေ့လို့ ဘာသာပြန်ဆို ဖော်ပြလိုက်ပါတယ်။
         (၁) မုန့်ဖုတ်ဆိုဒါကို သံပုရာရည်အနည်းငယ်၊ ဆားအနည်းငယ်နဲ့ရောပြီး သွားတိုက်ဆေးအဖြစ် အသုံးပြုပါ။ သံပုရာရည်ကိုတော့ ပမာဏအနည်းငယ်သာ အသုံးပြုဖို့လိုပါတယ်။ သံပုရာရည်မှာ သွားကြွေလွှာကို ပျက်စီးစေနိုင်တဲ့ အက်ဆစ်ဓာတ်တွေ ပါရှိနေပါတယ်။ ဆားကတော့ သွားမှာရှိနေတဲ့ အစက်အပြောက်၊ အစွန်းအထင်းတွေကို ချွတ်ပေးနိုင်ပါတယ်။ ဒီလို သွားတိုက်ပေးမယ်ဆိုရင်တော့ သင့်ရဲ့သွားတွေ ဖြူဖွေးတောက်ပြောင်လာကြောင်း တွေ့ရပါလိမ့်မယ်။
(၂)စတော်ဘယ်ရီသီးကဲ့သို့သော သစ်သီးများကို စားပေးပါ။ စတော်ဘယ်ရီသီးမှာ အစွန်းအထင်းတွေကို ချွတ်ပေးနိုင်တဲ့ သဘာဝပစ္စည်းတွေ ပါရှိနေတတ်ပါတယ်။ ဒါကြောင့် ကြုံကြိုက်တဲ့အခါတိုင်း စတော်ဘယ်ရီသီးစားပေးပါ။ ထူးခြားမူကို တွေ့လာပါလိမ့်မယ်။
(၃)ဟင်းသီးဟင်းရွက်တွေက ကျန်းမာရေးကို အထောက်အကူပြုပါတယ်။ သခွားသီး၊ မုန်ညင်းရွက်၊ မုန်လာဥနီနဲ့ အစိမ်းလိုက် ဝါးစားလို့ရတဲ့ဥများ (ဥပမာ -ကန်စွန်းဥ၊ စိမ်းစားဥ) ကဲ့သို့သော အသီးအရွက်များက ခန္ဓာကိုယ် ကျန်းမာရေးသာမက သွားကျန်းမာရေးကိုပါ အထူးကောင်းမွန်စေပါတယ်။ အလွန်ကြွပ်ဆပ်တဲ့ ဟင်းသီးဟင်းရွက်မျိုးစုံက သွားတွေကို အစွန်းအထင်းဖြစ်စေနိုင်တဲ့ မော်လီကျူးတွေ ချေဖျက်ရာမှာ အထောက်အကူပြုပါတယ်။
(၄)အစာစားပြီးတိုင်း ပလုပ်ကျင်းတဲ့အလေ့အကျင့် ပြုလုပ်ပေးပါ။ ဒါဟာ အချိန်ကုန်သက်သာစေသလို အစွန်းအထင်းဖြစ်စေနိုင်တဲ့ အစာအကြွင်းအကျန်တွေကို ဖယ်ရှားပေးတဲ့အတွက် သွားတွေကို ဖြူဖွေးသန့်ရှင်းစေနိုင်ပါတယ်။
(၅)ဈေးကွက်မှာရနိုင်တဲ့ သွားတိုက်ဆေးမျိုးစုံမှာ အဓိကပါရှိတဲ့ ပစ္စည်းတစ်မျိုးကတော့ ဟိုက်ဒရိုဂျင် ပါအောက်ဆိုဒ်ပါ။ ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ပါဝင်တဲ့ သွားတိုက်ဆေးအမျိုးအစားကိုပဲ ရွေးချယ်အသုံးပြုပါ။
(၆)နုတ်ခမ်းဆိုးဆေးတွေက သင့်ရဲ့သွားကို ပိုမိုပေါ်လွင် လှပစေဖို့ အကူအညီ ပေးနိုင်ပါတယ်။ အရောင်ရင့်ရင့် နုတ်ခမ်းဆိုးဆေးတွေကို အသုံးပြုပါ။ (ဥပမာ- အနီရောင်၊ပန်းရောင်) နုတ်ခမ်းနီဆိုးခြင်းအားဖြင့် သင့်ရဲ့သွားတွေ ပိုပြီးဖြူဖွေးလာတယ်လို့ ထင်ရတတ်ပါတယ်။ (အမျိုးသားများတော့ အသုံးမပြုသင့်ပါ။)
ဖော်ပြပါ နည်းလမ်းတွေက သွားတွေကို အန္တရာယ်မရှိဘဲ ဖြူဖွေးအောင် ပြုလုပ်နိုင်တဲ့ နည်းလမ်းအချို့ပါ။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ လူတိုင်းဟာ တောက်ပဖြူဖွေးတဲ့သွားတွေ အလိုရှိကြပါတယ်။ သွားဆိုတာက အစာစားရုံ သက်သက်သာမဟုတ်ဘဲ ရယ်လိုက်ရင်လှပဖို့၊ ရဲရဲဝင့်ဝင့်စကားဆိုနိုင်ဖို့လည်း လိုအပ်တဲ့အရာတစ်ခုပါ။ ဝါညစ်ညစ်အရောင်ဖြစ်နေတဲ့ သွားတွေရှိတဲ့လူတွေဟာ ဟက်ဟက်ပက်ပက်ရယ်ဖို့ မိမိကိုယ်ကို ယုံကြည်မှုမရှိတတ်ကြပါ။ ဒါကြောင့် ဖြူဖွေးသန့်စင်တဲ့ သွားလှလှလေးတွေနဲ့ အပြုံးပန်းဆင်နိုင်ဖို့ အထက်ဖော်ပြပါ နည်းလမ်းတွေကို စမ်းသပ်သုံးစွဲကြည့်ပါ။
လူတိုင်း သွားလှလှလေးတွေနဲ့ ပြုံးနိုင် ပျော်နိုင်ကြပါစေ။

နေလင်းအောင်

Ref;arxmanhealth.com

Labels:ကျန်းမာရေး

No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...