Friday, December 7, 2012

ကျွန်တော်သိပါပြီ(၁)



ကျွန်တော်သိပါပြီ…ကျွန်တော်က ဘယ်လောက်ပဲ ဂရုစိုက်ပေးနေပါစေ လူအချို့ကတော့ ပြန်ပြီး  ဂရုစိုက်ပေးမှာ မဟုတ်ပါဘူး။
ကျွန်တော်သိပါပြီ…ယုံကြည်မှုကိုတည်ဆောက်ဖို့ နှစ်ပေါင်းများစွာ လိုအပ်ပေမယ့် ဖျက်စီးဖို့ကတော့ စက္ကန့်ပိုင်းမျှသာ လိုအပ်ပါတယ်။
ကျွန်တော်သိပါပြီ…သင်ဟာ အခြားသူတွေ လုပ်နိုင်တဲ့ အကောင်းဆုံးအရာတွေနဲ့ မနှိုင်းယှဉ်သင့်ပါဘူး။ သင်လုပ်နိုင်တဲ့ အကောင်းဆုံးတွေကိုပဲ ပြုလုပ်သင့်ပါတယ်။
ကျွန်တော်သိပါပြီ…လူတွေ တွေ့ကြုံဖြစ်ပျက်ရသမျှက အရေးမကြီးဘူး။ အဲဒီအဖြစ်အပျက်နဲ့ပတ်သက်ပြီး သူတို့ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုကသာ အရေးကြီးပါတယ်။
ကျွန်တော်သိပါပြီ…တစ်စုံတစ်ခုကို စိတ်လိုက်မာန်ပါနဲ့ ချက်ချင်းလုပ်လိုက်မယ်ဆိုရင် ဘဝတစ်လျောက်လုံး စိတ်ဒုက္ခ ခံစားရပါလိမ့်မယ်။
ကျွန်တော်သိပါပြီ…သင်ဟာ အရာတစ်ခုကို ဘယ်လောက်အထိပဲ ပါးလွှာအောင် ထပ်ခြမ်းခွဲလိုက်ပါစေ…အမြဲတမ်း ဘက်နှစ်ဘက် ရှိနေအုံးမှာပါ။
ကျွန်တော်သိပါပြီ…စဉ်းစားတွေးတောဖို့ထက် လက်တွေ့လုပ်ဆောင်ဖို့က အများကြီး ပိုပြီးလွယ်ကူပါတယ်။
ကျွန်တော်သိပါပြီ…သင်ဟာ ချစ်ခင်ရတဲ့သူတွေကို ကြင်နာတဲ့စကားတွေပြောပြီးမှ ထွက်သွားသင့်ပါတယ်။ အဲဒီအချိန်ဟာ သူတို့ကို နောက်ဆုံးမြင်တွေ့တာ ဖြစ်ချင်ဖြစ်နိုင်ပါတယ်။
ကျွန်တော်သိပါပြီ…ကျွန်တော်တို့ မည်ကဲ့သို့ ခံစားနေရသည်ဖြစ်စေ ကိုယ်လုပ်သမျှ ကိုယ့်အပေါ်မှာပဲ တာဝန်ရှိပါတယ်။
ကျွန်တော်သိပါပြီ…သင်ဟာ သင့်သဘောထားကို ထိန်းချုပ်ရပါမယ်။ ဒါမှမဟုတ်ရင်တော့ သင့်သဘောထားက သင့်အပေါ် ထိန်းချုပ်သွားလိမ့်မယ်။
ကျွန်တော်သိပါပြီ…သူရဲကောင်းတွေဆိုတာ အကျိုးဆက်တွေ မည်သို့ပင်ရှိနေပါစေ…လုပ်ဖို့လိုအပ်နေချိန်မှာ လုပ်ကိုင်ဆောင်ရွက်ပေးတတ်တဲ့ လူစားမျိုးတွေပါ။
ကျွန်တော်သိပါပြီ…ခွင့်လွှတ်ဖို့ သင်ယူလေ့ကျင့်ရပါမယ်။
ကျွန်တော်သိပါပြီ…သင့်ကို နှစ်နှစ်ကာကာချစ်နေတဲ့ လူတွေရှိပါတယ်။ ဒါပေမယ့် သူတို့ဟာ သူတို့ရဲ့မေတ္တာတရားကို ဘယ်လိုပြရမလဲဆိုတာ မသိဖြစ်နေကြပါတယ်။
ကျွန်တော်သိပါပြီ…ကျွန်တော့်အချစ်ဆုံး သူငယ်ချင်းနဲ့ တစ်ခုခု လုပ်နေသည်ဖြစ်စေ၊ ဘာမှမလုပ်ဘဲ နေသည်ဖြစ်စေ အကောင်းဆုံးအချိန်ကာလကို ပိုင်ဆိုင်နေရပါတယ်။
ကျွန်တော်သိပါပြီ…သင်လဲကျတဲ့အခါ သင့်ကို ခြေနဲ့ကန်လိမ့်မယ်လို့ တွေးထင်ထားတဲ့လူတွေဟာ တစ်ခါတစ်ရံမှာ သင့်ကို ပြန်ရပ်တည်နိုင်အောင် ဆွဲထူပေးတဲ့သူမျိုး ဖြစ်နေတတ်ပါတယ်။
ကျွန်တော်သိပါပြီ…တစ်ခါတစ်လေ ကျွန်တော် စိတ်ဆိုးမယ်ဆိုရင် စိတ်ဆိုးခွင့်ရှိပါတယ်။ ဒါပေမယ့် ရက်စက်ကြမ်းကြုတ်ခွင့်တော့ မရှိပါဘူး။
ကျွန်တော်သိပါပြီ…မိတ်ဆွေစစ်ဆိုတာ မည်မျှပင် ဝေးကွာနေပါစေ ဆက်လက်ရှင်သန်နေတတ်ပါတယ်။ မေတ္တာစစ်ဆိုတာကလည်း အဲဒီလိုမျိုးပါပဲ။
ကျွန်တော်သိပါပြီ…တစ်စုံတစ်ယောက်က သင်ဖြစ်စေချင်သလိုမျိုး သင့်အပေါ် ချစ်ခင်မှုမပြတဲ့အခါ  သူတို့မှာရှိသလောက်နဲ့ သင့်ကိုမချစ်တာ မဟုတ်ပါဘူး။
ကျွန်တော်သိပါပြီ…ရင့်ကျက်မှုဆိုတာ သင့်ရဲ့အတွေ့အကြုံအမျိုးအစားတွေ၊ အတွေ့အကြုံကနေ သင်ယူခဲ့ရတဲ့အရာတွေနဲ့ပဲ ပိုပြီးသက်ဆိုင်သင့်ပါတယ်။ သင်ကျင်းပခဲ့တဲ့ မွေးနေ့ပွဲအရေအတွက်နဲ့ သိပ်ပြီးတော့ မသက်ဆိုင်သင့်ပါဘူး။
နေလင်းအောင် ဘာသာပြန်ဆိုသည်။
Ref; I Have Learned by Unknown
www.naylinaung1.blogspot.com

No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...