Tuesday, December 11, 2012

ဘယ်တော့မှ အရှုံးမပေးနဲ့




            သူငယ်စဉ်တုန်းက သူ့ရဲ့ဦးလေးဟာ သူ့ကို စပါကီလို့ ခေါ်ခဲ့ပါတယ်။ ကာတွန်းဇာတ်လမ်းတွဲထဲက မြင်းလေးကို စပါ့ခ်ပလက်ဂ်အဖြစ် ခေါ်ဆိုခဲ့တဲ့အတွက်ကြောင့်ပါ။ စာသင်ကျောင်းက အားလုံးအတွက်ဖြစ်ပေမယ့်လည်း စပါကီအတွက်တော့ အဆင်မပြေ သလောက်ပါပဲ။
            သူ ရှစ်တန်းရောက်တော့ ဘာသာရပ်တိုင်း ကျရှုံးပါတယ်။ အထက်တန်းကျောင်းရောက်တော့ ရူပဗေဒ ကျရှုံးပြီး ကျွမ်းကျင်မှုအဆင့်(၀) ရပါတယ်။ လက်တင်ဘာသာ၊ သင်္ချာနဲ့ အင်္ဂလိပ်စာတို့မှာလည်း သူကျပါတယ်။ အားကစားမှာလည်း သူ့ရလဒ် မကောင်းပါဘူး။ ကျောင်းရဲ့ဂေါက်သီးအသင်းဖွဲ့စည်းဖို့ သူစွမ်းဆောင်နိုင်ခဲ့ပေမယ့် ပြိုင်ပွဲရာသီအတွင်း အရေးပါတဲ့တစ်ခုတည်းသော ပွဲကိုလည်း ချက်ချင်းဆိုသလို ရှုံးနိမ့်ခဲ့ပါတယ်။ နှစ်သိမ့်ပြိုင်ပွဲ တစ်ပွဲရှိပေမယ့်လည်း သူရှုံးခဲ့ပြန်တယ်။
             လူငယ်ဘဝတစ်လျှောက်လုံး စပါကီဟာ လူမှုဆက်ဆံရေးမှာလည်း အချိုးမပြေ ဖြစ်ရပါတယ်။ အခြားကျောင်းသားတွေက သူ့ကို မနှစ်သက်လို့တော့ မဟုတ်ပါဘူး။ ဘယ်သူကမှလည်း ဒါတွေအားလုံးကို အလေးအနက် သိပ်မထားပါဘူး။ တကယ်တော့ ကျောင်းချိန်ပြင်ပ အချိန်တွေမှာ အတန်းဖော်တစ်ယောက်ယောက်က စပါကီကို  နှုတ်ဆက်မယ်ဆိုရင် သူအံ့အားသင့်သွားတတ်တဲ့ အတွက်ကြောင့်ပါ။ မိန်းကလေးတစ်ယောက်ကို ချိန်းဆို တွေ့ဆုံပြီး ဘာလုပ်ရမယ်ဆိုတာ သူ့ကိုပြောပြဖို့ နည်းလမ်းလည်း မရှိခဲ့ပါဘူး။ အထက်တန်းကျောင်းချိန် ပြင်ပမှာလည်း သူဟာ မိန်းကလေးတစ်ဦးကို ဘယ်တုန်းကမှ စကားမပြောဖူးပါဘူး။ ငြင်းပယ်ခံရမှာ သူအလွန်ကြောက်ရွံသလို လှောင်ရယ်ခံရမှာကိုလည်း ကြောက်ရွံမိပါတယ်။ စပါကီဟာ အရှုံးသမားတစ်ဦးပါ။ သူရော၊ သူ့အတန်းဖော်တွေရော ဒါကိုသိသလို လူတိုင်းလည်းသိပါတယ်။ ဒီတော့ သူကလည်း အရှုံးသမားအဖြစ် နေထိုင်ဖို့ပဲ သင်ယူခဲ့ပါတော့တယ်။ အရာရာတိုင်း ဖြေရှင်းဖို့ လိုအပ်မယ်ဆိုရင် သူ့ဘာသာသူ ဖြေရှင်းသွားလိမ့်မယ်လို့ အစောပိုင်းကတည်းက သူဆုံးဖြတ်ချက် ချထားခဲ့ပါတယ်။ ဒါမှမဟုတ်ရင်တော့ သူဟာ ရှောင်လွဲလို့မရတဲ့ သာမန်လူတစ်ယောက်အဖြစ်နဲ့ပဲ ရောင့်ရဲတင်းတိမ်ရပါလိမ့်မယ်။
           ဒါပေမယ့် စပါကီအတွက် အရေးပါတဲ့ အရာတစ်ခုကတော့ ပုံဆွဲခြင်းပါပဲ။ သူဟာ သူ့ရဲ့အနုပညာအလုပ်ကို ဂုဏ်ယူမိပါတယ်။ အခြားမည်သူ တစ်ဦးတစ်ယောက်ကမှ သူ့အနုပညာကို နားလည်သဘောပေါက်ခြင်း မရှိပါဘူး။ ဒါပေမယ့် သူ့အတွက် ဒါတွေဟာ အရေးကြီးပုံ မပေါ်ပါဘူး။ သူ အထက်တန်းကျောင်းသားကြီးဘဝမှာ ကျောင်းနှစ်ပတ်လည်စာစောင်အတွက် သူ့ရဲ့ကာတွန်းအချို့ ပေးပို့ခဲ့ပါသေးတယ်။ အယ်ဒီတာအဖွဲ့ဝင်တွေက သူရဲ့ကာတွန်းကို ပယ်ခဲ့ပါတယ်။ ငြင်းပယ်ခံရပေမယ့်လည်း စပါကီကတော့ သူ့ရဲ့အစွမ်းအစကို သိမြင်နားလည်ခဲ့ပါတယ်။ သူဟာ အနုပညာရှင် တစ်ဦးဖြစ်လာဖို့ပင် ဆုံးဖြတ်ချက်ချခဲ့တယ်။
            ဒါကြောင့် အထက်တန်းကျောင်းပြီးတဲ့အခါ စပါကီဟာ ဝေါဒစ္စနေစတူဒီရိုဆီ စာလှမ်း ရေးလိုက်ပါတယ်။ သူတို့က သူ့ရဲ့ နမူနာတွေပေးပို့ဖို့ တောင်းဆိုခဲ့တယ်။ ဂရုတစိုက်နဲ့ ကြိုတင်ပြင်ဆင်ခဲ့ပေမယ့်လည်း သူအငြင်းပယ်ခံလိုက်ရတယ်။ သူဟာ ရှုံးနိမ့်သူတစ်ဦးအဖြစ် ထပ်မံသေချာအောင် ပြုလုပ်လိုက်သလိုပါပဲ။
           ဒါပေမယ့် စပါကီကတော့ အရှုံးမပေးသေးပါဘူး။ အဲဒီအစား သူ့ဘဝ ဖြစ်ရပ်မှန်တွေကို ကာတွန်းတွေနဲ့ သရုပ်ဖော်ဖို့ပဲ ဆုံးဖြတ်ချက်ချလိုက်တယ်။ အဓိကဇာတ်ကောင်က လူငယ်လေးတစ်ဦးဖြစ်ပြီး ထာဝရအရှုံးသမားနဲ့ မျှော်လင့်ထားသည့်ထက် အောင်မြင်မှု နည်းနည်းသာရတဲ့ လူငယ်တစ်ဦးအဖြစ် သရုပ်ဖော်ထားပါတယ်။ သင်လည်း သူ့ကို ကောင်းကောင်းသိမှာပါ။ အကြောင်းကတော့ စပါကီရဲ့ ကာတွန်းဇာတ်ကောင်ဟာ ယဉ်ကျေးမှုနဲ့သက်ဆိုင်တဲ့ အမျိုးအစား ဖြစ်လာလို့ပါပဲ။ လူတွေဟာ နှစ်လိုဖွယ်ကောင်းတဲ့ အရှုံးသမားလေးအပေါ် အတော့်ကို ဂရုဏာသက်သွားကြပါတယ်။ သူဟာ လူတွေကို  သတိရစေတာကတော့ သူတို့အတိတ်ကာလရဲ့ အခက်ကြုံ နာကျင်ခဲ့ရတဲ့အချိန်တွေ၊ ဒုက္ခဝေဒနာတွေနဲ့ ကျင်လည်ရာ လူ့လောက ဝန်းကျင်တို့ပါပဲ။ အဲဒီဇာတ်ကောင်ဟာ မကြာမီမှာပင် ချာလီဘရောင်းအဖြစ် ကမ္ဘာ့တစ်ဝှမ်း လူသိများလာခဲ့တယ်။ ပြီးတော့ ရှုံးနိမ့်မှုများစွာကြုံရပေမယ့် ဘယ်တုန်းကမှ ကြိုးစားအားထုတ်မှုကို မရပ်တန့်ခဲ့တဲ့ ၊ အနုပညာလက်ရာတွေ အဆက်မပြတ် အပယ်ခံခဲ့ရတဲ့ စပါကီဟာ အလွန်အောင်မြင်ကျော်ကြားတဲ့ ကာတွန်းပညာရှင် ချားလ်စ် စချက်လ်ဇ် အဖြစ် လူသိများလာခဲ့ပါတယ်။ သူ့ရဲ့ ကာတွန်းဇာတ်လမ်းတွဲ “Peanuts”ဟာ စာအုပ်တွေ၊ တီးရှပ်တွေနဲ့ ခရစ္စမတ်လက်ဆောင်တွေမှာ လွမ်းမိုးလာခဲ့တယ်။ ပြီးတော့ ကျွန်တော်တို့ကို သတိပေးနေတာကတော့ တစ်စုံတစ်ဦး မှတ်ချက်ပြုခဲ့သလိုပင် ဘဝဆိုတာ ရှုံးနိမ့်သူဖြစ်နေပါစေ ကျွန်တော်တို့အားလုံးအတွက် နည်းလမ်းတစ်ခု ရှာဖွေတွေ့ရှိနိုင်တယ် ဆိုတာပါပဲ။
           စပါကီရဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းဟာ ကျွန်တော်တို့ကို အလွန်အရေးကြီးတဲ့ ဘဝနိယာမတစ်ခုကို သတိပေးနေပါတယ်။ ကျွန်တော်တို့အားလုံးဟာ တစ်ခါတစ်ရံ အခက်အခဲတွေ စိတ်ပျက်အားလျော့မှုတွေ တွေ့ကြုံရနိုင်ပါတယ်။ ကျွန်တော်တို့ဟာ အဲဒါတွေကို ဘယ်လိုကိုင်တွယ် ဖြေရှင်းရမယ်ဆိုတာ ရွေးချယ်ခွင့်တစ်ခုလည်း ရရှိထားပါတယ်။ ကျွန်တော်တို့ အလျှော့မပေးဘူးဆိုလျှင်၊ ကျွန်တော်တို့ရဲ့ယုံကြည်ချက်ကို ခိုင်မြဲစွာ စွဲကိုင်ထားမည်ဆိုလျှင်၊ ကျွန်တော်တို့ရဲ့ ပြိုင်စံကင်းတဲ့ အစွမ်းအစတွေကို ဖွံ့ဖြိုးအောင် အဆက်မပြတ် ပြုလုပ်နေမည်ဆိုလျှင် ဘာဖြစ်လာမည်ဆိုတာ မည်သူကများ ပြောနိုင်မှာလဲ။ ကျွန်တော်တို့ရဲ့ ထိုးထွင်းသိမြင်နိုင်သော ဥာဏ်စွမ်းနဲ့ စွမ်းရည်တွေဟာ အခက်အခက်ကို လွှမ်းမိုးအနိုင်ယူပြီး အဆုံးသတ်ကောင်း သတ်ရပါလိမ့်မယ်။ အဆုံးမှာတော့ ရှုံးနိမ့်သူဆိုတာ ရှိမှာမဟုတ်တော့ပါဘူး။ အောင်မြင်သူအချို့ဟာ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အချိန်အတော် ပေးခဲ့ရပါတယ်။ 

Ref:The loser who never gave up! By Unknown
By CAPT J. David Atwater, CHC, USN
နေလင်းအောင် 
www.naylinaung1.blogspot.com

No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...