Monday, December 17, 2012

မဆင်မခြင် လုပ်ဆောင်မှု




အလွန်ချစ်ခင်တဲ့ ဇနီးမောင်နှံစုံတွဲဟာ လက်ထပ်ပြီးလို့ ဆယ်နှစ်ကျော်ကြာပေမယ့် ကလေးမရသေးပါဘူး။ ခုတော့ သူတို့ရဲ့ (၁၁)ကြိမ်မြောက် မင်္ဂလာနှစ်ပတ်လည် ရောက်ခါနီးပါပြီ။ ဒေးဗ်နဲ့ ရှာရာတို့ဟာ လက်ထပ်နေထိုင်ခဲ့ကြပြီး (၁၁)ကြိမ်မြောက် မင်္ဂလာနှစ်ပတ်လည်မတိုင်မီ ကလေးတစ်ယောက်ရဖို့ အလွန်အမင်း ဆန္ဒ ရှိနေခဲ့ကြပါတယ်။ အကြောင်းကတော့ သူတို့ဟာ သူငယ်ချင်းတွေ မိသားစုဝင်တွေထံမှ ကွာရှင်းပြတ်စဲဖို့ တိုက်တွန်းမှု ခံနေရတဲ့အတွက်ကြောင့်ပါ။ ဒါပေမယ့် သူတို့နှစ်ဦးကြားမှာ ခိုင်မြဲတဲ့ မေတ္တာသံယောဇဉ် ရှိနေတဲ့အတွက် သူတို့ မကွာရှင်းချင်ကြပါဘူး။

လတွေကုန်ဆုံးသွားလို့ တစ်နေ့မှာ ဒေးဗ် အလုပ်က ပြန်လာစဉ် သူ့ဇနီးကို အမျိုးသားတစ်ယောက်နဲ့အတူ လမ်းလျှောက်လာကြောင်း တွေ့လိုက်ရပါတယ်။ ထိုသူဟာ သူ့ဇနီးပခုံးကိုဖက်ထားပြီး သူတို့နှစ်ဦးလုံး အလွန်ပျော်နေခဲ့ကြပါတယ်။ တစ်ပတ်ကျော်ကြာသည့်တိုင် နေရာအမျိုးမျိုးမှာ ထိုသူနဲ့ သူ့ဇနီးကို တွေ့မြင်ခဲ့ပါတယ်။ ဒေးဗ်အလုပ်ကနေ ပြန်လာတဲ့ တစ်ညနေခင်းမှာတော့ ထိုသူဟာ သူ့ဇနီးကို ကားနဲ့အိမ်တိုင်ရာရောက်လိုက်ပို့ပေးပြီး မဆင်းမီ သူမပါးပြင်ကို နမ်းလိုက်ကြောင်း တွေ့မြင်လိုက်ပါတယ်။ ဒေးဗ် စိတ်ဆိုးဒေါသထွက်ပြီး ဝမ်းနည်းလာခဲ့တယ်။

နှစ်ရက်ကြာပြီးလို့ အလုပ်ခွင်မှာ အလွန်အလုပ်များနေတဲ့ တစ်နေ့မှာပေါ့။ ဒေးဗ် ရေသန့်စက်ကနေ ဖန်ကရားတစ်လုံးနဲ့ ရေထည့်ယူနေစဉ် ဖုန်းမြည်လာခဲ့ပါတယ်။ ဖုန်းကို သူကောက်ကိုင်လိုက်တော့ လူတစ်ဦးက ပြောလာပါတယ်။ “ဟယ်လို…အချစ်ရေ၊ ကတိပေးထားတဲ့အတိုင်း ဒီနေ့ညနေ မင်းအိမ် လာခဲ့ပါမယ်။ ငါမျှော်လင့်ထားတာကတော့…” ဒေးဟာ စိတ်မထိန်းနိုင်ဘဲ ဖုန်းကိုလွတ်ချလိုက်တယ်။ ဒါဟာ အမျိုးသားတစ်ဦးရဲ့အသံဖြစ်ပြီး သူ့ဇနီးနဲ့အတူ အမြဲတမ်းတွေ့နေရတဲ့လူ ဖြစ်တယ်ဆိုတာကိုတော့ သူ့ဘက်က သေချာနေခဲ့ပါတယ်။

သူ့ဇနီးကို အခြားအမျိုးသားတစ်ယောက်ဆီ လက်လွတ်ဆုံးရှုံးရတော့မှာကို တွေးမိတော့ သူ့လက်တွေ ရုတ်တရက် တုန်လှုပ်လာခဲ့ပါတယ်။ သူ့လက်ကနေ ဖန်ချိုင့် လွတ်ကျသွားပြီး အစိတ်စိတ်အမွှာမွှာ ကွဲသွားခဲ့တယ်။ ရှာရာဟာ အခန်းထဲဝင်လာပြီးနောက် မေးလိုက်ပါတယ်။ “အဆင်ပြေရဲ့လား” သူဟာ ဒေါသတကြီးနဲ့ သူ့ဇနီးကို တွန်းထုတ်လိုက်တော့ သူ့ဇနီး လဲကျသွားခဲ့တယ်။ သူမ မလှုပ်ရှားတော့သလို ပြန်လည် ထမလာနိုင်တော့ပါဘူး။

အဲဒီနောက်တော့ ဒေးဗ်ဟာ ဖန်ကရား လွတ်ကျခဲ့တဲ့နေရာမှာ သူ့ဇနီး လဲကျသွားကြောင်း သတိပြုမိလိုက်ပါတယ်။ ကြီးမားတဲ့ ဖန်ကွဲတစ်ခုက သူ့မကို ထိုးဖောက်သွားခဲ့ပါတယ်။ သူမရဲ့ အသက်ရှုသံ၊ သွေးခုန်နှုန်းနဲ့ နှလုံးခုန်သံတွေ သူခံစားခဲ့ရပေမယ့် သူမကတော့ အသက်ကင်းမဲ့သလို လဲလျောင်းနေခဲ့ပါတယ်။ တကယ်တော့ သူမ သေသွားခဲ့ပေပြီ။ သူမလက်မှာ စာအိတ်တစ်လုံးကိုတွေ့တော့ သူ ဇဝေဇဝါ ဖြစ်သွားပါတယ်။  စာအိတ်ကို ကောက်ယူပြီး ဖွင့်ဖတ်လိုက်တယ်။ စာထဲမှာပါတဲ့ အကြောင်းအရာတွေကြောင့် သူတုန်လှုပ်သွားပါတယ်။ စာထဲ ရေးထားတာကတော့…

“ချစ်ရပါသော ယောက်ျားရေ…
ကျွန်မ ခံစားနေရတာတွေကို စကားနဲ့ ဖော်ပြဖို့ မစွမ်းဆောင်နိုင်တဲ့အတွက်ကြောင့် စာရေးပြီး ပြောရတာပါ။ ကျွန်မ ဆရာဝန်တစ်ယောက်ထံ သွားရောက်စစ်ဆေး ပြသနေတာ တစ်ပတ်ကျော်ပါပြီ။ ရှင့်ကို သတင်းကောင်းမပေးမီ သေချာစေချင်လို့ပါ။ ကျွန်မ အမွှာကလေးနှစ်ယောက်ကို ကိုယ်ဝန်ဆောင်ထားတာ ခုဆိုရင် နှစ်လရှိပြီဖြစ်ကြောင်း ဆရာဝန်က အခိုင်အမာ ပြောခဲ့ပါတယ်။ အဲဒီဆရာဝန်ဟာ ကျွန်မတို့ လက်ထပ်ပြီးကတည်းက အချိန်အတော်ကြာ အဆက်အသွယ်ပျက်နေခဲ့တဲ့ ကျွန်မရဲ့အစ်ကိုပါ။ သူဟာ ပိုက်ဆံတစ်ပြားတစ်ချပ်မှ မယူဘဲ ကျွန်မနဲ့ ကလေးတွေကို အကောင်းဆုံး စောင့်ရှောက်ပေးဖို့ ကတိပေးခဲ့ပါတယ်။ ဒီနေ့တော့ ကျွန်မတို့နဲ့အတူ ညစာစားဖို့ ကတိပေးခဲ့ပါတယ်။ ရှင် ကျွန်မကို ချစ်ရေးဆိုတဲ့ နေ့ရက်နဲ့ ကျွန်မ  ပျော်ရွှင်စွာ အဖြေပြန်ပေးခဲ့တာကို သတိရစေဖို့အတွက် ဒီစာကို ဧည့်ခန်းထဲရှိ ရှင်အမြတ်နိုးဆုံး ကုလားထိုင်မှာ ထားခဲ့ပါမယ်။ ကျွန်မဘေးမှာ ရှိနေပေးခဲ့တဲ့အတွက် ကျေးဇူးပါရှင်။
ရှင့်ရဲ့ ချစ်ခင်ရသောဇနီး

အဲဒီစာ သူ့လက်ထဲကနေ လွတ်ကျသွားခဲ့တယ်။ တံခါးခေါက်သံ ပေါ်လာပြီး သူ့ဇနီးနဲ့အတူ တွေ့မြင်ခဲ့ရတဲ့လူ ပေါ်လာပြီး ပြောဆိုလိုက်ပါတယ်။ “ဟယ်လို…ဒေးဗ် ဟုတ်တယ်မို့လား။ ကျွန်တော် ခင်ဗျားဇနီးရဲ့အစ်ကို မက်ဇ်ပါ။ ပြီးတော့…”
မက်ဇ်ဟာ ရုတ်တရက် သွေးအိုင်ထဲမှာလဲနေတဲ့ သူ့ညီမကို သတိပြုမိလိုက်ပါတယ်။ သူ့ညီမကို ဆေးရုံအလျင်အမြန်ပို့ပေးပြီး စစ်ဆေးကြည့်ရာ သူမ သေဆုံးပြီဖြစ်ကြောင်း အတည်ပြုလိုက်ပါတယ်။ သူမရဲ့ အမွှာကလေးတွေလည်း မရှိတော့ပါဘူး။

ပုံပြင်ရဲ့ သင်ခန်းစာ
-ကျွန်တော်တို့ဟာ ကျွန်တော်တို့ရဲ့ အပေါင်းအဖော်၊ ဇနီးခင်ပွန်းနဲ့ပတ်သက်ပြီး မြင်ခဲ့ကြားခဲ့ရသမျှ မမေးမစမ်းရသေးမီ ဆက်ဆံရေး သို့မဟုတ် အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး  အလျင်စလို လုပ်ဆောင်မှုတွေ မပြုလုပ်သင့်ပါဘူး။
-ကျွန်တော်တို့အားလုံးမှာ ချွတ်ယွင်းချက်ကိုယ်စီ ရှိကြပါတယ်။ ကျွန်တော်တို့ဟာ အခြားသူတွေအပေါ် ထင်မြင်ချက် အလျင်အမြန် မချမှတ်သင့်ပါဘူး။
-အခြားသူတစ်ဦးဦးနဲ့ပတ်သက်ပြီး သင်မြင်နေ၊ ကြားနေ၊ ယုံကြည်နေတဲ့ အရာရာတိုင်း မှန်ကန်မှု မရှိနိုင်ပါဘူး။
နေလင်းအောင်
www.naylinaung1.blogspot.com
www.facebook.com/authornaylinaung
 

No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...