အလွန်အလုပ်ရှုပ်နေတဲ့ တစ်ရက် နံနက်
ရှစ်နာရီခွဲခန့်ကပေါ့။ အသက်ရှစ်ဆယ်ရှိ လူကြီးလူကောင်း အဘိုးအိုတစ်ဦးဟာ
သူ့လက်မမှာရှိတဲ့ ချုပ်ရိုးကိုဖယ်ရှားဖို့ ရောက်လာခဲ့ပါတယ်။ အဘိုးဟာ နံနက်(၉)နာရီမှာ
ချိန်းဆိုထားတာ ရှိနေတဲ့အတွက် မြန်မြန်ပြီးချင်ကြောင်း ပြောခဲ့ပါတယ်။
ကျွန်မဟာ အဘိုးရဲ့ အရေးတကြီးဖြစ်နေပုံရတဲ့ လက္ခဏာကို သတိပြုမိပြီး ဆရာဝန်တစ်ယောက်ယောက် အဘိုးကိုကြည့်ပေးဖို့က တစ်နာရီကျော်လောက် လိုအပ်ဦးမည်ဆိုတာ သိလာတဲ့အတွက်ကြောင့် အဘိုးကို ထိုင်ခုံတစ်ခုံမှာ ထိုင်ခိုင်းလိုက်ပါတယ်။ ကျွန်မလည်း အခြားလူနာတစ်ဦးနဲ့ အလုပ်သိပ်မများတဲ့အတွက်ကြောင့် နာရီတကြည့်ကြည့်ဖြစ်နေတဲ့ အဘိုးကို မြင်တဲ့အခါ သူရဲ့ဒဏ်ရာကို စစ်ဆေးကြည့်ရူ့ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ စစ်ဆေးပြီးတဲ့အခါ အဘိုးရဲ့ဒဏ်ရာဟာ ကောင်းကောင်းကျက်နေတဲ့အတွက် ဆရာဝန်တစ်ယောက်ကိုခေါ်ကာ လိုအပ်သည့် ပစ္စည်းကိရိယာများကိုယူရင်း အဘိုးရဲ့ဒဏ်ရာမှ ချုပ်ရိုးကို ဖယ်ရှားပြုပြင်ပေးလိုက်ဖို့ စေခိုင်းလိုက်ပါတယ်။
သူရဲ့ဒဏ်ရာကို ကုသနေစဉ် ကျွန်မက အဘိုးဟာ အလျင်စလို ဖြစ်နေတဲ့အတွက် ဒီမနက်မှာပဲ အခြားဆရာဝန်တစ်ဦးဦးနဲ့ ချိန်းဆိုထားသလားလို့ မေးလိုက်ပါတယ်။ အဘိုးဟာ မချိန်းဆိုထားကြောင်းနဲ့ သူ့ဇနီးနဲ့အတူ နံနက်စာစားဖို့ ဘိုးဘွားရိပ်သာသို့ သွားဖို့လိုအပ်ကြောင်း ပြောပြခဲ့ပါတယ်။ ကျွန်မက အဘွားရဲ့ကျန်းမာရေးကို စုံစမ်းမေးမြန်းလိုက်ပါတယ်။
အဘွားဟာ ဘိုးဘွားရိပ်သာရောက်နေတာ အတော်ကြာပြီဖြစ်ကြောင်းနဲ့ သူမမှာ အတိတ်မေ့ရောဂါ စွဲကပ်နေကြောင်း အဘိုးက ပြောပြခဲ့ပါတယ်။ ကျွန်မတို့ ဆက်လက်ပြောဆိုနေစဉ် အဘိုး အနည်းငယ်နောက်ကျတဲ့အတွက် အဘွား စိတ်မကောင်း ဖြစ်သွားနိုင်သလားလို့ မေးလိုက်ပါတယ်။
အဘွားက သူ့ကို မည်သူမှန်း မသိတော့ကြောင်းနဲ့ သူ့ကိုမမှတ်မိတော့သည်မှာ ယခုဆိုလျှင် ငါးနှစ်ရှိပြီဖြစ်ကြောင်း ပြန်ပြောပြပါတယ်။
ကျွန်မ တအံ့တသြဖြစ်သွားရင်း အဘိုးကို မေးလိုက်ပါတယ်။ “ဒါဆိုရင် အဘွားက အဘိုးကို မသိပေမယ့် အဘိုးကတော့ နေ့စဉ်နံနက်တိုင်း အဘွားထံ သွားနေတုန်းပေါ့”
အဘိုးက ပြုံးလိုက်ရင်း ကျွန်မလက်ကိုပုတ်ကာ ပြောလိုက်ပါတယ်။ “အဘွားက မသိပေမဲ့လည်း အဘိုးကတော့ သူ့ကို သိနေတုန်းပဲလေ”တဲ့။

မေတ္တာစစ်ဆိုတာ
ရုပ်ပိုင်းဆိုင်ရာနဲ့ မသက်ဆိုင်သလို စိတ်ကူးယဉ်လည်း မဆန်လှပါဘူး။
မေတ္တာစစ်ဆိုတာ ဖြစ်နေသမျှ၊
ဖြစ်ခဲ့သမျှ၊ ဖြစ်လာသမျှ၊ မဖြစ်လာသမျှ အရာအားလုံးကို လက်ခံနိုင်ခြင်းပါပဲ။
နေလင်းအောင်
ဘာသာပြန်ဆိုသည်။
Ref; Unconditional Love
Written by Krishna Khanna
No comments:
Post a Comment