Sunday, December 16, 2012

အကြီးမြတ်ဆုံးသော ရတနာ




Greatest Treasure
Spiritual Story by Catherine Ingram


           ရှေးခေတ်တုန်းက တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့မှာ လူငယ်တစ်ဦး နေထိုင်ခဲ့ပါတယ်။ သူဟာ ဆင်းရဲတဲ့အတွက်ကြောင့် အခန်းလေးတစ်ခန်းသာ ပိုင်ဆိုင်ပြီး အဲဒီအခန်းထဲမှာ စာအုပ်အနည်းငယ်နဲ့ အိပ်ရာကုတင်လေးတစ်လုံးသာ ရှိခဲ့ပါတယ်။ တစ်ညမှာတော့ လူငယ်လေးဟာ တကယ်ကို ရှင်းလင်းပြတ်သားတဲ့ အိပ်မက်တစ်ခု မြင်မက်ခဲ့ပါတယ်။
          အိပ်မက်မှာ သူဟာ ဘယ်တုန်းကမှ မရောက်ဖူးခဲ့တဲ့ အီဂျစ်နိုင်ငံ ကာရီရိုမြို့တော်ရှိ လမ်းတစ်လမ်းပေါ်မှာ လမ်းလျှောက်နေကြောင်း သိမြင်လာခဲ့ပါတယ်။ လမ်းနာမည်တွေနဲ့ လမ်းဘေးမှာရှိနေတဲ့ အိမ်တွေကို သူကောင်းကောင်း မြင်ရပါတယ်။      
          သူ့အိပ်မက်အမြင်အာရုံထဲမှာ သူဟာ လိပ်စာစာရွက်လေးတစ်ခုကို ဆွဲကိုင်ရင်း အိမ်တစ်လုံးဆီ လျှောက်သွားနေပါတယ်။ သူဟာ အုတ်တံတိုင်းကာရံထားတဲ့ ခြံဝန်းထဲဝင်ပြီးနောက် အဓိကအိမ်မကြီးထဲ ဝင်လိုက်ပါတယ်။ ပွင့်နေတဲ့ တံခါးတစ်ချပ်က အိမ်မကြီးထဲမှာရှိတဲ့ အခန်းတစ်ခုဆီ သူ့ကို စွဲဆောင်ခေါ်ယူခြင်း ခံလိုက်ရပါတယ်။ အဲဒီအခန်းထဲမှာ အဘိုးအိုတစ်ဦး ထိုင်နေခဲ့ပြီး သူ့ဘေးပတ်လည် မလှမ်းမကမ်းမှာက လူငယ်လေး ဘယ်တုန်းကမှ စိတ်ကူးမကြည့်နိုင်ခဲ့တဲ့ ရတနာများဖြင့် ဝန်းရံထားကြောင်း တွေ့ရပါတယ်။
          စိန်တွေ၊ မြတွေနဲ့ ပတ္တမြားတွေဟာ ပိရမစ်ပုံလို မြင့်မားစွာ စုပုံနေခဲ့တယ်။ ရွှေချောင်းတွေနဲ့ ငွေချောင်းတွေကို နံရံမှာ စီတန်းထားခဲ့ပါတယ်။ ကမ္ဘာ့တစ်ဝှမ်းမှရရှိတဲ့ အလွန်လက်ရာမြောက်တဲ့ ကော်ဇောတွေနဲ့ လက်မှုပစ္စည်းတွေဟာ သူ့ခြေရင်းမှာ စုပုံနေခဲ့တယ်။ လူငယ်လေးဟာ ရတနာတွေကို ကြည့်ပြီးနောက် အဘိုးအိုကို တအံ့တသြ ကြည့်လိုက်ပါတယ်။ အကြောင်းကတော့ အဲဒီအချိန်အတွင်းမှာ ဒီရတနာအားလုံး သူပိုင်ဆိုင်ကြောင်း သိမြင်လိုက်လို့ပါပဲ။ ဘယ်လိုလုပ်ပြီး သူသိခဲ့တာလဲ မသိပေမယ့်လည်း (တကယ်တော့ ဒါဟာ စိတ်ကူးအိပ်မက် ရုပ်ပုံလွှာပါ) ဒီရတနာအားလုံး သူပိုင်ဆိုင်ကြောင်းကိုတော့ သူ အသေအချာ ယုံကြည်နေခဲ့ပါတယ်။
         လူငယ်လေးဟာ အိပ်မက်ကနေ နိုးထလာခဲ့တယ်။ သူဟာ (သူ့အိပ်မက်ကို) အသေအချာ ယုံကြည်လွန်းနေတဲ့အတွက်ကြောင့် အဲဒီနေ့မှာပဲ သူ့ရဲ့ရတနာတွေကို တောင်းဆိုဖို့ အစ္စတန်ဘူလ်မြို့မှ ကာရီရိုမြို့သို့ အလွန်ဝေးကွာတဲ့ခရီးကို စတင်လျှောက်လမ်းခဲ့ပါတယ်။ အဲဒီခေတ်တုန်းက ခရီးသွားရတာ နှေးကွေးကြန့်ကြာပါတယ်။ ပြီးတော့ လူငယ်လေးဟာ ဆင်းရဲတဲ့အတွက် အစားအစာနဲ့ နေရာထိုင်ခင်းအတွက် ငွေပေးချေနိုင်ဖို့ လမ်းတစ်လျှောက် အလုပ်လုပ်ခဲ့ရပါတယ်။ လပေါင်းများစွာကြာပြီး နောက်ဆုံးမှာတော့ သူဟာ ကာရီရိုမြို့သို့ ရောက်လာခဲ့တယ်။ စုံစမ်းမှုတွေ ပြုလုပ်ပြီးနောက် သူ့အိပ်မက်ထဲမှာ တွေ့မြင်ခဲ့ရတဲ့ လမ်းကို သူတွေ့ခဲ့ပါတယ်။
        အဲဒီလမ်းပေါ် သူလျှောက်လှမ်းလိုက်တဲ့အခါ အရာရာတိုင်းဟာ သူနဲ့ လုံးဝကို ရင်းနှီးကျွမ်းဝင်နေသလိုပါပဲ။ အိမ်တွေဟာ သူ့အိပ်မက်ထဲမှာ တွေ့ခဲ့ရသလို အတိအကျ တူညီပါတယ်။ ပြီးတော့ သူ့အိပ်မက်ထဲမှာ အဘိုးအိုတစ်ဦး အသေအချာ ရှိနေသလို သူ့ရဲ့ရတနာတွေလည်း မျှော်လင့်ထားတဲ့နေရာမှာ အတိအကျ ရှိနေမယ်ဆိုတာ ယုံကြည်နေခဲ့ပါတယ်။ သူ့လမ်းကြောင်းကို သိမြင်တဲ့အခါ သူဟာ အုတ်တံတိုင်းခတ်ထားတဲ့ ခြံဝန်းထဲဝင်လိုက်တယ်။ ပြီးနောက် ရတနာတွေထားတဲ့ အခန်းထဲဝင်လိုက်ကာ သူ့ပိုင်ဆိုင်မှုတွေကို တောင်းဆိုဖို့ အစီအစဉ် ပြုလုပ်ထားခဲ့ပါတယ်။
           အဲဒီအခန်းမှာက အဘိုးအိုတစ်ဦး ထိုင်နေခဲ့ပေမယ့်လည်း ရတနာတွေ မရှိသလို ရွှေတွေငွေတွေလည်း မရှိပါဘူး။ ကော်ဇောတွေနဲ့ ရှေးဟောင်းပစ္စည်းတွေလည်း မရှိပါဘူး။ လူငယ်လေးဟာ ရတနာတွေမတွေ့ရပေမယ့် တုန်လှုပ်မှုမရှိဘဲ အဘိုးအိုကို သူ့အိပ်မက်အကြောင်း ပြန်ပြောပြခဲ့တယ်။ နောက်ဆုံးမှာတော့ သူက ပြောဆိုလိုက်ပါတယ်။ “ကျွန်တော့်အိပ်မက်ထဲမှာ တွေ့ခဲ့တဲ့အတိုင်း အရာရာတိုင်း အတိအကျ တူညီနေပါတယ်။ ဒီတော့ ဥစ္စာဓနတွေ ဒီအိမ်တစ်နေရာရာမှာ ဝှက်ထားမယ်လို့ ထင်ပါတယ်။ ကျေးဇူးပြုပြီး အဲဒီဥစ္စာတွေ ကျွန်တော့်ကိုပေးပါ။”
        အဘိုးအိုဟာ အချိန်အတော်ကြာ တိတ်ဆိတ်သွားခဲ့တယ်။ လူငယ်လေးကို စူးစူးစိုက်စိုက်ကြည့်ရင်း သူ့မျက်လုံးတွေ အရောင်ဖြာလဲ့လာပါတယ်။ ခဏအကြာတွင် သူ ပြောဆိုလိုက်တယ်။ “သိပ်ပြီး ထူးဆန်းလိုက်တာ။ အဘိုးလည်း အိပ်မက်တစ်ခု မက်ခဲ့တယ်။ မင်းနဲ့လုံးဝကို တူညီတဲ့ အစ္စတန်ဘူလ်မြို့က လူငယ်လေးတစ်ယောက်အကြောင်း အိပ်မက်မက်ခဲ့ပါတယ်။”
“ဟုတ်လား။ ဆက်ပြောပါဦးဗျာ။” ဒီအချက်အလက်ဟာ သူ့ရဲ့ရတနာတွေဆီ ဦးတည်ရောက်ရှိနိုင်လိမ့်မယ်လို့ ယုံကြည်ရင်း လူငယ်လေးက ပန်ကြားပြောဆိုလိုက်ပါတယ်။  
        အဘိုးအိုက အစ္စတန်ဘူလ်မြို့မှာ လူငယ်လေးနေထိုင်တဲ့ လမ်းကို ဆက်လက်ပြောပြပါတယ်။ သူဟာ လူငယ်လေးရဲ့ အဖေနဲ့အမေ၊ ညီအစ်ကိုမောင်နှမတွေ၊ အလုပ်ခွင်က သူငယ်ချင်းတွေနဲ့ သူ့ရဲ့ ရိုးရှင်းတဲ့ အခန်းနံရံမှာရှိတဲ့ စာအုပ်တွေအကြောင်း သရုပ်ဖော် ပြောပြလိုက်ပါတယ်။
          အဘိုးအိုက ပြောဆိုပါတယ်။ “အဘိုးရဲ့ အိပ်မက်ထဲမှာတော့ ကမ္ဘာမှာရှိတဲ့ သတ္တုတွေ၊ တောက်ပနေတဲ့ ကျောက်မျက်ရတနာအားလုံးထက် ပိုပြီးအဖိုးထိုက်တန်တဲ့ အကြီးမြတ်ဆုံးသော ရတနာဟာ အဲဒီအခန်းထဲက ကုတင်လေးပေါ်မှာပဲ ရှိနေတာတဲ့။” အဘိုးအို ဘာကိုဆိုလိုတယ်ဆိုတာ လူငယ်လေးဟာ ချက်ချင်းဆိုသလို နားလည်သဘောပေါက်လာခဲ့တယ်။ သူဟာ ပညာရှိ အဘိုးအိုကို ဦးညွတ်နှုတ်ဆက် ထွက်ခွာပြီးနောက် သူနေထိုင်ရာ အစ္စတန်ဘူလ်မြို့မှာပဲ အေးအေးချမ်းချမ်းဖြင့် ရှင်သန်နေထိုင်ခဲ့ပါတော့တယ်။

နေလင်းအောင် ဘာသာပြန်ဆိုသည်။

 www.naylinaung1.blogspot.com
www.facebook.com/authornaylinaung

Ref ;Greatest Treasure
Spiritual Story by Catherine Ingram

No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...