ဆွေမျိုး
လင်မယားနှစ်ဦးသည် ကျေးလက်လမ်းတစ်လျောက် စကားတစ်ခွန်းမှမပြောဘဲ
ကားမောင်းလာကြသည်။ စောစောက ဆွေးနွေးပွဲတစ်ခုတွင် အငြင်းအခုံဖြစ်ကြရင်း
မည်သူကမှ မိမိအမြင်ကို အလျှော့မပေးကြချေ။ မြင်း၊ဆိတ်၊ဝက်များမွေးထားသော
မွေးမြူရေးခြံကြီးတစ်ခုနား ဖြတ်သန်းလာစဉ် ခင်ပွန်းဖြစ်သူက
သူ့ဇနီးဘက်လှည့်ကာ ခနဲ့တဲ့တဲ့ဖြင့် "ဒါမင်းဆွေမျိုးတွေလား" ဟု
မေးလိုက်ပါသည်။ ထိုအခါ ဇနီးဖြစ်သူ၏ ပြောစကားကြောင့် ခင်ပွန်းဖြစ်သူမှာ
ဘာမှမပြောနိုင် ဖြစ်သွားရတော့သည်။
သူ့ဇနီး ပြန်ပြောသည်မှာ" ကျွန်မအမျိုးလို့လည်း ပြောနိုင်ပါတယ်။ ဒါပေမဲ့
ရှင်နဲ့ပတ်သက်ပြီး တော်ရတဲ့ အမျိုးတွေလေ"တဲ့။
နည်းလမ်းကောင်း
"နောက်ဆုံးတော့ ငါ့ယောက်ျားဆီကနေ ပိုက်ဆံရပေါက်တစ်ခု တွေ့ထားတယ်" ဟု
အမျိုးသမီးတစ်ဦးက သူမသူငယ်ချင်းကို ပြောသည်။
"မနေ့ညက ငါတို့ စကားများကြတယ်။ ငါက အမေ့အိမ်ပြန်တော့မယ်လို့
ပြောလိုက်တဲ့အခါ သူက ကားခထုတ်ပေးတယ်လေ"
ကိုယ့်စကားနဲ့ကိုယ်
လူနာတစ်ယောက်က နာမည်ကြီး စိတ်ပညာပါရဂူထံ ရောက်လာကာ ပြောဆိုပါသည်။
"ဆရာရေ… ကျွန်တော့်မှာ ပြင်းထန်တဲ့ စိတ်ရောဂါရနေတာ
နှစ်ပေါင်းအတော်ကြာပါပြီ။ ဘယ်သူကမှ ကျွန်တော့်ကို ကုမပေးနိုင်ပါဘူးဗျာ"
"ကောင်းပါပြီ။ အရင်က ခင်ဗျားကို ဘယ်သူကုပေးတာလဲ"
"ဒေါက်တာ ဂါဘယ်လ်ပါဆရာ…"
"ကျွန်တော်သိပါတယ်။ အဲဒီလူက ကျပ်မပြည့်တဲ့ လူတစ်ယောက်ပဲ။ ခင်ဗျားကို
ဘာတွေလုပ်ဖို့ သူအကြံပေးခဲ့သလဲဆိုတာ ကျွန်တော် သိချင်တယ်"
"သူပြောတာကတော့ ခင်ဗျားဆီ သွားပြကြည့်သင့်တယ်တဲ့"
နားလည်မှုပေးတတ်သူ
ခွဲစိတ်ဆရာဝန်လေးယောက်သည် ကော်ဖီသောက်နားချိန်တွင် စကားစမြည်ပြောဆိုရင်း
အလုပ်အကြောင်း ဆွေးနွေးမိကြသည်။
ပထမဆရာဝန်က "စာရင်းကိုင်တွေဟာ ခွဲစိတ်ဖို့ အလွယ်ကူဆုံးလို့
ကျွန်တော်ထင်ပါတယ်။ သူတို့ကို ခွဲစိတ်လိုက်ရင် ခန္ဓာကိုယ်ထဲက အရာရာတိုင်း
နံပါတ်စဉ် တပ်ထားတယ်လေ" ဟု ပြောပါသည်။
ဒုတိယဆရာဝန်က "ကျွန်တော်ကတော့ စာကြည့်တိုက်မှူးတွေကသာ ခွဲစိတ်ဖို့
အလွယ်ကူဆုံးလို့ ထင်ပါတယ်။ သူတို့ကို ခွဲစိတ်လိုက်ရင် ခန္ဓာကိုယ်ထဲက
အရာရာတိုင်း အက္ခရာအစဉ်အတိုင်း ရှိနေတတ်ပါတယ်" ဟု ပြောပါသည်။
တတိယဆရာဝန်ကမူ "ကျွန်တော်ကတော့ လျှပ်စစ်ပညာရှင်တွေကို ခွဲစိတ်ရတာ
သဘောကျပါတယ်။ သူတို့ကို ခွဲစိတ်လိုက်ရင် ခန္ဓာကိုယ်ထဲက အရာရာတိုင်း
အရောင်အမှတ်အသားတွေ ရှိနေတတ်ပါတယ်" ဟုပြောသည်။
စတုတ္ထဆရာဝန်က "ကျွန်တော်ကတော့ နည်းပညာရှင်တွေကိုပဲ သဘောကျပါတယ်။
ခွဲစိတ်ပြီးလို့ ခန္ဓာကိုယ်ထဲမှာ တစ်ခုခု ကျန်နေခဲ့မယ်ဆိုရင် သူတို့ကသာ
အမြဲတမ်း နားလည်မှု ပေးတတ်တယ်လေ" ဟု ပြောလိုက်ပါသည်။
နေလင်းအောင်
www.naylinaung1.blogspot.com
No comments:
Post a Comment