Wednesday, September 19, 2012

မလုပ်ပါနှင့်


နေလင်းအောင်
အခြားသူတွေနဲ့ နှိုင်းယှဉ်ကြည့်ခြင်းအားဖြင့် သင့်ရဲ့တန်ဖိုးကို မထိခိုက်ပါစေနှင့်။ အကြောင်းကတော့ ကျွန်တော်တို့ဟာ မတူကွဲပြားခြားနားကြပြီး၊ တစ်ဦးစီမှာ ကိုယ်ပိုင်တန်ဖိုးတစ်ခု ရှိနေတတ်ပါတယ်။
အခြားသူတွေက အရေးပါတယ်လို့ပြောတဲ့ ရည်မှန်းချက်ပန်းတိုင်တွေ မထားပါနှင့်။ သင့်အတွက် ဘယ်ဟာအကောင်းဆုံးလဲဆိုတာ သင်တစ်ယောက်သာသိပါတယ်။
အတိတ်သို့မဟုတ် အနာဂတ်အတွက် ရှင်သန်နေထိုင်ခြင်းအားဖြင့် သင့်ဘဝကို သင့်လက်တွေနဲ့ အမှားမပြုမိပါစေနှင့်။ တစ်ချိန်မှာ တစ်ရက်သာလျှင် ရှင်သန်နေထိုင်ခြင်းအားဖြင့် သင့်ဘဝရဲ့ရက်အားလုံးကို ရှင်သန်နေထိုင်ပြီးသား ဖြစ်သွားပါလိမ့်မယ်။
သင့်မှာ ပေးဆပ်စရာတစ်ခုခု ရှိနေတဲ့တိုင်အောင် အရှုံးမပေးပါနှင့်။ ကြိုးစားအားထုတ်မှု မရပ်သေးသရွေ့ ဘယ်အရာမှ တကယ်မပြီးဆုံးသေးပါ။ ဒါဟာ ကျွန်တော်တို့ကို တစ်ဦးနှင့်တစ်ဦး ချည်နှောင်ပေးထားပြီး အလွယ်တကူပြတ်တောက်နိုင်တဲ့ အပ်ချည်မျှင်တစ်ခုလိုပါ။
အန္တရာယ်တွေနဲ့ ရင်ဆိုင်တွေ့ကြုံရမှာကို မကြောက်ပါနှင့်။ အန္တရာယ်ဆိုတာ သတ္တိရှိလာအောင် သင်ယူရမယ့် အခွင့်အလမ်းပါ။
မေတ္တာတရားတွေ့ဖို့ မဖြစ်နိုင်ဘူးလို့ပြောပြီး သင့်ရဲ့မေတ္တာတရားကို မဖြန့်ဝေဘဲ မနေပါနှင့်။ မေတ္တာတရားရရှိဖို့ အမြန်ဆုံးနည်းလမ်းကတော့ မေတ္တာတရား ဖြန့်ဝေဖို့ပါ။ မေတ္တာတရားဆုံးရှုံးဖို့ အမြန်ဆုံးနည်းလမ်းကတော့ မေတ္တာတရားကို တင်းကြပ်စွာ ဆုပ်ကိုင်ထားခြင်းပါ။
သင့်ရဲ့စိတ်ကူးအိပ်မက်တွေကို မောင်းထုတ်မပစ်ပါနှင့်။ စိတ်ကူးအိပ်မက်မရှိရင် မျှော်လင့်ချက်မရှိပါ။ မျှော်လင့်ချက်မရှိရင် ရည်မှန်းချက်လည်းမရှိတော့ပါ။
သင် ဘယ်နေရာရောက်နေတယ်၊ ဘယ်နေရာသွားနေတယ်ဆိုတာ မေ့မသွားစေဖို့ ဘဝကို အလွန်လျင်မြန်စွာ မဖြတ်သန်းလိုက်ပါနှင့်။ ဘဝဆိုတာ အပြေးပြိုင်ပွဲမဟုတ်ပါ။ ခြေတစ်လှမ်းချင်းလျှောက်လှမ်းရမယ့် အလွန်ရှည်လျားတဲ့ ခရီးတစ်ခုပါ။
နေလင်းအောင် ဘာသာပြန်ဆိုသည်။
www.naylinaung1.blogspot.com
Ref;Do Not by Unknown

No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...