ကြွက်တစ်ကောင်ဟာ
နံရံမှာရှိတဲ့ အက်ကွဲကြောင်းတစ်ခုကနေ အိမ်ထဲချောင်းကြည့်လိုက်တော့ လယ်သမားနဲ့
ဇနီးဖြစ်သူတို့ဟာ ဘူးတစ်ခုကို ဖွင့်နေကြောင်း တွေ့ရပါတယ်။ “ဘူးထဲမှာ ဘာစားစရာများ
ရှိနေပါလိမ့်” လို့ သူတွေးလိုက်မိတယ်။
ကြွက်ထောင်ချောက်တစ်ခုဖြစ်ကြောင်း
တွေ့တော့ သူအံ့သြ မှင်သက်သွားမိတယ်။
ကြွက်ဟာ
ခြံဝန်းဘက်ပြန်ထွက်ရင်း သတိပေးစကားကို ပြောဆိုပါတယ်။
“အိမ်ထဲမှာ
ကြွက်ထောင်ချောက်တစ်ခု ရှိတယ်။ အိမ်ထဲမှာ ကြွက်ထောင်ချောက်တစ်ခု ရှိတယ်”
ကြက်မဟာ
ကတော်သံပေးရင်း မြေကြီးထဲယှက်နေရာမှ ခေါင်းမော့ကာ ပြောဆိုလိုက်တယ်။
“မောင်ကြွက်ရေ...ဒါဟာ
မင်းအတွက်တော့ သေမင်းထောင်ချောက်လို့ ပြောနိုင်ပါတယ်။ ဒါပေမယ့် ငါ့အတွက်တော့
ဘာမှမဖြစ်နိုင်ပါဘူး။ ကြွက်ထောင်ချောက်လောက်တော့ စိုးရိမ်နေစရာ မရှိပါဘူး”
ကြွက်ဟာ
ဝက်ဆီသွားရင်း ပြောပြပြန်တယ်။
ဝက်ဟာ
ကြွက်ကိုသနားသွားပြီးနောက် ပြောဆိုပါတယ်။
“မောင်ကြွက်ရေ…
မင်းအတွက်တော့ စိတ်မကောင်းပါဘူး။ ဒါပေမယ့် ငါလည်း ဆုတောင်းပေးရုံကလွဲလို့
မင်းအတွက် ဘာမှ လုပ်မပေးနိုင်ပါဘူး။ မင်းအတွက် ဆုမွန်ကောင်း တောင်းပေးမယ်ဆိုတာတော့
စိတ်ချပါကွာ”
ကြွက်ဟာ နွားမဘက်
လှည့်လိုက်တဲ့အခါ သူမက ပြောဆိုပါတယ်။
“
ဝိုး…ကြွက်ထောင်ချောက်ဆိုပါလား မောင်ကြွက်ရေ။ ပျက်လုံးလာထုတ်မနေပါနဲ့။
ကြွက်ထောင်ချောက်လောက်တော့ ငါမသေနိုင်ပါဘူး”
ဒီလိုနဲ့
ကြွက်ဟာ ခေါင်းငိုက်စိုက်ကျရင်း အိမ်ဘက်ပြန်လာတယ်။ လယ်သမားရဲ့ ကြွက်ထောင်ချောက်ကို
သူတစ်ဦးတည်း ရင်ဆိုင်ရမှာကို တွေးမိတော့ စိတ်ဓာတ်ကျဆင်းသွားတယ်။
အဲဒီညမှာ
တစ်အိမ်လုံး အသံတစ်သံကြားလိုက်တယ်။ ဒါဟာ ကြွက်ထောင်ချောက်မှာ သားကောင်မိနေတဲ့
အသံမျိုးပါ။ လယ်သမားရဲ့ဇနီးဟာ ဘာကောင်မိနေသလဲသိဖို့ အပြေးအလွှား သွားကြည့်ပါတယ်။
မှောင်နေတဲ့အတွက်
သူမ ဘာမှမမြင်နိုင်ခဲ့ပါဘူး။ တကယ်တော့ အဆိပ်ပြင်းတဲ့မြွေတစ်ကောင်ရဲ့အမြီးဟာ
ကြွက်ထောင်ချောက်ထဲ ညှပ်နေခဲ့တာပါ။
မြွေဟာ
လယ်သမားရဲ့ဇနီးကို ကိုက်ပေါက်လိုက်တယ်။
လယ်သမားဟာ
ဇနီးဖြစ်သူကို ဆေးရုံသို့ မြန်မြန်ပို့ဆောင်ပေးလိုက်တယ်။
သူမဟာ
ရောဂါပျောက်ကင်းခြင်းမရှိဘဲ အိမ်ပြန်လာခဲ့တယ်။ ဖျားနာနေတဲ့ လူနာကိုကုသဖို့ လတ်ဆတ်တဲ့
ကြက်သားစွပ်ပြုတ် ကျွေးသင့်ကြောင်း လူတိုင်းက အကြံပြုကြတယ်။ လယ်သမားဟာ ရဲတင်းကိုဆွဲရင်း
စွပ်ပြုတ်အတွက် ကြက်ကိုသတ်ဖို့ အိမ်ခြံဝန်းထဲ ဆင်းလိုက်တယ်။
သူ့ဇနီးရောဂါဟာ
ဆက်လက်ဆိုးရွားးလာပါတယ်။ သူငယ်ချင်းတွေနဲ့ အိမ်နီးနားချင်းတွေဟာ နှစ်ဆယ့်လေးနာရီ ဝင်ထွက်သွားလာကြတယ်။ လယ်သမားဟာ
သူတို့ကိုကျွေးမွေးဖို့ ဝက်ကိုသတ်ပြန်တယ်။
လယ်သမားရဲ့ဇနီးဟာ
ပြန်ကောင်းလာခြင်းမရှိဘဲ သေဆုံးသွားတော့တယ်။ လူအများအပြား သူမရဲ့ ဈာပနာကို
တက်ရောက်လာတဲ့အတွက် လယ်သမားဟာ နွားကိုသတ်ပြီး ကျွေးပြန်တယ်။
တစ်ချိန်ချိန်မှာ
တစ်စုံတစ်ဦး ပြဿနာနဲ့ ရင်ဆိုင်နေရပြီး အဲဒီပြဿနာဟာ သင့်အတွက် အန္တရာယ်မရှိဘူးလို့
ထင်နေတဲ့အခါ ဒါလေးကိုတော့ သတိရစေချင်ပါတယ်။ “ကျွန်တော်တို့ထဲက တစ်ဦးဦး အန္တရာယ် တွေ့ကြုံနေရတဲ့အခါ
ကျွန်တော်တို့အားလုံးမှာလည်း အန္တရာယ်ရှိကြောင်းပါ”
နေလင်းအောင် ဘာသာပြန်ဆိုသည်။
Ref; This is not my problem by Unknown
www.naylinaung1.blogspot.com
No comments:
Post a Comment