Saturday, September 8, 2012

နိုင်ငံရပ်ခြားဟာသများ(၁၅)



တရားခံဘယ်သူလဲ
စိုက်ပျိုးရေးဝါသနာပါသော အခင်းနားချင်း ကျွန်တော့်သူငယ်ချင်းက သူ့စိုက်ခင်းများကို ခရုတွေဖျက်သဖြင့် ညည်းရှာသည်။
ကျွန်တော်၏ ငါးနှစ်အရွယ်သားငယ်က ဂရုတစိုက် နားထောင်ပြီးနောက် ပြောလိုက်သည်။
"ဦးလည်း ဖေဖေလို လုပ်ကြည့်ပါလား။ ဖေဖေဆိုရင် ခရုတွေကို ခြံစည်းရိုးကျော်ပြီး ပစ်လိုက်တာပဲလေ"

ရောက်မှမရောက်သေး
"မင်းဘာလုပ်နေတာလဲ" ဟု ပီတာကမေးသည်။
"ငါ့ဆီကို ငါစာရေးနေတာပါ" ဟု ဂျက်ကဖြေသည်။
"မင်းဆီကို ဘာတွေများ ရေးနေတာလဲဟ"
"ငါဘယ်သိမလဲကွ။ စာက မနက်ဖြန်မှ ငါ့ဆီရောက်မှာလေ"

ဖြတ်တာအရင်ပေး
လူငယ်ဇနီးမောင်နှံသည် ပေးဆပ်ရမည့် လစဉ်ကြွေးများကို စစ်ဆေးရာ နောက်ဆုံးနှစ်ခုသို့ ရောက်လာပါသည်။
"အလို…ဟန်နီရေ…ကိုယ်တို့တော့ ဘိုင်ပြတ်နေပြီကွ။ မီတာကြေးနဲ့ ဆရာဝန်ကြေး ဘယ်ဟာအရင်ပေးရင် ကောင်းမလဲ။ ကိုယ်တော့ စဉ်းစားရ ကြပ်နေပြီကွာ" ဟုခင်ပွန်းက ပြောသည်။
"အို…မီးတာကြေးပဲ အရင်ပေးရမှာပေါ့။ ဘာပဲဖြစ်ဖြစ် ဆရာဝန်ကတော့ ရှင့်ရဲ့ သွေးစီးကြောင်းတွေ ပိတ်ပစ်မှာ မဟုတ်ပါဘူး"

အာဂ ယောက်ျား
အရက်ဆိုင်တွင် လူသုံးယောက် စကားပြောနေကြသည်။ နှစ်ယောက်က သူတို့၏ ဇနီးများအပေါ် အနိုင်ယူပုံများကို ကြွားဝါပြောဆိုကြသည်။  တတိယတစ်ယောက်ကမူ ထူးထူးခြားခြား နှုတ်ဆိတ်နေသည်။ အချိန်အနည်းငယ်အကြာတွင် လူနှစ်ယောက်အနက် တစ်ယောက်က တတိယလူကို မေးလိုက်သည်။
"ကဲ…မင်းကရော ဘယ်လိုလဲကွ။ မင်းဇနီးကို ဘယ်လိုနည်းနဲ့ အနိုင်ယူသလဲ"
"ငါပြောပြပါမယ်ကွာ။ တစ်ညကဆိုရင် ငါ့ဇနီး ငါ့ဆီကို လေးဘက်ထောက်ပြီးတောင် လာရတာကွ"  ဟု တတိယတစ်ယောက်က ပြောဆိုသည်။
"ဝိုး…ဒီနောက်ရော ဘာဖြစ်သေးလဲ "
တတိယလူက ဘီယာကို အားပါးတရ သောက်ပြီးနောက် သက်ပြင်းချကာ ပြောလိုက်သည်။
"ငါ့မိန်းမက ပြောသေးတယ်ကွ။ ကုတင်အောက်က ထွက်လာပြီး ယောက်ျားပီပီ တိုက်ခိုက်စမ်းပါတဲ့"
နေလင်းအောင်
www.naylinaung1.blogspot.com

No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...