Friday, September 21, 2012

ခိုလှုံရာ


နေလင်းအောင်
ကျွန်တော် အရူးထောင်တစ်ခုရဲ့ ဥယျာဉ်ထဲမှာ အေးအေးဆေးဆေး လမ်းလျှောက်နေစဉ် ဒဿနိကစာအုပ်တစ်အုပ်ကို ဖတ်နေတဲ့ လူငယ်တစ်ဦးနဲ့ တွေ့ဆုံမိပါတယ်။ သူ့ရဲ့ အပြုအမှုနဲ့ ကောင်းမွန်နေတဲ့ ကျန်းမာရေးအခြေအနေတွေက သူ့ကို အခြားသူတွေထဲကနေ သိသာထင်ရှားနေစေပါတယ်။
ကျွန်တော် သူ့ဘေးမှာထိုင်ရင်း မေးလိုက်ပါတယ်။
“ခင်ဗျား ဒီမှာ ဘာလုပ်နေတာလဲ”
သူဟာ တအံ့တသြနဲ့ ကျွန်တော့်ကို ကြည့်လိုက်ပါတယ်။ ဒါပေမယ့် ကျွန်တော်ဟာ ဆရာဝန်တစ်ဦးမဟုတ်ကြောင်း သိလာတဲ့အခါ ပြန်ပြောပြပါတယ်။
“ဒါဟာ အလွန်ကို ရိုးရှင်းပါတယ်ဗျာ။ ထူးချွန်တဲ့ ရှေ့နေတစ်ယောက်ဖြစ်တဲ့ ကျွန်တော့်အဖေက ကျွန်တော့်ကို သူလိုမျိုး ဖြစ်စေချင်ပါတယ်။
ဈေးဆိုင်ကြီးတစ်ဆိုင် ပိုင်ဆိုင်တဲ့ ကျွန်တော့်ဦးလေးက သူ့ကို နမူနာယူဖို့ မျှော်လင့်ထားပါတယ်။
ကျွန်တော့်အမေက ကျွန်တော့်အဘိုးလိုမျိုး ဖြစ်စေချင်ပါတယ်။
ကျွန်တော့်အစ်မကတော့ အောင်မြင်တဲ့ လူတစ်ဦးရဲ့ စံနမူနာအဖြစ် သူမယောက်ျားကိုပဲ အမြဲတမ်း ပြသပါတယ်။
ကျွန်တော့်အစ်ကိုကတော့ သူလိုမျိုး ကျန်းမာသန်စွမ်းတဲ့ အားကစားသမားဖြစ်အောင် လေ့ကျင့်ပေးချင်ခဲ့တယ်။
ပြီးတော့ ကျောင်းမှာဆိုရင်လည်း အဲဒီလိုမျိုးပါ။ စန္ဒယားဆရာမက သူသာ အကောင်းဆုံး နမူနာဖြစ်တယ်လို့  သွေးဆောင်ပြောဆိုသလို အင်္ဂလိပ်ဆရာမကလည်း ပြောဆိုပါတယ်။ ဘယ်သူကမှ ကျွန်တော့်ကို လူသားတစ်ဦးအဖြစ် မရူမြင်ကြပါဘူး။ သူတို့ကိုယ်သူတို့ မှန်ထဲ ကြည့်နေသလိုပဲ  ရူမြင်ကြပါတယ်။
အဲဒါကြောင့် ကျွန်တော် ဒီအရူးထောင်ကို ဝင်ရောက်ဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်။ ဒီမှာဆိုရင် အနည်းဆုံး တစ်ချက်အနေနဲ့တော့ ကျွန်တော်ဖြစ်ချင်သလို ဖြစ်ခွင့်ရနိုင်တယ်လေ။
စဉ်းစားဆင်ခြင်စရာ
ကျွန်တော်တို့ မွေးဖွားစဉ်ကတည်းက မိဘဆွေမျိုး၊ အသိုင်းအဝိုင်းတွေဟာ သူတို့ဖြစ်စေချင်သလို ပုံသွင်းဖော်ဆောင်ကြပါတယ်။ ပညာရေးမှာ ဝါသနာကိုမကြည့်ဘဲ ခေတ်စားနေတဲ့၊ ဝင်ငွေအများအပြားရနိုင်တဲ့ တက္ကသိုလ်၊ကောလိပ်မျိုး တက်ရောက်နိုင်ဖို့ပဲ တွန်းအားပေးကြပါတယ်။ သူတို့ဟာ ကျွန်တော်တို့ရဲ့ အခြေခံဝါသနာကို သိမြင်အောင် မကြိုးစားကြဘဲ သူတို့ဖြစ်စေချင်တာကိုပဲ ဖြစ်မြောက်အောင် အတင်းအကြပ် တွန်းအားပေးကြပါတယ်။
ဒီနေရာမှာ အချို့လူတွေကတော့ ဝါသနာအတိုင်း ရွေးချယ်ခွင့် ရကြပါတယ်။ အချို့လူတွေကတော့ အခြေအနေအရပ်ရပ်ကြောင့် ဝါသနာနဲ့ လွဲချော်ရင်း မလုပ်ချင်တာ လုပ်နေရပါတယ်။ မိမိလုပ်နေတဲ့အလုပ်ဟာ ဝါသနာနဲ့ မကိုက်ညီဘူးဆိုရင်တော့ အလုပ်ခွင်မှာ ပျော်ရွှင်မှုရဖို့ မလွယ်ကူပါဘူး။
အနာမြင်ရင် အော့ဂလီဆန်တတ်တဲ့၊လူသေမြင်ရင် ကြောက်တတ်တဲ့ လူတစ်ဦးဟာ ဆရာဝန်ဖြစ်လာမယ်ဆိုရင် အလုပ်ခွင်ပျော်ရွှင်မှု ရနိုင်ပါ့မလား။ ဘဝဆိုတာ တိုတောင်းလွန်းပါတယ်။ ငွေကြေးမချမ်းသာရင် နေပါစေ...ဝါသနာပါရာကို လုပ်ကိုင်ရင်း တစ်ဝမ်းတစ်ခါး ဖူလုံလှပတယ်ဆိုရင် နေပျော်စရာဘဝမျိုး ပိုင်ဆိုင်ရရှိနိုင်မယ်လို့ ထင်မြင်ယူဆမိပါတယ်။
နေလင်းအောင် ဘာသာပြန်ဆိုသည်။
www.naylinaung1.blogspot.com
Ref: The Asylum by Unknown

No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...