Saturday, August 11, 2012

ကြက်ထင်နေရှာတဲ့ လင်းယုန်

 
နေလင်းအောင်
တစ်ခါက အလွန်ဝေးကွာတဲ့ တောင်ကြားတစ်နေရာမှာ လယ်သမားတစ်ဦး နေထိုင်ခဲ့တယ်။ တစ်နေ့မှာတော့ သူဟာ နေ့စဉ် လယ်ယာလုပ်ကိုင်ရသည့်ကို ငြီ်းငွေ့လာတဲ့အတွက် တောင်ထိပ်တက်ပြီး အဝေးတစ်နေရာကို လှမ်းမျှော်ကြည့်ရူ့ဖို့ ဆုံးဖြတ်ချက်ချလိုက်တယ်။
တစ်နေကုန်တက်ရောက်ပြီးနောက် တောင်ထိပ်နားရှိ ကျောက်ကမ်းပါးစွန်းတစ်နေရာ ရောက်လာခဲ့တယ်။ အဲဒီနေရာမှာ ဥအပြည့်နဲ့ ငှက်သိုက်တစ်ခုကိုတွေ့တော့ အံ့သြသွားပါတယ်။
အဲဒီဥတွေဟာ လင်းယုန်ငှက်ဥဖြစ်ကြောင်း ချက်ချင်းသိလိုက်တယ်။ လူမှု့ပတ်ဝန်းကျင်မှာ ဒီဥတွေ မယူသင့်ကြောင်း သူသိပေမဲ့ ဥတစ်လုံးကိုတော့  သူ့အိတ်ထဲ ထည့်လိုက်ပါတယ်။ တောင်ထိပ်ဆက်တက်ဖို့က နေကွယ်ခါနီးပြီး အချိန်သိပ်မကျန်တော့တဲ့အတွက် သူ့လယ်ကွင်းရှိရာဆီ ဖြေးဖြေးချင်း ပြန်ဆင်းလာခဲ့တယ်။
အိမ်ပြန်ရောက်တဲ့အခါ ငှက်ဥကို ခြံထဲမှာရှိတဲ့ ကြက်ကလေးတွေကြားထဲ ထားလိုက်တယ်။ မိခင်ကြက်မကြီးဟာ  မေတ္တာတရား အပြည့်အဝဖြင့် ထူးခြားတဲ့ အဲဒီငှက်ဥအပေါ်မှာ ဝပ်ပေးခဲ့တယ်။
ဒီလိုနဲ့ ရက်သတ္တပတ် အနည်းငယ်ကြာတဲ့အခါ ကျန်းမာသန်စွမ်းတဲ့ လင်းယုန်ငှက်တစ်ကောင် ပေါက်ဖွားလာတော့တယ်။ မိခင်ကြက်မကြီးက သူ့ကလေးတွေကြားထဲမှာ ထူးထူးခြားခြားဖြစ်နေတဲ့ လင်းယုန်ငှက်ပေါက်ကို စိတ်ပျက်ခြင်းအလျဉ်းမရှိဘဲ ကိုယ့်သားသမီးတစ်ဦးအနေနဲ့ ကြက်သဘာဝအတိုင်း ပြုစုပျိုးထောင်ပေးခဲ့တယ်။
လင်းယုန်ငှက်ဟာ ညီအစ်ကိုမောင်နှမ ကြက်ကလေးတွေနဲ့အတူ ကြီးပြင်းလာခဲ့ရတယ်။ သူဟာ ကြက်ကလေးတွေလုပ်သမျှ အားလုံးသင်ယူတယ်။ ကြက်တွန်သံပေးတယ်။ မြေကြီးထဲယှက်ရင်း ကောက်စေ့နဲ့ ပိုးကောင်တွေကို ရှာဖွေစားသောက်တယ်။ တောင်ပံ တဖျက်ဖျက်ခတ်တယ်။ လေထဲ ပေအနည်းငယ် ပျံတက်တယ်။ မြေကျင်းလူးရင်း အမွေးအတောင်တွေကြား မြေမှုံတွေရောက်စေတယ်။
သူဟာ မိမိကိုယ်ကို ကြက်တစ်ကောင်လို့ပဲ အကြွင်းမဲ့ယုံကြည်နေတယ်။
အိုမင်းမစွမ်းဖြစ်လာတဲ့ တစ်နေ့မှာတော့ မိမိကိုယ်ကို ကြက်တစ်ကောင်လို့ထင်နေတဲ့ လင်းယုန်ငှက်ဟာ ကောင်းကင်ပြင်ပေါ် မော့ကြည့်လိုက်မိတယ်။ သူ့အပေါ်မှာ လင်းယုန်ငှက်တစ်ကောင်ဟာ အားကောင်းတဲ့ ရွှေရောင်တောင်ပံကို တစ်ချက်မှမရိုက်ခတ်ဘဲ သက်သောင့်သက်သာ လေဟုန်စီးနေတာကို တွေ့မြင်လိုက်ရတယ်။ လင်းယုန်ငှက်အိုကြီးဟာ တအံ့တသြ ရေရွတ်ပြောဆိုလိုက်မိတယ်။
“အဲဒါ ဘာကောင်လဲ။ သိပ်အံ့သြစရာ ကောင်းပါလား။ အားကောင်းသန်မာလွန်းသလို ကျက်သရေလည်း အရမ်းရှိတယ်။ သိပ်ပြီးလည်း လှပတယ်”
“အဲဒါ လင်းယုန်ငှက်ပေါ့”လို့ အနီးမှာရှိနေတဲ့ ကြက်ကလေးတစ်ကောင်က ပြန်ပြောလိုက်တယ်။ “သူဟာ ငှက်ဘုရင်ပေါ့။ ကျွန်တော်တို့နဲ့ လုံးဝကို မတူဘူး။ လေကိုပိုင်စိုးတဲ့ ငှက်တစ်ကောင်ပေါ့။ ကျွန်တော်တို့ကတော့ ကြက်တွေသာဖြစ်ပြီး မြေမှာနေတဲ့ ငှက်မျိုးနွယ်တွေပေါ့ဗျာ”
ဒီနောက် ကြက်အားလုံးဟာ ခေါင်းပြန်ငုံ့လိုက်ကြရင်း မြေကြီးထဲ ဆက်လက်တူးဆွကြပြန်တယ်။
ဒီလိုနဲ့ အဲဒီလင်းယုန်ငှက်ဟာ မိမိကိုယ်ကို ကြက်တစ်ကောင်ဖြစ်တယ်လို့ ထင်နေခဲ့တဲ့အတွက်ကြောင့် ကြက်ဘဝမျိုးနဲ့ပဲ သေဆုံးသွားပါတော့တယ်။
.................
လူတိုင်းမှာ အစွမ်းအစကိုယ်စီ ရှိကြပါတယ်။  ကိုယ်စွမ်းကိုယ်စကို ထုတ်သုံးဖို့ မေ့နေမယ်ဆိုရင်တော့ ကြက်ထင်နေရှာတဲ့ လင်းယုန်ငှက်လို ဘဝမျိုးနဲ့ သေဆုံးရတတ်ပါတယ်။ 
နေလင်းအောင်  
www.naylinaung1.blogspot.com
Ref; Chicken and the Eagles by Unknown.


No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...