Sunday, July 29, 2012

လင်းယုန်ငှက်ရဲ့ အားမာန်

နေလင်းအောင်
လင်းယုန်ငှက်တွေဟာ သူတို့မျိုးစိတ်တွေထဲမှာ အသက်အရှည်ဆုံး ငှက်မျိုးနွယ်တွေပါ။ သူတို့ဟာ အများအားဖြင့် နှစ်(၇၀)အထိ အသက်ရှင် နေနိုင်ကြပါတယ်။ ဒါပေမဲ့ နှစ်လေးဆယ်ရောက်တဲ့အခါ သူတို့ရဲ့ အစွမ်းအဆတွေ အားနည်းချို့တဲ့လာတယ်။ လက်သည်းတွေ အားနည်းလာပြီး သားကောင်မဖမ်းနိုင်တော့ဘူး။ ရှည်လျားထက်မြက်တဲ့ နှုတ်သီးလည်း ကွေးညွှတ်လာတယ်။ ထူထဲခဲ့ဖူးတဲ့ အမွေးအတောင်တွေလည်း ပါးလာပြီး လွတ်လွတ်လပ်လပ် လေဟုန်မစီးနိုင်တော့ပါဘူး။ ဒါဟာ လင်းယုန်ငှက်တိုင်း ဖြစ်နေကြ သဘာဝပါ။
ဒီအချိန်မှာ သူတို့ဟာ ရွေးချယ်စရာ နှစ်ချက်ရှိပါတယ်။ ပထမတစ်ချက်က ကောင်းကောင်းမပျံသန်းတော့ဘဲ သေရမည့်ရက်ကို ထိုင်စောင့်နေလိုက်ဖို့ပါ။ ဒုတိယတစ်ချက်ကတော့ ဆက်လက်ရှင်သန်ဖို့အတွက် နာကျင်တဲ့ လုပ်ဆောင်ချက်အချို့ပြုလုပ်ပြီး ဘဝသစ်တစ်ဖန် ပြောင်းလဲပစ်လိုက်ဖို့ပါ။ လင်းယုန်ငှက်တိုင်း ဒုတိယအချက်ကို ရွေးချယ်ကြတာများပါတယ်။
         ဒုတိယအချက်ကို ရွေးချယ်မယ်ဆိုရင်တော့ လင်းယုန်ငှက်ဟာ ကျောက်တောင်တစ်လုံးဆီ သွားလိုက်ရမယ်။ သူရဲ့နှုတ်သီးကို ကျောက်တုန်းနဲ့ရိုက်ပြီး ဆွဲဖဲ့ပစ်ရမယ်။ ပြီးရင် လက်သည်းတွေ၊အမွေးအတောင်တွေအားလုံး ဆွဲနှုတ်ပစ်ရမယ်။ နှုတ်သီးတွေ၊ လက်သည်းတွေ၊ အမွေးအတောင်တွေ အသစ်ပြန်ပေါက်ပြီး အသားကျသွားဖို့အတွက် ငါးလလောက် စောင့်ရပါတယ်။ ဒါဟာ အလွန်နာကျင်တဲ့ လုပ်ဆောင်ချက်ပါ။ လင်းယုန်ငှက်တိုင်း နောက်ထပ်နှစ်သုံးဆယ် ဆက်လက်ရှင်သန်ချင်တယ်ဆိုရင်တော့ ဒီလုပ်ဆောင်ချက်ကို မဖြစ်မနေ လုပ်ဆောင်ရပါတယ်။
လင်းယုန်ငှက်တွေတောင် သူတို့ရဲ့ အသက်ရှင် ရပ်တည်မှုအတွက် နာကျင်ခက်ခဲတဲ့ လုပ်ဆောင်ချက်တွေကို ပြုလုပ်ကြပါသေးတယ်။ ကျွန်တော်တို့ဟာ အသိဥာဏ်ပြည့်ဝတဲ့ လူသားတွေပါ။ ဘဝခရီးကို လျှောက်လှမ်းရာမှာ ကျွန်တော်တို့ဟာ အခက်အခဲ၊ အတားအဆီးတွေ မရေမတွက်နိုင်လောက်အောင် တွေ့ကြုံရနိုင်ပါတယ်။ ဒီလို တွေ့ကြုံရတဲ့အခါ အချို့ကတော့ ကြံ့ကြံ့ခံရပ်တည်ပြီး တွန်းလှန်အားထုတ်ကြတယ်။ အချို့ကတော့ လက်မြှောက်အရှုံးပေးရင်း ဘဝကို ရေစုန်မျှောလိုက်ကြတယ်။
လင်းယုန်ငှက်တွေတောင် ဘဝသစ်စတင်နိုင်ဖို့ နာကျင်မှုတွေ လုပ်ဆောင်နိုင်သေးတယ်ဆိုရင် ကျွန်တော်တို့လည်း သာယာကောင်းမွန်တဲ့ ဘဝသစ်တည်ဆောက်နိုင်ဖို့ နာကျင်မှု ဒုက္ခဝေဒနာတွေကို ဘာကြောင့်များ မကျော်ဖြတ်နိုင်ရမှာလဲ။
အပူပေးခံရတဲ့ ရွှေဟာ အလှဆင်ပစ္စည်း ဖြစ်လာတယ်။ နန်းကြိုးဆွဲခံရတဲ့ ကြေးဟာ ကြေးနီချောင်း ဖြစ်လာတယ်။ ထွင်းထုခံရတဲ့ ကျောက်တုန်းဟာ ပန်းပုရုပ်ဖြစ်လာတယ်။ လောကဓံရဲ့အထုအထောင်း ခံရတဲ့ လူတစ်ဦးမှာလည်း  ကောင်းမွန်တဲ့ ဘဝသစ်တစ်ခုက စောင့်ကြိုနေမယ် ဆိုတာကတော့ မြေကြီးလက်ခတ်မလွဲပါပဲ။
နေလင်းအောင်
Ref;The life Of Eagle  by Unknown ကို သင့်လျှော်အောင် ဖြည့်စွက်ရေးသားပါသည်။

No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...