Tuesday, August 28, 2012

ပျော်ရွှင်မှုရဲ့ လျှို့ဝှက်ချက်



နေလင်းအောင်
        ဈေးသည်တစ်ဦးဟာ ကမ္ဘာ့လောကမှာရှိတဲ့ ပညာအရှိဆုံးလူဆီကနေ ပျော်ရွှင်မှုရဲ့ လျှို့ဝှက်ချက်ကို ရှာဖွေဖို့ သားဖြစ်သူကို စေလွှတ်လိုက်ပါတယ်။ လူငယ်လေးဟာ ရက်ပေါင်းလေးဆယ် လှည့်ပတ်ရှာဖွေပြီးနောက် တောင်ထိပ်တစ်နေရာရှိ လှပတဲ့ ရဲတိုက်တစ်ခုဆီ ရောက်လာခဲ့ပါတယ်။ အဲဒီမှာ ပညာရှိကြီး နေထိုင်ပါတယ်တဲ့။

        ရဲတိုက်ကြီးရဲ့ ဧည့်ခန်းထဲ သူဝင်လိုက်တော့ သူတော်စင်ပညာရှိကြီးကို တွေ့မြင်ရမဲ့အစား ကျွန်တော်တို့ရဲ့ သူရဲကောင်းလေးဟာ ပြားပန်းခပ်မျှ စည်ကားနေတဲ့ လူတွေကို တွေ့မြင်ရပါတယ်။ ကုန်သည်တွေဟာ ဝင်ထွက်သွားလာနေကြတယ်။ အခမ်းထောင့်တွေမှာ လူတွေ စကားစမြည် ပြောဆိုနေကြတယ်။ သံစုံတီးဝိုင်းလေးတစ်ခုက သာယာတဲ့ ဂီတသံတွေနဲ့ ဖျော်ဖြေနေတယ်။ စားပွဲပေါ်မှာ အဲဒီဒေသရဲ့ အကောင်းဆုံးအစားအစာတွေ ရှိနေတယ်။ ပညာရှိကြီးဟာ လူတိုင်းနဲ့ စကားစမြည်ပြောဆိုနေခဲ့တယ်။ ပညာရှိကြီး သူ့ကိုအာရုံစိုက်မိဖို့၊ လူငယ်လေးဟာ နှစ်နာရီကြာ စောင့်ဆိုင်းခဲ့ရပါတယ်။

        သူဘာကြောင့်ရောက်လာတယ်ဆိုတဲ့ လူငယ်လေးရဲ့ရှင်းပြချက်ကို ပညာရှိကြီးက ဂရုတစိုက် နားထောင်ခဲ့တယ်။ ဒါပေမယ့် ပျော်ရွှင်မှုရဲ့ လျှို့ဝှက်ချက်ကို ရှင်းပြဖို့ သူ့မှာ အချိန်သိပ်မရှိဘူးလို့ ပြောလိုက်ပါတယ်။ နှစ်နာရီအကြာ ရဲတိုက်ထဲ လှည့်ပတ်ကြည့်ရူ့ပြီး ပြန်လာခဲ့ဖို့ လူငယ်လေးကို အကြံပေးလိုက်တယ်။

       “လှည့်ပတ်ကြည့်ရူ့စဉ် တစ်ခုလုပ်ဖို့တော့ ပြောချင်ပါတယ်”လို့ ပညာရှိကြီးက ပြောကြားရင်း လူငယ်လေးကို ဆီနှစ်စက်ထည့်ထားတဲ့ လက်ဖက်ရည်ဇွန်းတစ်ချောင်း ကမ်းပေးလိုက်ပါတယ်။ “လှည့်ပတ်ကြည့်ရူ့နေစဉ် ဆီတစ်စက်မှမကျဘဲ ဒီဇွန်းကို သယ်ဆောင်သွားပါ”

       လူငယ်လေးဟာ ရဲတိုက်ထဲမှာရှိတဲ့ လှေကားထစ်ပေါင်းများစွာကို စတင်ပြီး အတက်အဆင်း ပြုလုပ်ပါတယ်။ သူ့မျက်လုံးတွေကတော့ ဇွန်းကနေ မခွာနိုင်ပါဘူး။ နှစ်နာရီကြာပြီးနောက် ပညာရှိကြီးရှိနေတဲ့ အခန်းထဲ သူပြန်ရောက်လာတယ်။

       ပညာရှိကြီးက သူ့ကိုမေးလိုက်တယ်။ “ကဲ… ထမင်းစားခန်းထဲမှာ  ချိန်ဆွဲထားတဲ့ ပါရှန်းရုပ်ပုံတွေ တွေ့မြင်ခဲ့လား။ ကောင်းမွန်အောင်ဖန်တီးဖို့ ဆယ်နှစ်ကြာခဲ့ရတဲ့ ဥယျာဉ်ကို မြင်ခဲ့လား။ စာကြည့်ခန်းထဲမှာရှိတဲ့ လှပတဲ့ ပုရပိုက်တွေ တွေ့မြင်ခဲ့လား”

       လူငယ်လေးဟာ ရှက်ကိုးရှက်ကန်းဖြစ်ရင်း တစ်ခုမှ မတွေ့မြင်ခဲ့ရကြောင်း ဝန်ခံလိုက်ပါတယ်။ သူ့ကို ပညာရှိကြီး တာဝန်သတ်မှတ်ပေးလိုက်တဲ့ ဆီတွေ ဖိတ်မကျစေဖို့ပဲ သူအာရုံစိုက်ခဲ့မိတယ်။

       “ဒါဆိုရင် ငါ့လောကပတ်ဝန်းကျင်ရဲ့ အံ့ဖွယ်အရာတွေကို ပြန်ပြီးကြည့်လိုက်ပါ။ လူတစ်ယောက်ကို သူ့အိမ်အကြောင်း မသိရဘဲနဲ့တော့ ယုံကြည်စိတ်ချမှာ မဟုတ်ပါဘူးကွာ” လို့ ပညာရှိကြီးက ပြောလိုက်တယ်။

         လူငယ်လေးဟာ စိတ်သက်သာရာရသွားရင်း ဇွန်းကိုပြန်ကိုင်ကာ ရဲတိုက်ကြီးထဲ ပြန်ပြီး လှည့်ပတ်ကြည့်ရူ့ပါတယ်။ ဒီတစ်ကြိမ်မှာတော့ နံရံနဲ့ မျက်နှာကြက်မှာရှိတဲ့ အနုပညာလက်ရာအားလုံးကို လေ့လာကြည့်ရူ့ပါတယ်။ သူဟာ ဥယျာဉ်တွေ၊ ဘေးပတ်လည်မှာရှိတဲ့ တောင်တန်းတွေ၊ လှပတဲ့ပန်းတွေနဲ့ ရွေးချယ်ထားတဲ့ အလှအပအားလုံးကို တွေ့မြင်ခံစားရပါတယ်။ ပညာရှိကြီးဆီ ပြန်ရောက်တဲ့အခါ သူမြင်ခဲ့ရသမျှ အသေးစိတ် ပြန်ပြောပြပါတယ်။

       “ဒါပေမယ့် မင်းကို တာဝန်ပေးလိုက်တဲ့ ဆီစက်တွေရော” လို့ ပညာရှိကြီးက မေးလိုက်တယ်။ လူငယ်လေးဟာ သူကိုင်ထားတဲ့ ဇွန်းကိုကြည့်လိုက်တဲ့အခါ ဆီတွေမရှိတော့ကြောင်း တွေ့မြင်ရပါတယ်။

        “ကောင်းပြီလေ…ငါမင်းကို အကြံတစ်ခုပဲ ပေးနိုင်ပါတယ်။ လောကကြီးရဲ့ အံ့ဖွယ်အရာတွေကိုကြည့်ရူ့ရင်း ဇွန်းထဲမှာရှိတဲ့  ဆီစက်တွေကိုလည်း ဘယ်တော့မှ မမေ့ဖို့ဆိုတာ ပျော်ရွှင်မှုရဲ့ လျှို့ဝှက်ချက်ပါပဲ”လို့ ပညာရှိကြီးက ပြန်ပြောလိုက်ပါတယ်။ 
နေလင်းအောင် ဘာသာပြန်ဆိုသည်။
www.naylinaung1.blogspot.com
The secret of happiness


No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...