Friday, May 24, 2013

ငွေမျက်နှာ




ပါ့ခ်လမ်းရှိ အိမ်နံပါတ် (၂၄)သည် ကြီးမားပြီး ဈေးကြီးသော အိမ်တစ်လုံးပင်ဖြစ်သည်။ အဘိုးကြီး မစ္စတာ အန်တိုနီရော့ခ်ဝဲလ်သည် ထိုအိမ်ကြီးတွင် နေထိုင်သည်။ သူသည် နှစ်ပေါင်းအတော်ကြာ အလုပ်ကြိုးစားခဲ့သဖြင့် ယခုအချိန်တွင် ငွေအမြောက်အမြား စုဆောင်းမိနေပေပြီ။ သူသည် အသက်ကြီးလာပြီဖြစ်သဖြင့် အလုပ်လုပ်ခြင်း မရှိတော့။ လူတစ်ယောက်က သူ့ကို ကားမောင်းပို့ပေးသည်။ အမျိုးသမီးတစ်ယောက်က ချက်ပြုတ်ကျွေးသည်။ ကောင်လေးတစ်ဦးက သတင်းစာ ယူပေးသည်။ မစ္စတာ ရော့ခ်ဝေါလ်သည် ကုလားထိုင်ကြီးတစ်လုံးတွင် ထိုင်ရင်း ပြုံးနေလိုက်သည်။ သူသည် ပျော်ပျော်နေတတ်သော လူတစ်ဦးပင်…။

မစ္စတာရော့ခ်ဝေါလ်က သားဖြစ်သူကို အော်ခေါ်လိုက်သည်။ “ရစ်ချက်ရေ… ဖေဖေ့ဆီ လာပါဦး။ သားကို ပြောစရာရှိတယ်”

မစ္စတာရော့ခ်ဝေါလ်၏ သားဖြစ်သူက အခန်းထဲဝင်လာပြီး ထိုင်ချလိုက်သည်။ သူသည် အသက် (၂၁)နှစ် အရွယ်ရှိပြီး အေးဆေးသော လူငယ်တစ်ဦးပင် ဖြစ်သည်။ “ရောက်ပြီ ဖေဖေ…ဘာပြောမှာလဲဗျ”

“ရစ်ချက်…ဒီလမ်းထဲမှာနေတဲ့ လူတွေဟာ လူကြီးလူကောင်းတွေပါ။ သူတို့ဟာ မိသားစုမျိုးရိုး ကောင်းမွန်ကြသလို ငွေလည်း အများကြီးရှိတယ်။ ဖေဖေတို့ကတော့ ကျော်ကြားတဲ့ မိသားစုက ဆင်းသက်လာတာတော့ မဟုတ်ဘူး။ ဒါပေမယ့် ဖေဖေတို့မှာ ငွေအများကြီးရှိတယ်။ ဖေဖေရဲ့ငွေတွေက သားကို လူကြီးလူကောင်းတစ်ဦး ဖြစ်အောင် လုပ်ပေးနိုင်တယ်။ ငွေဟာ သားအတွက် တံခါးပေါင်းများစွာကို ဖွင့်ပေးနိုင်တယ်” မစ္စတာ ရော့ခ်ဝေါလ်က ပြုံးရင်း ပြောဆိုလိုက်သည်။

“ငွေဟာ တံခါးတချို့ကိုတော့ ဖွင့်ပေးနိုင်ပါတယ်။ ဒါပေမယ့် တံခါးတိုင်းကိုတော့ ဖွင့်မပေးနိုင်ပါဘူးဗျ”ဟု ရစ်ချက်က ပြောဆိုသည်။

“သားရေ… အဲလိုမပြောပါနဲ့။ ဖေဖေတို့မှာ ဘာပြဿနာမှ မရှိဘူး။ လမ်းပေါ်တွေ့တဲ့ လူတိုင်းကို မေးကြည့်လိုက်။ ဒါမှမဟုတ် သား သူငယ်ချင်းတွေကို မေးကြည့်လိုက်။ ငွေနဲ့ မဖွင့်နိုင်တဲ့ တံခါးတွေဟာ ဘာလဲလို့” မစ္စတာရော့ခ်ဝေါလ်က ပြောဆိုသည်။

“ငွေဟာ ရိုးသားတဲ့လူတွေရဲ့ စားပွဲဝိုင်း တစ်နေရာကို ဝယ်လို့မရဘူးဗျ” ရစ်ချတ်က ပြောဆိုသည်။

“လူကလေး…မင်း မှားနေပြီ” သူ့ဖခင်က သားဖြစ်သူ၏ မျက်လုံးကို စိုက်ကြည့်ပြီး ပြောဆိုလိုက်သည်။ “သား… အဲလိုပြောတဲ့လူတွေဟာ ငွေအများကြီးမရှိဘူး။ သူတို့ဟာ အလုပ်အကြောင်းပဲ နားလည်ကြတယ်။ သားလည်း အလုပ်ကောင်းကောင်းလုပ်မယ်ဆိုရင် ငွေအများကြီး ရှာနိုင်တယ်”

ရစ်ချတ်သည် တိတ်ဆိတ်ငြိမ်သက်သွားသည်။

“သားရေ…ပြဿနာက ဘာလဲ။ သား နေမကောင်းလို့လား။ ဘာများ ဖြစ်နေလို့လဲ။ ဖေဖေကို ပြောနိုင်ပါတယ်ကွာ” မစ္စတာရော့ခ်ဝေါလ်က ပြောဆိုသည်။

“ဖေဖေ… သား နေကောင်းပါတယ်။ သားမှာ အိမ်ကြီးအိမ်ကောင်းတစ်လုံးရယ်၊ ကောင်းမွန်တဲ့ အလုပ်တစ်ခုရယ်၊ ထက်မြက်တဲ့ ဖခင်ကြီးတစ်ယောက်ရယ် ရှိနေသားပဲ။ ဒါပေမယ့်…”

“ဒါနဲ့…သား ချစ်သူနာမည်က ဘယ်သူလဲ” မစ္စတာရော့ခ်ဝေါလ်က မေးလိုက်သည်။

“ဟာ… ဖေဖေ…သူမက သိပ်လှပြီး သားအတွက် အလွန်အရေးပါတဲ့ လူတစ်ဦးပါ။ သူမနာမည်က အယ်လင် လန်ထရီတဲ့။ သူမဟာ သားအတွက် တစ်ဦးတည်းသော ချစ်သူပါပဲ”

“သူမကို စကားပြောလေကွာ။ သူမနဲ့အတူ တွဲကလိုက်ပါ။ မိုးရွာထဲမှာ အတူတူ လမ်းလျှောက်ပေါ့။ သူမလည်း သားကို ပြန်ချစ်လာပါလိမ့်မယ်။ သားလည်း ထက်မြက်ပြီး အရည်အချင်းရှိတဲ့ လူငယ်တစ်ဦးပဲ”

“ဒါပေမယ့် သူမဘေးမှာက အမျိုးသားတွေ ဝိုင်းဝိုင်းလည်နေတာဗျ။ သား သူမအနား ဘယ်တုန်းကမှ ချည်းကပ်လို့မရဘူး။ သူမကလည်း သားအတွက် အချိန်မပေးဘူးလေ”

“ရစ်ချတ်…ငွေတွေယူပြီး သူမရဲ့အချိန်ကို ပေးဝယ်လိုက်ပါ။ သားရဲ့ မေတ္တာကို သူမသိလာအောင် ထုတ်ပြောပေါ့ကွာ”

“သား ပြောလို့မဖြစ်နိုင်တော့ဘူးဗျ။ နောက်နေ့နံနက်ဆို သူမ ဥရောပကို သင်္ဘောနဲ့ သွားတော့မှာ။ အဲဒီမှာ နှစ်နှစ်ကြာ နေမှာတဲ့။ ဒီနေ့ည ပြဇာတ်ပွဲကိုလိုက်ပို့ဖို့ သားကို ပြောထားတယ်။ ဒါပေမယ့် ခဏလေးပဲ ကားမောင်းသွားရမှာ။ သား သူမနဲ့ အချိန်အများကြီး ရချင်တယ်။ ဒါပေမယ့် ဖေဖေ သူမအချိန်တွေကို ပေးမဝယ်နိုင်တော့ပါဘူးဗျာ”

“ကောင်းပြီ…ရစ်ချတ်။ ခု ဖေဖေ နားလည်ပြီ။ သူမအပေါ်ထားတဲ့ သားရဲ့ မေတ္တာဟာ ကြီးမြတ်လှပါတယ်။ ဒါပေမယ့် သူမကတော့ သားရဲ့မေတ္တာကို မသိဘူးဖြစ်နေတယ်။ အဲဒါ သားရဲ့လိုအပ်ချက်ကြောင့်ပေါ့”

“သားမှာ အချိန်မှမရတာ။ ဘယ်လိုလုပ်ပြီး သူမသိအောင် ပြောရမှာလဲဗျ” ရစ်ချတ်က အလွန်မပျော်မရွှင်ဖြစ်ရင်း ပြောဆိုလိုက်သည်။ “ဖေဖေရဲ့ငွေတွေက သူမနဲ့ စကားပြောဖို့ အချိန်တွေကို ဝယ်လို့မရဘူးဗျ”

ထိုနေ့ ည (၈)နာရီတွင် ရစ်ချတ်သည် လှပသော သူ့ချစ်သူ အမျိုးသမီးအိမ်သို့ ထွက်ခွာသွားပါသည်။

“ကောင်းသော ညနေခင်းပါ…ရစ်ချတ်။ ဖေဖေနဲ့ မေမေက ကျွန်မတို့ကို ပြဇာတ်ရုံမှာ စောင့်နေကြပြီ။ ကျွန်မ အချိန်မီ ရောက်ချင်တယ်” မစ်စ် လန်ထရီက ပြောဆိုသည်။

“ ကျေးဇူးပြုပြီး…ဝေါလက်ခ် ပြဇာတ်ရုံဆီ မောင်းပေးပါ” ရစ်ချတ်က ဒရိုင်ဘာဘက်လှည့်ပြီး ပြောဆိုလိုက်သည်။ သို့ရာတွင် သုံးဆယ့်လေးလမ်းအရောက်၌ ကားရပ်သွားသည်။

“ဘာ ဖြစ်လို့လဲ” ရစ်ချတ်က ဒရိုင်ဘာကို မေးလိုက်သည်။

“စိတ်မကောင်းပါဘူးဗျာ…မစ္စတာ ရစ်ချတ်” ကားသမားက ပြောဆိုသည်။ “ကျွန်တော်တို့ရဲ့  ဘယ်ဘက်ရော၊ ညာဘက်ရော၊ နောက်ဘက်မှာပါ ကားတွေ ပြည့်နေပြီ။ ကျွန်တော်တို့ကား ရွေ့လို့မရတော့ဘူး။ နယူးယောက်မြို့က ကားတွေ ဒီနားလာပြီး စုမိကြပုံပဲ”

“အီလန်…ကိုယ် စိတ်မကောင်းဘူးကွာ။ ဒီနေ့ညတော့ ကိုယ်တို့ ပြဇာတ်ရုံ ရောက်မယ်မထင်တော့ဘူး” ရစ်ချတ်က အီလန်ဘက်လှည့်ပြီး ပြောဆိုလိုက်သည်။

“ဒါလည်း ကောင်းတာပဲရှင်။ ကျွန်မ ပြဇာတ်ကို သိပ်မကြိုက်ဘူး။ ဒီကားထဲမှာ ရှင်နဲ့အတူ ရှိနေတာ အရမ်းပျော်တာပဲရှင်” မစ္စလန်ထရီက ပြောဆိုသည်။

“မင်း တကယ်ပြောနေတာလား” ရစ်ချတ်က ပြုံးရင်း ပြန်မေးလိုက်သည်။

ထိုနေ့ည နောက်ပိုင်းတွင် ရစ်ချတ်သည် ဖခင်ဖြစ်သူ၏ အခန်းသို့ လမ်းလျှောက်သွားသည်။ အဘိုးကြီးက သတင်းစာတစ်စောင်ကို ဖတ်ရူ့နေသည်။

“ဖေဖေ…သားနဲ့ မစ္စ လန်ထရီတို့ ချစ်သူတွေ ဖြစ်သွားကြပြီဗျ” ရစ်ချတ်က ဖခင်ကို ပြောဆိုလိုက်သည်။

“သိပ်ကောင်းတာပေါ့…ရစ်ချတ်။ သားအတွက် ဖေဖေ ဝမ်းသာပါတယ်”

“သားတို့ စကားအများကြီး ပြောဖြစ်ခဲ့တယ်။ သူမလည်း သားကို ချစ်တယ်တဲ့။ ဖေဖေ တွေ့တယ်မို့လား။ ဖေဖေရဲ့ ငွေတွေက မေတ္တာတရားကို ဝယ်လို့မရပါဘူး”

ထို့နောက်တွင် ပျော်ရွှင်နေသည် လူငယ်လေးသည် အိပ်ရာဝင်ရန် မိမိအိပ်ခန်းဆီသို့ လျှောက်သွားသည်။

ဒီဖြစ်ရပ်ဇာတ်လမ်းကို အဆုံးသတ်ကြည့်ကြပါစို့…။

နောက်တစ်နေ့နံနက် (၇)နာရီတွင် မစ္စတာ ကယ်လီသည် မစ္စတာရော့ခ်ဝေါလ်၏ အိမ်သို့ ရောက်ရှိလာသည်။

“မင်္ဂလာ နံနက်ခင်းပါ…မစ္စတာ ကယ်လီ” မစ္စတာရော့ခ်ဝေါလ်က နှုတ်ဆက်လိုက်သည်။ “ခင်ဗျား ကောင်းကောင်း ဆောင်ရွက်ခဲ့သားပဲ။ ဒီမှာ ခင်ဗျားအတွက် ဒေါ်လာ (၅၀၀၀)ပါ”

“ဒါပေမယ့် အခက်တော့ ကြုံခဲ့ရသေးတယ်ဗျ…မစ္စတာ ရော့ခ်ဝေါလ်။ ဒရိုင်ဘာတွေက ဆယ်ဒေါ်လာ လိုချင်နေခဲ့တယ်။ ရဲသားတွေကလည်း ဒေါ်လာ (၅၀) လိုချင်တယ်တဲ့။ ဒါပေမယ့် လမ်းတိုင်းမှာရှိတဲ့ ကားတွေက ကျွန်တော်တို့အတွက် ရပ်ပေးခဲ့ကြတယ်။ အဆင်ပြေတယ်မို့လား” မစ္စတာ ကယ်လီက မေးလိုက်သည်။

“ဟုတ်တယ်။ တကယ်ကို အဆင်ပြေသွားတာပဲ။ ကဲ…အချစ်အတွက်… ငွေအတွက် ကျွန်တော်တို့ တစ်ခွက်တစ်ဖလား မော့လိုက်ကြစို့…”

နေလင်းအောင်

O Henry ၏ Money Talks ကို ဘာသာပြန်ဆိုပါသည်။

No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...