အောက်ဖော်ပြပါ
ဖြစ်ရပ်မှန်ဇာတ်လမ်းသည် အားကစားသမား ဂလန်း ကန်နင်ဟမ် အကြောင်းပင်ဖြစ်သည်။ သူသည်
ရှစ်နှစ်အရွယ်တွင် ကျေးလက်ကျောင်းကလေး၌ ဆိုးဆိုးရွားရွား မီးလောင်ကျွမ်းမှုကို
ခံခဲ့ရသည်။ ဆရာဝန်များက သူသည် လမ်းပြန်လျှောက်နိုင်တော့မည် မဟုတ်ကြောင်း
ဟောကိန်းထုတ်ခဲ့ကြသည်။ သူသည် နှစ်ဆယ့်နှစ်လအကြာတွင် ပထမဆုံး
လမ်းပြန်လျှောက်နိုင်ခဲ့သည်။ ထို့နောက် သူသည် နာကျင်မှုဝေဒနာ ခံစားနေရသည့်ကြားမှပင်
ပြေးနိုင်ရန် အခိုင်အမာ ဆုံးဖြတ်ချက်ချခဲ့သည်။
…………………………………………………………………….
ကျေးလက်ဒေသ
ကျောင်းကလေးတစ်ကျောင်းသည် အပူဓာတ်ရရန် ရှေးခေတ်သုံး ကျောက်မီးသွေးမီးဖိုကို
အသုံးပြုရသည်။ ကျောင်းသားလေးတစ်ယောက်သည် ဆရာနှင့် အတန်းဖော်များ ရောက်မလာမီ စာသင်ခန်းတစ်ခုလုံး
အနွေးဓာတ်ရစေရန် စောစောစီးစီး မီးလာမွေးပေးရပါသည်။
တစ်နေ့နံနက်တွင်
ဆရာနှင့် အတန်းဖော်များ ရောက်လာသောအခါ စာသင်ကျောင်းကလေး မီးစွဲလောင်နေကြောင်း
တွေ့လိုက်ကြသည်။ သူတို့သည် မီးစွဲလောင်နေသော ကျောင်းထဲမှ သတိလစ် မေ့မြောနေသော
ကျောင်းသားငယ်ကို ဆွဲထုတ်လိုက်ကြသည်။ ကျောင်းသားငယ်သည် ရှင်သန်ဖို့ထက် သေဆုံးရန်
ရာခိုင်နှုန်းပိုများကြောင်း သူတို့အားလုံး တွေးထင်မိထားကြသည်။ သူသည်
ခန္ဓာကိုယ်အောက်ပိုင်း ထက်ဝက်ကျော် မီးလောင်ကျွမ်းမှု ခံလိုက်ရသဖြင့် အနီးအနားရှိ
ကျေးလက်ဆေးပေးခန်းတစ်ခုသို့ ပို့ဆောင်လိုက်ပါသည်။
သူသည် မီးလောင်ဒဏ်ရာကြောင့်
အိပ်ရာထဲတွင် သေလောက်အောင် ဝေဒနာခံစားရင်း သတိရတစ်ချက် မရတစ်ချက်ဖြစ်စဉ်
ဆရာဝန်နှင့် သူ့မိခင်တို့ စကားပြောဆိုနေသည်ကို မသဲမကွဲ ကြားလိုက်မိသည်။ ဆရာဝန်က
သူ့မိခင်အား သားဖြစ်သူ သေချာပေါက် သေဆုံးလိမ့်မည်ဖြစ်ကြောင်း ပြောဆိုနေသည်။
သားဖြစ်သူ၏ ခန္ဓာကိုယ်အောက်ပိုင်းသည် မီးလောင်ဒဏ်ရာ ဆိုးဆိုးရွားရွား ရရှိနေသဖြင့်
သေဆုံးသည်ကသာ အကောင်းဆုံးဖြစ်ကြောင်း ဆရာဝန်က ပြောဆိုသည်။
သို့ရာတွင် သတ္တိရှိသော ကျောင်းသားလေးသည်
မသေဆုံးချင်သေးပေ။ သူသည် ပြန်လည်အသက်ရှင် ရပ်တည်နိုင်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။ ထို့နောက်
သူသည် ပြန်လည် အသက်ရှင် ရပ်တည်လာနိုင်သဖြင့် ဆရာဝန်များမှာ အံ့သြသွားခဲ့ကြသည်။
သေစေလောက်သော အန္တရာယ်မှ လွတ်မြောက်လာပြီးနောက် သူသည် ဆရာဝန်နှင့် မိခင်ဖြစ်သူတို့
တိတ်တဆိတ် ပြောဆိုနေသည်ကို ကြားလိုက်ရပြန်သည်။ ကလေးငယ်၏ ခန္ဓာကိုယ်အောက်ပိုင်းသည်
မီးလောင်ဒဏ်ရာ ဆိုးဆိုးရွားရွား ရနေသဖြင့် သေဆုံးသွားသည်ကသာ ပိုကောင်းမည်ဖြစ်ကြောင်း
ဆရာဝန်က မိခင်ဖြစ်သူကို ပြောဆိုသည်။ သူ၏ ခန္ဓာကိုယ်အောက်ပိုင်းသည် လှုပ်ရှားမရသဖြင့်
ဘဝတစ်လျှောက်လုံး မသန်စွမ်းသူတစ်ဦးအဖြစ်ပဲ ရှင်သန်ရပ်တည်ရလိမ့်မည် ဖြစ်သည်။
သတ္တိရှိသော ကလေးငယ်သည်
နောက်တစ်ကြိမ် ဆုံးဖြတ်ချက် ချလိုက်ပြန်သည်။ သူသည် မသန်စွမ်းသူအဖြစ်
မနေထိုင်ချင်ဘဲ လမ်းပြန်လျှောက်ချင်ခဲ့သည်။ သို့ရာတွင် သူ၏ ခါးအောက်ပိုင်းသည်
လှုပ်ရှားမှုစွမ်းရည် မရရှိခဲ့ပေ။ သူ၏ ပိန်လှီနေသော ခြေထောက်များမှာ ခံစားမှုမရှိဘဲ
တွဲလောင်းကျနေခဲ့သည်။
နောက်ဆုံးတွင် သူသည်
ဆေးရုံမှ ဆင်းလာနိုင်ခဲ့သည်။ နေ့စဉ်နေ့တိုင်း မိခင်ဖြစ်သူက သူ၏ခြေချောင်းများကို
ဆေးလိမ်းပေးရသည်။ သို့သော် သူ့ခြေချောင်းများတွင် မည်သည့်ခံစားမှုမှ မရရှိပေ။
မည်သည့်ထိန်းချုပ်မှုကိုမှလည်း မလုပ်နိုင်ခဲ့ပေ။ သို့ရာတွင် သူ၏
လမ်းပြန်လျှောက်နိုင်ရန် ဆုံးဖြတ်ချက်သည် ယခင်ကကဲ့သို့ပင် ခိုင်မာပြတ်သားဆဲပင်
ဖြစ်သည်။
သူသည် အိပ်ရာထဲတွင်
မနေချင်သည့်အခါ လက်တွန်းလှည်းပေါ်တွင် ထိုင်နေလေ့ရှိသည်။ နေသာသော တစ်နေ့တွင်
သူ၏မိခင်က လေကောင်းလေသန့် ရရန်အလိုငှာ သူ့အား ဘီးတပ်ကုလားထိုင်ပေါ်တင်ပြီး
ခြံဝန်းထဲ ထွက်လာခဲ့ပါသည်။ ထိုနေ့တွင် သူသည် ထိုင်မနေတော့ဘဲ ဘီးတပ်ကုလားထိုင်ပေါ်မှ
မိမိကိုယ်တိုင် ပစ်လှဲဆင်းလိုက်သည်။ သူသည် ခြေတရွတ်တိုက်ဆွဲရင်း မြက်ခင်းပြင်ကို
ဖြတ်သန်းလာခဲ့သည်။
သူသည် ခြံဝန်းကို
ဘောင်ခတ်ထားသည့် အဖြူရောင် ခြံစည်းရိုးများဆီသို့ တရွတ်တိုက်ဆွဲလာခဲ့သည်။ ပြင်းပြင်းထန်ထန် အားစိုက်ထုတ်ပြီးနောက်
ခြံစည်းရိုးကိုမှီရင်း ရပ်လိုက်နိုင်လိုက်သည်။ ထို့နောက်
ခြံစည်းရိုးတစ်လျှောက်
တိုင်တစ်တိုင်ပြီးတစ်တိုင် ဆွဲကိုင်ကာ တရွတ်ဆွဲ လျှောက်လှမ်းခဲ့သည်။ သူသည်
နေ့စဉ်နေ့တိုင်း ဤသို့လျှောက်လှမ်းလာခဲ့ရာ ခြံစည်းရိုးတစ်ပတ်လုံး
လျှောက်လှမ်းလာနိုင်ခဲ့သည်။ သူ့တွင် ခြေချောင်းများ ကောင်းမွန်လာရုံမှလွှဲ၍
မည်သည့်အလိုဆန္ဒမှ မရှိခဲ့ပေ။
သူသည် နေ့စဉ်နေ့တိုင်း
ဆေးလိမ်းရင်း ခိုင်မာသော ဇွဲလုံ့လ၊ ပြတ်သားသော ဆုံးဖြတ်ချက်တို့ဖြင့်
မတ်တတ်ရပ်နိုင်အောင် ကြိုးစားခဲ့သည်။ တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် သူ လမ်းလျှောက်နိုင်ခဲ့သည်။
ထို့နောက်တွင် လမ်းကောင်းကောင်းလျှောက်နိုင်ခဲ့သည်။ နောက်ဆုံးတွင် ပြေးပင်
ပြေးနိုင်လာခဲ့သည်။
သူသည် ကျောင်းသို့
စတင်လမ်းလျှောက်လာခဲ့သည်။ ထို့နောက် ပြေးရင်း ကျောင်းတက်ခဲ့သည်။
ပျော်ရွှင်ရန်သက်သက်အတွက်လည်း သူ ပြေးခဲ့သည်။ ကောလိပ်ကျောင်းရောက်သောအခါ သူသည်
အပြေးအသင်းကို ဖွဲ့စည်းခဲ့သည်။
၁၉၃၄ ခုနှစ်တွင်
အသက်ရှင်ရပ်တည်နိုင်လိမ့်မည်ဟု ထင်မှတ်မထားခဲ့သော လူငယ်လေး ဂလင်း ကန်နင်ဟမ်သည်
အပြေးပြိုင်ပွဲတွင် ကမ္ဘာ့စံချိန်ကို တစ်မိုင်လျှင် (၄း၀၆.၈) မိနစ်ဖြင့်
စံချိန်တင်နိုင်ခဲ့သည်။
ဂလင်းကန်နင်ဟမ်၏
အားထုတ်ကြိုးပမ်းမှုက ကျွန်တော်တို့အား သွယ်ဝိုက်ပြောကြားနေသည်မှာ ကျွန်တော်တို့သည်
မိမိဘဝကို ဖန်တီးရာတွင် မိမိအပေါ်၌သာ တည်မီနေခြင်းပင်ဖြစ်သည်။ ကျွန်တော်တို့တွင်
မိမိကိုယ်ကို လမ်းညွှန်ပေးမည့် လုံလောက်သော စိတ်ဆန္ဒသာ ရှိနေမည်ဆိုပါက
မည်သည့်အရာကိုမဆို အကောင်အထည် ဖော်နိုင်ပေလိမ့်သည်။ ကျွန်တော်တို့၏ စိတ်ဆန္ဒကို ကျွန်တော်တို့ကိုယ်တိုင်မှလွဲ၍
မည်သူတစ်ဦးတစ်ယောက်ကမှ ကန့်သတ်ချက်မထားနိုင်ချေ။ ကျွန်တော်တို့သည် မိမိကိုယ်တွင်း
စွမ်းအားများကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မည်ဆိုလျှင် မည်သည့်ရည်မှန်းချက်
ပန်းတိုင်ကိုမဆို လက်တွေ့အကောင်အထည် ဖော်နိုင်ပေလိမ့်မည် ဖြစ်ပေသည်။
ဘဝမှတ်တမ်း အနှစ်ချုပ်
- သူသည် ရှစ်နှစ်အရွယ်တွင် ကျေးလက်ကျောင်းကလေး၌ ဆိုးဆိုးရွားရွား မီးလောင်ဒဏ်ရာ ရရှိခဲ့သည်။ သူသည် လမ်းပြန်လျှောက်နိုင်လိမ့်မည် မဟုတ်ကြောင်း ဆရာဝန်များက ကြိုတင်ဟောကိန်း ထုတ်ခဲ့ကြသည်။
- (၂၂)လအကြာတွင် သူသည် ပထမဆုံး လမ်းပြန်လျှောက်နိုင်ခဲ့သည်။ ထို့နောက် နာကျင်မှုဝေဒနာ ခံစားနေရသည့်ကြားမှပင် ခိုင်မာသောဆုံးဖြတ်ချက်ဖြင့် ပြန်လည်ပြေးနိုင်ရန် ကြိုးစားခဲ့သည်။
- အထက်တန်း ကျောင်းသားဘဝတွင် အပြေး စံချိန်တင်နိုင်ခဲ့ပြီးနောက် နောက်ပိုင်းတွင် ကန်စက်စ် တက္ကသိုလ်၌ တက်ရောက်ခဲ့သည်။
- ကန်စက်စ်တက္ကသိုလ်တွင် တက်ရောက်နေစဉ် သူသည် မိမိကျောင်းစရိတ်ကို ကိုယ်တိုင်ရှာဖွေလိုသဖြင့် ပညာသင်ထောက်ပံ့ကြေးအားလုံးကို ငြင်းဆန်ခဲ့သည်။
- သူသည် တက္ကသိုလ် ဒုတိယနှစ် တက်ရောက်နေစဉ် ၁၉၃၂ ခု အိုလံပစ် အားကစားပြိုင်ပွဲ၌ မီတာ (၁၅၀၀)ပြေးပွဲတွင် ပါဝင်ဆင်နွှဲရာ ပြင်းထန်သော အအေးဒဏ်ကြောင့် စတုတ္ထနေရာသာ ရရှိခဲ့သည်။
- သူသည် တက္ကသိုလ် နောက်ဆုံးနှစ် တက်ရောက်နေစဉ် တစ်မိုင်လျှင် (၄း၀၆.၈)မိနစ်ဖြင့် ကမ္ဘာ့စံချိန် တင်နိုင်ခဲ့ရာ တစ်မိုင်အတွက် အမြန်ဆုံးစံချိန် (၁၃)ခုအနက် ခုနှစ်ခုမြောက်ပင် ဖြစ်သည်။
- ၁၉၃၆ ခုနှစ်တွင် ပြိုင်ဘက် အပြေးသမားများက “လူကြိုက်အများဆုံး အားကစားသမား”ဆုအတွက် သူ့ကို မဲပေးခဲ့ကြသည်။
- သူသည် အိုင်အိုဝါတက္ကသိုလ်မှ မဟာဘွဲ့ရရှိအောင် ဆက်လက်ကြိုးစားခဲ့သည်။ နောက်ပိုင်းတွင် နယူးယောက်တက္ကသိုလ်မှ ဒေါက်တာဘွဲ့ရရှိခဲ့သည်။
- နယူးယောက်တွင် ရှိနေစဉ် မက်ဒီဆင် စကွဲယားဥယျာဉ်၌ ကျင်းပခဲ့သည့် အပြေးပြိုင်ပွဲ (၃၁)ပွဲအနက် (၂၁)ပွဲ အနိုင်ရရှိခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် သူသည် မိုးလုံလေလုံ အားကစားကွင်း၌ စံချိန်တင်နိုင်ခဲ့သည်။ သူ၏ အမြန်ဆုံးပြေးနှုန်းမှာ ၁၉၃၈ ခုနှစ်က ဒါ့တ်မောက်သ်တွင် ကျင်းပသည့် အပြေးပြိုင်ပွဲ၌ တစ်မိုင်လျှင် (၄း၀၄)မိနစ်ဖြင့် ပြေးနိုင်ခဲ့ခြင်း ဖြစ်သည်။
- ၁၉၄၀ ခုနှစ်က အိုလံပစ်အားကစား ပြိုင်ပွဲ ဖျက်သိမ်းလိုက်သောအခါ သူသည် အပြေးပြိုင်ခြင်းအလုပ်မှ အနားယူပြီးနောက် အိုင်အိုဝါရှိ ကော်နယ်လ်ကောလိပ်တွင် စာသင်ပေးခဲ့သည်။
- ဒုတိယကမ္ဘာ့စစ်အတွင်း သူသည် ရေတပ်တွင် နှစ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။
- ကျန်ရှိသော ဘဝတစ်လျှောက်တွင် သူသည် အမေရိကန်ပြည်ထောင်စု ကန်စက်စ်ဒေသမှ ဒုက္ခရောက်နေသည့် ကလေးငယ်များအတွက် ရည်ရွယ်ဖွင့်လှစ်ထားသော ဂလင်းကန်နင်ဟမ် လူငယ် ပြုစုပျိုးထောင်ရေးလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။ သူနှင့် ဇနီးဖြစ်သူတို့သည် ၁၉၈၈ ခုနှစ် သူ သေဆုံးချိန်အထိ ကလေးပေါင်း (၉၀၀၀)ခန့်ကို မြေတောင်မြှောက်ပေးနိုင်ခဲ့ကြောင်း ခန့်မှန်းရပေသည်။
နေလင်းအောင်
www.naylinaung1.blogspot.com
No comments:
Post a Comment