Tuesday, January 22, 2013

ဆရာဝန်တစ်ဦးရဲ့ တာဝန်သိတတ်မှု




    

       အရေးပေါ် ခွဲစိတ်ကုသပေးဖို့ ဖုန်းခေါ်ဆိုခြင်း ခံရပြီးနောက် ဆရာဝန်တစ်ဦးဟာ ဆေးရုံထဲ အလျင်အမြန် ဝင်လာခဲ့ပါတယ်။ သူဟာ အဝတ်အစားတွေ လဲဝတ်ရင်း ခွဲစိတ်ဆောင်ဘက်သို့ ချက်ချင်းသွားလိုက်ပါတယ်။ ခန်းမကြီးထဲမှာ ဆရာဝန်ကိုစောင့်ရင်း ဂဏာမငြိမ် လမ်းလျှောက်နေတဲ့ ကောင်ကလေးရဲ့ဖခင်ကို သူ တွေ့မြင်လိုက်ပါတယ်။
      ဆရာဝန်ကို တွေ့မြင်တဲ့အခါ ကောင်ကလေးရဲ့ဖခင်က အော်ပြောလိုက်ပါတယ်။ “ခင်ဗျား ဘာကြောင့်  ဒီလောက်တောင် ကြာနေရတာလဲဗျ။ ကျွန်တော့်သား အသက်အန္တရာယ် ရှိနေတယ်ဆိုတာ မသိဘူးလား။ ခင်ဗျားမှာ ဆရာဝန်တစ်ယောက်ရဲ့ တာဝန်ဝတ္တရားတွေ ထမ်းဆောင်ဖို့ရာ အသိစိတ်ရော ရှိသေးရဲ့လား။”
       ဆရာဝန်က ပြုံးရင်း ပြန်ပြောလိုက်ပါတယ်။ “စိတ်မကောင်းပါဘူးဗျာ။ ကျွန်တော် ဆေးရုံမှာ မရှိလို့ပါ။ အတတ်နိုင်ဆုံး အမြန်လာခဲ့ရတာပါ။ ခင်ဗျား တည်တည်ငြိမ်ငြိမ်နဲ့ ထိုင်နေစေချင်ပါတယ်။ သို့မှသာ ကျွန်တော် လုပ်စရာရှိတာ လုပ်နိုင်ပါလိမ့်မယ်။”
       “တည်တည်ငြိမ်ငြိမ် ထိုင်နေရမယ် ဟုတ်လား။ ခု ခင်ဗျားရဲ့ သား ဒီခွဲစိတ်ခန်းထဲ ရောက်နေမယ်ဆိုရင် ခင်ဗျားရော တည်တည်ငြိမ်ငြိမ်နဲ့ ထိုင်နေနိုင်လို့လား။ ခင်ဗျားသားသာ သေသွားမယ်ဆိုရင် ခင်ဗျား ဘာလုပ်မှာလဲဗျ။” လို့ လူကလေးရဲ့ ဖခင်က ဒေါသတကြီးနဲ့ ပြောလိုက်ပါတယ်။
       ဆရာဝန်က ပြုံးလိုက်ရင်း ပြောလိုက်ပါတယ်။ “ခရစ်ယာန် သမ္မာကျမ်းစာမှာ ပါတဲ့ အကြောင်းအရာလေးကို ပြောပါရစေ။ ကျွန်တော်တို့ဟာ ဘုရားသခင်ရဲ့ အလိုတော်အတိုင်း သင်္ချိုင်းကလာပြီး သင်္ချိုင်းသို့ပဲ ပြန်သွားရမယ်တဲ့။ ဆရာဝန်တွေဟာ အသက်ထပ်ရှည်အောင် မပြုလုပ်ပေးနိုင်ပါဘူး။ ဘုရားသခင်ဆီသွားပြီး ခင်ဗျားသားအတွက် ဆုတောင်းမေတ္တာပို့သလိုက်ပါ။ ဘုရားသခင်ရဲ့ ကျေးဇူးတော်အတိုင်းပဲ ကျွန်တော်တို့ အကောင်းဆုံး ကုသပေးပါမယ်။”
     “ငါတို့လည်း စိုးရိမ်ပူပန်မှု မရှိတဲ့အချိန်မှာ အကြံပေးနိုင်တာပေါ့ကွာ။ ဒါလောက်က အလွယ်လေးပါ” လို့ ကောင်ကလေးဖခင်က တီးတိုးရေရွတ်လိုက်ပါတယ်။
နာရီအနည်းငယ်အကြာ ခွဲစိတ်ပြီးနောက် ဆရာဝန်က (ခွဲခန်းထဲမှ) ပြောရွှင်စွာ ထွက်လာရင်း ပြောလိုက်ပါတယ်။ “ဘုရားသခင်ရဲ့ ကျေးဇူးတော်ကို ချီးမွမ်းလိုက်ပါတော့။ ခင်ဗျားသားရဲ့ အသက် ကယ်တင်ပြီးပါပြီ။”
      ဆရာဝန်ဟာ ကောင်ကလေးရဲ့ဖခင် ပြန်ပြောမှာကို မစောင့်တော့ဘဲ ကိုယ့်လမ်းကို ဆက်ပြေးသွားရင်း ပြောလိုက်ပါတယ်။ “ခင်ဗျားမှာ မေးစရာရှိသေးတယ်ဆိုရင် သူနာပြုဆရာမကိုပဲ မေးလိုက်ပါ။”
      ဆရာဝန်ထွက်သွားလို့ မကြာမီ သူနာပြုဆရာမကို မြင်သောအခါ  ကောင်ကလေးရဲ့ဖခင်က ဝေဖန်ပြောဆိုလိုက်ပါတယ်။ “အဲဒီဆရာဝန် ဘာဖြစ်လို့ ဒီလောက်တောင် မာနကြီးရတာလဲ။ ကျွန်တော့်သားအခြေအနေ မေးဖို့ မိနစ်အနည်းငယ်လောက်တောင် မစောင့်နိုင်ဘူးလား။”
       သူနာပြုဆရာမက ပြန်ဖြေပါတယ်။ “ဆရာဝန်ကြီးရဲ့သား မနေ့က ယာဉ်မတော်တဆမှုကြောင့် သေသွားခဲ့တယ်။  ရှင့်သားကို ခွဲစိတ်ကုသပေးဖို့ ကျွန်မတို့ ဖုန်းခေါ်လိုက်တဲ့အချိန်မှာ ဆရာဝန်ကြီးဟာ သူ့သားရဲ့ ဈာပနာအခမ်းအနားမှာပဲ ရှိနေပါသေးတယ်။

*************

Stay calm in all situations so you can make decisions the best you can, be it in life or business… and thank your doctors for the excellence works they do.
 
ဘယ်အခြေအနေမျိုး ရောက်ရောက် တည်တည်ငြိမ်ငြိမ် နေလိုက်ပါ။ 
သို့မှသာ အကောင်းဆုံးဆုံးဖြတ်ချက်တွေ သင် ချမှတ်နိုင်ပါလိမ့်မယ်။ ရှင်သန်နေထိုင်ရာ ဘဝမှာရော၊ အလုပ်ခွင်မှာပါ တည်တည်ငြိမ်ငြိမ်နဲ့ နေထိုင်နိုင်ဖို့ ကြိုးစားပါ။
 ပြီးတော့ သင့်ရဲ့ ဆရာဝန်တွေကိုလည်း သူတို့ရဲ့ အကောင်းဆုံး ကုသပေးမှုအတွက် ကျေးဇူးစကား ပြောဆိုလိုက်ပါ။

 နေလင်းအောင် ဘာသာပြန်ဆိုသည်။
Ref;Doctor’s service! 
Author Unknown
Story Submitted By: Jectofer Arellano



No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...