Friday, January 11, 2013

ဖယောင်းတိုင် လေးတိုင်



ဖယောင်းတိုင်လေးတိုင်ဟာ ဖြည်းဖြည်းချင်း လောင်ကျွမ်းနေကြပါတယ်။
သူတို့ဝန်းကျင်ဟာ အလွန်တိတ်ဆိတ်နေတဲ့ အတွက်ကြောင့် သူတို့ ပြောဆိုနေတာတွေကို ကြားနိုင်ပါတယ်။

ပထမမြောက် ဖယောင်းတိုင်က ပြောဆိုလိုက်ပါတယ်။
“ကျွန်တော်ဟာ ငြိမ်းချမ်းရေး (Peace) ဖယောင်းတိုင်ပါ။ ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ ဘယ်သူကမှ ကျွန်တော့်ကို ဆက်လက်ပြီး မထွန်းညှိချင် ကြတော့ပါဘူး။”
အဲဒီလိုပြောဆိုပြီးနောက် ငြိမ်းချမ်းရေး ဖယောင်းရဲ့ မီးတောက်ဟာ တဖြည်းဖြည်း မှေးမှိန်လာပြီး လုံးဝကို ငြိမ်းသွားပါတယ်။

ဒုတိယမြောက်ဖယောင်းတိုင်က ပြောဆိုပါတယ်။
“ကျွန်တော်ကတော့ ယုံကြည်ချက် (Faith) ဖယောင်းတိုင်ပါ။ ဒါပေမယ့် ဒီနေ့ခေတ်မှာတော့ ကျွန်တော်ဟာ မရှိမဖြစ် လိုအပ်တဲ့အရာ မဟုတ်တော့ပါဘူး။”
အဲဒီလိုပြောဆိုပြီးနောက် ယုံကြည်ချက် ဖယောင်းတိုင်ရဲ့ မီးတောက်ဟာ တဖြည်းဖြည်း မှေးမှိန်လာပြီး လုံးဝကို ငြိမ်းသွားပါတယ်။


တတိယမြောက် ဖယောင်းတိုင်က စိတ်မကောင်းစွာနဲ့ ပြောလာပါတယ်။
“ကျွန်တော်ကတော့ မေတ္တာ (Love) ဖယောင်းတိုင်ပါ။ ကျွန်တော့်မှာ ဆက်လက်ထွန်းညှိဖို့ အင်အားမရှိတော့ပါဘူး။ လူတွေဟာ ကျွန်တော့်တန်ဖိုးကို နားမလည်ဘဲ ကျွန်တော့်ကို ဘေးဖယ်ထားကြတယ်။ သူတို့ဟာ အနီးဆုံးမှာရှိတဲ့ သူတွေကို မေတ္တာထားဖို့ပင် မေ့လျော့နေကြပါတယ်။” အဲဒီနောက် မေတ္တာဖယောင်းတိုင်ဟာ စောင့်ဆိုင်းခြင်းမရှိတော့ဘဲ လုံးဝကို ငြိမ်းသွားပြန်တယ်။

ကလေးတစ်ဦးဟာ အခန်းထဲ ရုတ်တရက် ဝင်ရောက်လာတဲ့အခါ မီးလောင်ကျွမ်းမှု မရှိတော့တဲ့ ဖယောင်းတိုင်သုံးတိုင်ကို တွေ့မြင်လိုက်ပါတယ်။


ကလေးက အော်ငိုရင်း ပြောလိုက်ပါတယ်။
“ခင်ဗျားတို့ ဘာဖြစ်လို့ မလောင်ကျွမ်းတော့တာလဲ။ ခင်ဗျားတို့ ကုန်ဆုံးတဲ့တိုင်အောင် လောင်ကျွမ်းသွားလိမ့်မယ်လို့ ကျွန်တော်ယူဆထားပါတယ်။”


အဲဒီအချိန်မှာ စတုတ္ထမြောက်ဖယောင်းတိုင်က လူငယ်လေးကို ညင်သာစွာနဲ့ ပြောလာပါတယ်။
“မကြောက်ပါနဲ့ဗျာ။ ကျွန်တော်ဟာ မျှော်လင့်ချက် (Hope) ဖယောင်းတိုင်ပါ။ ကျွန်တော်သာ လောင်ကျွမ်းနေသေးတယ်ဆိုရင် အခြားဖယောင်းတိုင်တွေကိုလည်း ပြန်ပြီး ထွန်းညှိနိုင်ပါသေးတယ်။”

လူငယ်လေးဟာ တောက်ပတဲ့မျက်ဝန်းတွေနဲ့ မျှော်လင့်ချက် ဖယောင်းတိုင်ကို ယူပြီး အခြားဖယောင်းတိုင်သုံးတိုင်ကို မီးညှိပေးလိုက်ပါတယ်။

မျှော်လင့်ချက်မီးတောက်ကို ဘယ်တော့မှ ငြိမ်းသတ်ခွင့် မပြုပါနဲ့။
အရာရာတိုင်း ဘယ်လောက်ပင် ဆိုးရွားနေပါစေ …မင်းဘဝမှာ မျှော်လင့်ချက်သာ ရှိနေသေးမယ်ဆိုရင်တော့ ငြိမ်းချမ်းရေး၊ ယုံကြည်ချက်နဲ့ မေတ္တာတရားတွေ နောက်ထပ်တစ်ဖန် ပြန်လည်တောက်ပ လာနိုင်ပါသေးတယ်။
နေလင်းအောင် ဘာသာပြန်ဆိုသည်။
Ref;The Story of the 4 Candles by Author Unknown


No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...