Sunday, January 20, 2013

ပင်ကိုယ်စွမ်းရည်




         တစ်ခါက လူတစ်ဦးဟာ ပွဲဈေးတန်းတစ်ခုမှာ မိုးပျံပူဖောင်းတွေ ရောင်းနေခဲ့ပါတယ်။ အရောင်းအား ကျဆင်းနေတဲ့အချိန်မှာ သူဟာ လေထဲသို့ မိုးပျံပူဖောင်းအချို့ လွှတ်လိုက်ပါတယ်။ သို့မှသာ ပွဲဈေးမှာရှိတဲ့ ကလေးတွေဟာ လေထဲပျံလွှင့်နေတဲ့ မိုးပျံပူဖောင်းတွေကို ပျော်ရွှင်စွာ ကြည့်ကြပြီး သူတို့အတွက်လည်း မိုးပျံပူဖောင်းတစ်ခုခု ဝယ်ယူဖို့ရန် သူ့ဆီရောက်လာပါလိမ့်မယ်။
         
ဒီအလုပ်ဟာ သူရဲ့ နေ့စဉ်အလုပ်အကိုင်ဖြစ်ပြီး သူ့အတွက် ဝမ်းစာ ကောင်းကောင်းဖူလုံသည့်အထိ ရောင်းချလေ့ရှိပါတယ်။ တစ်နေ့မှာတော့ ကလေးငယ်တစ်ဦး သူ့ဆီရောက်လာပြီး ရိုးရိုးမေးခွန်းလေးတစ်ခု မေးလိုက်ပါတယ်။ “ဦးလေး…အနက်ရောက်ပူဖောင်းက အထက်ပျံနိုင်လား၊ မပျံနိုင်ဘူးလား”
        
ထိုသူက ပြန်ပြောလိုက်ပါတယ်။ “တကယ်တော့ မိုးပျံပူဖောင်းတစ်လုံး ပျံသန်းနိုင်တာ အရောင်ကြောင့် မဟုတ်ဘူး။ ပူဖောင်းထဲထည့်ထားတဲ့ ဟီလီယမ် ဓာတ်ငွေ့ကြောင့်ပါ”

ရရှိလာသော အတွေး

       မိုးပျံပူဖောင်းတစ်လုံးကို အထက်တက်ပျံသန်းနိုင်စေတာ ပူဖောင်းအရောင်ကြောင့် မဟုတ်ဘူး။ ပူဖောင်းထဲပါရှိတဲ့ ဟီလီယမ်ဓာတ်ငွေ့ကြောင့်သာ ဖြစ်ပါတယ်။
      လူတစ်ယောက်မှာ ပိုပြီးမြင့်မားတဲ့ ဘဝအောင်မြင်မှု တစ်ခုခုရအောင် ပြုလုပ်ပေးတာ သူရဲ့ ရုပ်ရည်၊ အရောင်အဆင်း၊ ပညာအရည်အချင်းနဲ့ အခြားတစ်ခုခုကြောင့် မဟုတ်ပါဘူး။ သူ့ရဲ့ ပင်ကိုယ်စွမ်းရည်၊ မိမိကိုယ်ကို ယုံကြည်စိတ်ချမှုနဲ့ အမြော်အမြင်ရှိမှုတို့ကြောင့် ဖြစ်ပါတယ်။ 

 နေလင်းအောင် ဘာသာပြန်ဆိုသည်။
Ref;Potential by Unknown Author


No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...