Saturday, January 12, 2013

နိုင်ငံရပ်ခြား ဟာသများ (၂၀)



မမြင်ရင် ရတာပဲ
လှပချောမောသော သူနာပြုဆရာမလေးက ဆရာဝန်ကိုမေးသည်။
“ဆရာ… ဒီလူငယ်ကို ကျွန်မ စမ်းသပ်လိုက်တိုင်း သွေးခုန်နှုန်း ပိုပြီးမြန်လာတယ်။ စိတ်ငြိမ်ဆေး ပေးလိုက်ရင် ကောင်းမလားရှင်”
“မလိုပါဘူးကွာ။ နောက်တစ်ခါ မင်းသူကို စမ်းသပ်မယ်ဆိုရင် အဲဒီလူငယ်ရဲ့မျက်နှာကို အဝတ်သာ စည်းထားလိုက်တော့”


ဆီကုန်ရင် ရပ်မှာပါ
အိမ်ရှင်မတစ်ယောက်သည် အရေးပေါ်ဌာနကို ဖုန်းဆက်လိုက်သည်။
အိမ်ရှင်မ။            ။အိမ်နံပါတ်(၀၀)ကို လူနာတင်ယာဉ်တစ်စင်း အမြန်လွှတ်ပေးပါနော်။ ကျွန်မနဲ့ ကျွန်မယောက်ျား စကားများရန်ဖြစ်ရင်း သူဟာ ဓာတ်ဆီတစ်ပုလင်း မော့ချလိုက်တယ်။ ခုတော့ အိမ်ကို ပတ်ပြေးနေလို့ရှင့်။
အရေးပေါ်ဌာန။     ။ဒါလေးများ လွယ်လွယ်လေးပါ။ ဆီကုန်သွားရင် သူ့ဘာသာသူ ရပ်သွားလိမ့်မယ်။
မှားစားမိလို့
ဇီဝဗေဒ ဆရာတစ်ယောက်သည် သူ၏ကျောင်းသားများကို ပြောလိုက်သည်။
“ဆရာအိတ်ထဲက ဖားတစ်ကောင်ပြမယ်”
သူသည် အိတ်ကပ်ထဲနှိုက်လိုက်ရာ ကြက်သားပေါင်မုန့်တစ်ချက် ထွက်လာလေသည်။
သူသည် ခဏတာမျှ ဇဝေဇဝါ ဖြစ်သွားပြီးနောက် ပြောလိုက်သည်။
“ထူးဆန်းလိုက်တာကွာ။ နေ့လည်တုန်းက ဆရာစားလိုက်တာ အသေအချာ မှတ်မိပါတယ်”
အိမ်ထောင်သည် ဘဝ
အိမ်ထောင်သည် ဘဝသည် စိတ်လှုပ်ရှားမှု၊ စိတ်ပျက်မှုများဖြင့် ရောပြွန်းနေသည်။
လက်ထပ်ပြီးစ ပထမနှစ်။         ။ယောက်ျားက စကားပြော၍ မိန်းမက နားထောင်ရသည်။
ဒုတိယနှစ်။          ။မိန်းမက စကားပြော၍ ယောက်ျားက နားထောင်ပေးရသည်။
တတိယနှစ်။         ။နှစ်ဦးစလုံး စကားပြောကြပြီး အိမ်နီးချင်းများက နားထောင်ပေးရတော့သည်။

နေလင်းအောင်
www.naylinaung1.blogspot.com
 

No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...