Wednesday, August 21, 2013

နှလုံးသားထဲက ချစ်မေတ္တာ




(Global English Magazine, 2013 November)
စာသင်ကျောင်းတစ်ကျောင်းရဲ့ အခန်းတစ်ခန်းထဲမှာ ကလေးပေါင်းများစွာ ရှိနေကြပါတယ်။ ကလေးတစ်ယောက်က “ဆရာမ… ချစ်မေတ္တာဆိုတာ ဘာလဲ”လို့ မေးလာပါတယ်။
ဆရာမက လေးနက်တဲ့ ဒီမေးခွန်းရဲ့ အဖြေကို ပေးဖို့ထိုက်တန်တဲ့ တစ်စုံတစ်ခုကို စဉ်းစားလိုက်မိပါတယ်။ အားလပ်ချိန် ရောက်ပြီး ဖြစ်တဲ့အတွက်ကြောင့် ကလေးတွေကို ကျောင်းရှေ့ ဥယျာဉ်ထဲသွားကာ မေတ္တာစိတ်ဖြစ်ပေါ်လာအောင် နိုးဆွပေးနိုင်တဲ့ တစ်စုံတစ်ခု ယူဆောင်လာခဲ့ဖို့ စေခိုင်းလိုက်ပါတယ်။
ကလေးတွေဟာ (ဆရာမပြောတဲ့အတိုင်း တစ်ခုခု ယူဆောင်နိုင်ဖို့ စာသင်ခန်းထဲက) ပြေးထွက်သွားကြပါတယ်။ ကလေးတွေ ပြန်ရောက်လာတဲ့အခါ ဆရာမက “တပည့်တို့ ယူဆောင်လာတဲ့ အရာတွေကို တစ်ဦးချင်း ပြသပါ”လို့ ပြောလိုက်ပါတယ်။
ပထမမြောက် ကျောင်းသားက “ကျွန်တော်က ဒီပန်းပွင့်လေး ယူဆောင်လာတယ်။ လှတယ်မဟုတ်လား”လို့ ပြောဆိုလိုက်တယ်။
ဒုတိယမြောက်ကျောင်းသားက “ကျွန်တော်ကတော့ ဒီလိပ်ပြာလေး ယူဆောင်လာတယ်။ လိပ်ပြာတောင်ပံလေးရဲ့ အရောင်အဆင်းကို ကြည့်လိုက်ပါ။ ကျွန်တော့်ရဲ့ စုဆောင်းပစ္စည်းစာရင်းထဲမှာ ဒီလိပ်ပြာလေးကိုလည်း ထည့်ထားရမယ်”လို့ ပြောလိုက်ပါတယ်။
တတိယမြောက် ကျောင်းသားက “ ကျွန်တော်ကတော့ အသိုက်က ပြုတ်ကျလာတဲ့ ခိုလေးကို ယူဆောင်လာတယ်။ သူငယ်ချင်းတို့ရေ… ခိုလေးက ချစ်စရာ ကောင်းတယ်မဟုတ်လား”လို့ ပြောဆိုလိုက်ပါတယ်။
ဒီလိုနဲ့ ကျောင်းသားတစ်ဦးစီဟာ ပန်းခြံထဲက သူတို့ ယူဆောင်လာတဲ့ ပစ္စည်းတွေကို စားပွဲပေါ် တင်ပြကြပါတယ်။
အားလုံး တင်ပြပြီးတဲ့အချိန်မှာ ကျောင်းသူလေးတစ်ယောက်ဟာ ဘာမှ ယူဆောင်မလာဘဲ တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့တာကို ဆရာမက သတိပြုမိလိုက်ပါတယ်။ ကျောင်းသူလေးဟာ ဘာမှ ယူဆောင်မလာခဲ့ရတဲ့အတွက် ရှက်ရွံ့သလို ဖြစ်နေရပါတယ်။ ဆရာမက သူမဘက်လှည့်ပြီး “ကဲ… သမီးကရော ဘယ်လိုလဲ။ တစ်ခုခု ယူမလာဘူးလား”လို့ မေးလိုက်ပါတယ်။
ကျောင်းသူလေးက ရှက်ရွံ့စွာနဲ့ ဖြေလိုက်ပါတယ်။
“သမီးကို ခွင့်လွတ်ပါ ဆရာမရယ်။ သမီး ပန်းပွင့်လေးတစ်ပွင့်ကို တွေ့မြင်တော့ ပန်းရနံ့ကို ခံစားလိုက်ရတယ်။ အဲဒီပန်းပွင့်လေးကို ဆွတ်ခူးဖို့ တွေးလိုက်မိပါတယ်။ ဒါပေမယ့် ပန်းရနံ့တွေ ကြာရှည်သင်းပျံ့တာကိုပဲ လိုချင်တဲ့အတွက် မခူးဘဲ ထားခဲ့တယ်။ သမီး နူးညံ့လှပပြီး အရောင်အသွေးစုံတဲ့ လိပ်ပြာလေးတစ်ကောင်ကိုလည်း တွေ့မြင်ခဲ့တယ်။ လိပ်ပြာလေးဟာ အလွန်ပျော်ရွှင်နေတဲ့အတွက်ကြောင့် သူ့ကို ဖမ်းဆုပ်ထားရဲလောက်အောင် သမီးမှာ သတ္တိမရှိပါဘူး။ သမီး သစ်ရွက်တွေကြားမှာ ကျနေတဲ့ ခိုလေးတစ်ကောင်ကိုလည်း တွေ့မြင်ခဲ့ပါတယ်။ ဒါပေမယ့် သစ်ပင်ပေါ် တက်လိုက်တဲ့အခါ ဝမ်းနည်းနေတဲ့ ငှက်မိခင်ကိုတွေ့တော့ အသိုက်ထဲပဲ ပြန်ထားခဲ့တယ်။  ဒါကြောင့် ဆရာမရေ… သမီး ပန်းရနံ့ရယ်၊ လိပ်ပြာလေးရဲ့ လွတ်လပ်မှုရယ်၊ ငှက်မိခင်ရဲ့ မျက်လုံးထဲမှာ တွေ့မြင်ရတဲ့ ကျေးဇူးတရားရယ် ဒါတွေကိုပဲ ယူဆောင်လာခဲ့ပါတယ်။ ဆရာမကို သမီး ယူဆောင်လာခဲ့တဲ့အရာတွေ ဘယ်လို ပြရမလဲ မသိဘူး”
ဆရာမက အဲဒီကျောင်းသူလေးကို ချီးကျူးစကား ပြောဆိုလိုက်ပြီးနောက် အဆင့်တစ် ပေးလိုက်ပါတယ်။ အဲဒီကျောင်းသူလေးဟာ “ကျွန်တော်တို့ နှလုံးသားထဲမှာ မေတ္တာထားနိုင်တယ်”ဆိုတဲ့ သဘောတရားကို နားလည်သဘောပေါက်ခဲ့တဲ့ တစ်ဦးတည်းသောသူဖြစ်တယ်လို့ ဆရာမက စဉ်းစားမိခဲ့လို့ပါပဲ။  

အချစ်ဆိုတာ ရယူဖို့၊ ဆွဲနုတ်ဖို့၊ အကျပ်ကိုင်ဖို့၊ အနိုင်ရဖို့၊ ဆုံးရှုံးဖို့ မဟုတ်ဘူး။
အချစ်ဆိုတာ နှလုံးသားထဲမှာ သယ်ဆောင်ထားတဲ့ သတိရခြင်း၊ ပျော်ရွှင်ခြင်းပဲဖြစ်တယ်။
 ချစ်တတ်ခြင်းဆိုတာ လွတ်လပ်ခြင်းနဲ့ လွတ်လပ်စွာ နေခွင့်ပြုလိုက်ခြင်းပါပဲ။
နေလင်းအောင်


Ref; We Can Only Bring Love In the Heart by Unknown Author

Tuesday, August 20, 2013

လွယ်လွယ်ပြောကြား အင်္ဂလိပ်စကား



Easy English Speaking for Beginners

နေလင်းအောင်

1.Who are you?
ခင်ဗျားနာမည် ဘယ်သူလဲ။
A. What’s your name?
B. My name is Tun Tun. What’s yours?
က။ ခင်ဗျားနာမည် ဘယ်သူလဲ။
ခ။ ကျွန်တော့်နာမည် ထွန်းထွန်းပါ။ ခင်ဗျားနာမည်ရော..။
A. Mine is Kyaw Kyaw.
B. Where do you live?
က။ ကျွန်တော့်နာမည် ကျော်ကျော်ပါ။
ခ။ ခင်ဗျား ဘယ်မှာနေလဲ။
A. I live in Yangon, and you?
B. I live in Mandalay.
က။ ကျွန်တော် ရန်ကုန်မှာ နေပါတယ်။ ခင်ဗျားရော ဘယ်မှာနေလဲ။
ခ။ ကျွန်တော် မန္တလေးမှာ နေပါတယ်။
A. It’s nice to meet you.
B. It’s nice to meet you too.
က။ ခင်ဗျားနဲ့တွေ့ဆုံရတာ ဝမ်းသာပါတယ်။
ခ။ ကျွန်တော်လည်း ခင်ဗျားနဲ့တွေ့ရတာ ဝမ်းသာပါတယ်။

2. Going to the park
ပန်းခြံသို့ သွားခြင်း
A. Where are you going?
B. I am going to the park.
က။ ခင်ဗျား ဘယ်သွားမလို့လဲ။
ခ။ ကျွန်တော် ပန်းခြံထဲ သွားမလို့။

A. What will you do there?
B. I will play football.
က။ ပန်းခြံထဲမှာ ခင်ဗျား ဘာလုပ်မှာလဲ။
ခ။ ကျွန်တော် ဘောလုံးကန်မယ်။
A. Who will you play with?
B. My friends.
က။ ဘယ်သူတွေနဲ့ ကစားမှာလဲ။
ခ။ ကျွန်တော့် သူငယ်ချင်းတွေနဲ့လေ။
A. May I play too?
B. Yes, you may.
က။ ကျွန်တော်ရော အတူကစားလို့ ရမလား။
ခ။ ဟုတ်ကဲ့ …ကစားလို့ ရပါတယ်။

3. School time
ကျောင်းချိန်
A. What time do you go to school?
B. I go at 7am.
က။ ခင်ဗျား ဘယ်အချိန် ကျောင်းသွားလဲ။
ခ။ ကျွန်တော် နံနက် (၇)နာရီ ကျောင်းသွားပါတယ်။
A. How do you get to school?
B. I get to school by bus.
က။ ခင်ဗျား ကျောင်းကို ဘာနဲ့ သွားလဲ။
ခ။ ကျွန်တော် ဘက်စ်ကားနဲ့ သွားပါတယ်။
A. What grade are you in?
B. The 6th grade.
က။ ခင်ဗျား ဘယ်အတန်းမှာ တက်နေတာလဲ။
ခ။ ကျွန်တော် ငါးတန်းမှာ တက်နေတာပါ။
 A. Do you have fun at school?
B. Yes, I do.
က။ ခင်ဗျား ကျောင်းမှာ ပျော်လား။
ခ။ ဟုတ်ကဲ့။ ကျွန်တော် ပျော်ပါတယ်။

4. Homework
အိမ်စာ
A. What are you doing?
B. I’m doing my homework.
က။ ခင်ဗျား ဘာလုပ်နေတာလဲ။
ခ။ ကျွန်တော် အိမ်စာ လုပ်နေတာပါ။
A. Which class is it for?
B. It’s for Math class.
က။ ဘယ် ဘာသာအတွက်လဲ။
ခ။ သင်္ချာအတွက်ပါ။
A. Is it hard?
B. No, it’s not.
က။ သင်္ချာဘာသာက ခက်လား။
ခ။ ဟင့်အင်..မခက်ဘူးဗျ။
A. Will you help me with mine?
B. Yes, I will.
က။ ကျွန်တော့် အိမ်စာတွေရော ကူညီပေးနိုင်မလား။
ခ။ ဟုတ်ကဲ့… ကျွန်တော် ကူညီပေးပါမယ်။

5. My birthday
မွေးနေ့
A. When is your birthday?
B. My birthday is on August the 14th.
က။ ခင်ဗျား မွေးနေ့က ဘယ်တော့လဲ။
ခ။ ကျွန်တော့်မွေးနေ့က သြဂုတ်လ (၁၄)ရက်နေ့ပါ။
A. Mine is on May the 3rd.
B. Do you have a party on that day?
က။ ကျွန်တော့် မွေးနေ့ကတော့ မေလ (၃)ရက်နေ့ပါ။
ခ။ ခင်ဗျား မွေးနေ့မှာ ဧည့်ခံပွဲ ကျင်းပမှာလား။
A. Yes, I do. Do you?
B. Yes, we have lots of fun.
က။ ဟုတ်ကဲ့ ကျွန်တော် ကျင်းပမှာပါ။ ဒါနဲ့ ခင်ဗျားရော…။
ခ။ ဟုတ်ကဲ့… ကျွန်တော်တို့ ပျော်ရွှင်စရာမျိုးစုံ ပြုလုပ်ကြမှာလေ။
A. What do you do?
B. We play games and eat cake.
က။ ခင်ဗျားတို့ ဘာတွေ လုပ်မှာလဲဗျ။
ခ။ ကျွန်တော်တို့ ကစားနည်းမျိုးစုံကစားပြီး၊ ကိတ်မုန့် စားကြမှာလေ။
နေလင်းအောင်


သံယောဇဉ် တိုးပွားအောင် ပြုလုပ်ခြင်း




ကျွန်တော် ကလေးဘဝတုန်းက အမေဟာ မကြာခဏဆိုသလို ညစာအတွက် တစ်ခုခု ပြုလုပ်ပေးလေ့ ရှိခဲ့ပါတယ်။ အမေ အလုပ်ခွင်မှာ တစ်နေကုန် ပင်ပင်ပန်းပန်း အလုပ်လုပ်ခဲ့ရပြီးနောက် ကျွန်တော်တို့အတွက် ညစာပြုလုပ်ပေးခဲ့တဲ့ ညတစ်ညကိုတော့ အထူးမှတ်မိနေပါသေးတယ်။  အဲဒီညတုန်းက အမေဟာ ကျွန်တော့်အဖေရဲ့ ရှေ့မှာ ကြက်ဥပန်းကန်ရယ်၊ အစာသွပ် အသားချောင်းရယ်၊ အလွန်တူးနေတဲ့ ဘီစကွတ်မုန့်တွေကို ချလိုက်ပါတယ်။ ဒါကို တစ်ယောက်ယောက်များ သတိထားမိသလားလို့ ကျွန်တော် စောင့်ကြည့်နေခဲ့မိတာ သတိရပါသေးတယ်။ ဒါပေမဲ့ အဖေဟာ သူ့ရဲ့ ဘီစကွတ်မုန့်ကို လှမ်းယူကာ အမေ့ကို ပြုံးပြီးနောက် ကျွန်တော့်ကို ကျောင်းမှာ အဆင်ပြေရဲ့လားလို့ မေးလိုက်ပါတယ်။ အဲဒီညက အဖေကို ကျွန်တော် ဘာပြန်ပြောခဲ့သလဲဆိုတာ မမှတ်မိတော့ပေမဲ့ ဘီစကွတ်တွေအပေါ် ထောပတ်နဲ့ ဂျယ်လီတွေသုတ်လိမ်းပြီး တစ်ကိုက်ချင်း ကိုက် စားနေတဲ့ အဖေကို စောင့်ကြည့်နေခဲ့မိတာကိုတော့ အသေအချာ မှတ်မိပါသေးတယ်။
အဲဒီနေ့ညက ကျွန်တော် စားပွဲမှ ထလိုက်တဲ့အချိန်မှာပဲ ဘီစကွတ်တွေ ကျွမ်းသွားခဲ့တဲ့အတွက် အမေက အဖေ့ကို တောင်းပန်စကားဆိုလိုက်တာ ကြားလိုက်မိပါတယ်။ ပြီးတော့ အဖေပြောလိုက်တဲ့ “ရှင်မရယ် ဘီစကွတ်တူးတူးလေးတွေ ကိုယ် နှစ်သက်ပါတယ်”ဆိုတဲ့ စကားကိုတော့ ဘယ်တော့မှ မမေ့နိုင်ခဲ့ပါဘူး။ အဲဒီနေ့ည နောက်ပိုင်းမှာ ကျွန်တော်ဟာ အဖေ့ဆီသွားကာ နှုတ်ဆက်အနမ်းပေးပြီးနောက် ချိုးတူးနေတဲ့ ဘီစကွတ်မုန့်တွေကို တကယ်ကြိုက်တာလားလို့ မေးခဲ့ပါတယ်။ အဖေက ကျွန်တော့်ကို သိုင်းဖက်ပြီး ပြောလိုက်ပါတယ်။ “ဒီနေ့ သားအမေဟာ အလုပ်ခွင်မှာ အလွန်အလုပ်လုပ်ခဲ့ရလို့ ပင်ပန်းနေပြီပဲ။ ပြီးတော့ ဘီစကွတ်မုန့်လေး နည်းနည်းလောက် တူးသွားတာနဲ့ မည်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်နာကျင်မှု မဖြစ်စေသင့်ပါဘူး”တဲ့။
သင်ခန်းစာ။ ။ဘဝဆိုတာ မပြည့်စုံတဲ့အရာတွေ၊ မပြည့်စုံတဲ့လူတွေနဲ့ ပြည့်နေပါတယ်။ ကျွန်တော်လည်း တစ်ခုလောက်မှာပင် အကောင်းဆုံး မဖြစ်သေးပါ။ ပြီးတော့ အခြားလူတွေလိုပဲ မွေးနေ့တွေ၊ နှစ်ပတ်လည်နေ့တွေကိုလည်း မေ့နေခဲ့ပါတယ်။ ဒါပေမဲ့ နှစ်များစွာအကြာမှာ ကျွန်တော် သိရှိခဲ့တာကတော့ အချင်းချင်း တစ်ဦးရဲ့ အားနည်းချက်ကို တစ်ဦးက လက်ခံနိုင်ဖို့ သင်ယူခြင်းပါပဲ။ ပြီးတော့ ကောင်းမွန်ပြည့်စုံတဲ့ သံယောဇဉ်နှောင်ကြိုး တိုးပွားလာအောင် ဖမ်းတီးပေးနိုင်တဲ့ အရေးအကြီးဆုံး သော့ချက်တွေထဲက တစ်ခုကတော့ တစ်ဦးရဲ့ ကွဲပြားခြားနားချက်ကို တစ်ဦးက ချီးကျူးဂုဏ်ပြု ပေးလိုက်ခြင်းပါပဲ။
နေလင်းအောင်
Ref: Making Relations Special by Unknown Author


Sunday, August 18, 2013

ကျေးဇူးတင်ခြင်း




လွန်ခဲ့သော နှစ်အနည်းငယ်က စင်္ကာပူနိုင်ငံတွင် လက်ထပ်မင်္ဂလာပွဲပြီးနောက် သတို့သမီးရဲ့ ဖခင်က သမက်ဖြစ်သူကို ခေါ်ကာ အိမ်ထောင်သည်ဘဝ ပျော်ပျော်ရွှင်ရွှင်နဲ့ အသက်ထက်ဆုံး ပေါင်းသင်းနေထိုင်နိုင်စေဖို့ အကြံပေးစကား အနည်းငယ်ကို ပြောဆိုလိုက်ပါတယ်။ “မင်း ငါ့သမီးကို သိပ် ချစ်မယ် ထင်တယ်”လို့ သူက လူငယ်လေးကို ပြောဆိုလိုက်ပါတယ်။
“အို အသေအချာပဲပေါ့”လို့ လူငယ်လေးက သက်ပြင်းချရင်း ပြောဆိုလိုက်ပါတယ်။
“ပြီးတော့ ငါ့သမီးဟာ ဒီကမ္ဘာမှာ အံ့သြစရာအကောင်းဆုံးလူပဲ ဖြစ်လိမ့်မယ်လို့ တွေးထင်ထားတယ် မဟုတ်လား”လို့ အဘိုးကြီးက ဆက်လက်ပြောဆိုပြန်တယ်။
“သူမက အရာအားလုံးတော့ မပြည့်စုံပါဘူး”လို့ လူငယ်လေးက ပြန်ပြောပါတယ်။
“ဒါကြောင့်လည်း မင်း လက်ထပ်ခဲ့တာကိုး”လို့ အဘိုးကြီးက ပြောလိုက်ပါတယ်။ “ဒါပေမယ့် နှစ်အနည်းငယ်အကြာမှာ ငါ့သမီးမှာ အားနည်းချက်တွေ တွေ့လာလိမ့်မယ်။ သမီးရဲ့ အားနည်းချက်တွေ စတင်တွေ့ရှိလာတဲ့အခါ ဒါလေးကိုတော့ သတိရစေချင်ပါတယ်။ သမီးမှာ ဒီအားနည်းချက်မျိုး အစကတည်းက မရှိခဲ့ဘူးဆိုရင် မင်းထက် အများကြီးပိုသာတဲ့ လူတစ်ဦးနဲ့ လက်ထပ်ခဲ့မှာပေါ့”
ဒါကြောင့် ကျွန်တော်တို့လည်း အိမ်ထောင်ဖက်ရဲ့ အားနည်းချက်တွေကို အမြဲတမ်း ကျေးဇူးတင်သင့်ပါတယ်။  အကြောင်းကတော့ အစကတည်းက သူတို့မှာ ဒီအားနည်းချက်မျိုး မရှိဘူးဆိုရင် ကျွန်တော်တို့ထက် အများကြီးပိုသာတဲ့ တစ်ဦးဦးနဲ့ လက်ထပ်ခဲ့မှာပေါ့။
-----------------------------------------------------------------------------------
လူတွေဟာ အများအားဖြင့် သမီးရည်းစားဘဝမှာ တစ်ဦးရဲ့ အားနည်းချက်ကို တစ်ဦးက အပြစ်မမြင်ဘဲ နားလည်မှုရှိရှိ ချစ်ခင်တတ်ကြပါတယ်။ လက်ထပ်ပြီးလို့ နှစ်အတန်ကြာတဲ့အခါ တစ်ဦးအပေါ်တစ်ဦး စိတ်ဝင်စားမှု လျော့နည်းလာတတ်တယ်။ ဒီအခြေအနေမျိုးမှာ တစ်ဦးရဲ့ အားနည်းချက်ကို တစ်ဦးက တွေ့မြင်လာမယ်ဆိုရင်တော့ ပိုဆိုးသွားစေတတ်ပါတယ်။
တကယ်တော့ အားနည်းချက်ဆိုတာ လက်မထပ်ခင်ကတည်းက ရှိနေပြီးသားပါ။ ဒီအားနည်းချက်သာ မရှိဘူးဆိုရင် သင့်ထက်ပိုသာတဲ့ လူတစ်ဦးဦးနဲ့ လက်ထပ်ခဲ့မှာပေါ့။
ကိုယ့်ဘဝ လက်တွဲဖော်ရဲ့ အားနည်းချက်ကို အပြစ်မမြင်ဘဲ စာနာမှု၊ နားလည်ဂရုစိုက်မှု၊ နှစ်သိမ့်ပေးမှုတို့ဖြင့် ဆက်လက်ပြီး ချစ်မြတ်နိုးသင့်ပါတယ်။ ဒီအားနည်းချက်ကြောင့် တစ်ဦးကိုတစ်ဦး ဂရုစိုက်ပေးမယ်ဆိုရင် မေတ္တာနှောင်ကြိုး ပိုးတိုးခိုင်မြဲစေပါတယ်။
ဒါကြောင့် အိမ်ထောင်သည်ဘဝ အသက်ထက်ဆုံး ပေါင်းသင်းနေထိုင်နိုင်ဖို့အတွက် ဘဝလက်တွဲဖော်ရဲ့ အရှိကို အရှိအတိုင်း နားလည်လက်ခံပြီး နှစ်သိမ့်ကြင်နာပေးတတ်ဖို့ လိုအပ်ပါတယ်။
နေလင်းအောင်
Gratitude by AJANN BRAHM

Friday, August 16, 2013

အင်ဂျင်နီယာတစ်ဦးရဲ့ ချစ်ပုံပြင်

**********************


(၁) ကျွန်တော် ဆယ့်နှစ်နှစ်
     သူမ ဆယ့်နှစ်နှစ်
    (ကျွန်တော်တို့နှစ်ဦး ချစ်ကြိုက်ခဲ့)
(၂) ကျွန်တော် B.Tech တက်ရောက်
     သူမ BA ဘွဲ့ရ
(၃) ကျွန်တော် B.Tech တက်ရောက်ဆဲ
     သူမ M.A ဘွဲ့ရ
(၄) ကျွန်တော် M.TECH ဝင်ခွင့် ပြင်ဆင်နေဆဲ
      သူမ (အခြားတစ်ယောက်နဲ့) လက်ထပ်သွား
(၅) ကျွန်တော် M.TECH တက်ရောက်ဆဲ
     သူမ ကလေးနှစ်ယောက် အမေဖြစ်
(၆) ကျွန်တော် PH.D တန်း တက်ရောက်
     သူမသမီး ပထမတန်း တက်ရောက်
(၇) ကျွန်တော် ဒေါက်တာဘွဲ့ရ
     သူမသမီး ဆယ်တန်းအောင်မြင်
(၈) ကျွန်တော် အလုပ်ရ
     သူမသမီး ကောလိပ်တက်
 
ကံကြမ္မာလှည့်ကွက်

(၉) ဒီနေ့ ကျွန်တော်လက်ထပ်
     သူမသမီးက ကျွန်တော့်ဇနီးဖြစ်
နေလင်းအောင် ဘာသာပြန်ဆိုသည်။
 Ref, LOVE STORY OF ENGINEER via Computer Expert

      

       ဆရာတစ်ယောက်က ကျောင်းသားတစ်ယောက်ကို အရုပ်သုံးရုပ်ပြပြီး မတူညီတာတွေ ရှာဖွေဖို့ ပြောလိုက်ပါတယ်။ အရုပ်သုံးရုပ်လုံးဟာ ပုံစံ၊ အရွယ်အစားနဲ့ အသုံးပြုထားတဲ့ ပစ္စည်းတွေ တူညီနေပုံရှိပါတယ်။ သေသေချာချာ စစ်ဆေးကြည့်ရူ့ပြီးနောက် ကျောင်းသားဟာ အရုပ်များမှာ  အပေါက်တွေကို တွေ့လိုက်ပါတယ်။ ပထမအရုပ်မှာ နားနှစ်ဖက်လုံး အပေါက်တွေ ရှိတယ်။ ဒုတိယအရုပ်မှာ နားနဲ့ ပါးစပ်မှာ အပေါက်တွေရှိတယ်။ တတိယအရုပ်မှာ နားတစ်ဖက်တည်းသာ အပေါက်ပါရှိပါတယ်။
        အဲဒီနောက် ကျောင်းသားဟာ အပ်တစ်ချောင်းကို ပထမအရုပ်ရဲ့ နားတစ်ဖက်ထဲ ထိုးသွင်းလိုက်တယ်။ အပ်ဟာ အခြားနားတစ်ဖက်ကနေ ပြန်ထွက်လာတယ်။ ဒုတိယအရုပ်မှာ နားထဲ အပ်ထိုးသွင်းလိုက်တော့ ပါးစပ်ကနေ ပြန်ထွက်လာပြန်တယ်။ တတိယအရုပ်ရဲ့ နားထဲ အပ်ထိုးသွင်းလိုက်တော့ ဘယ်နေရာမှ ထွက်ပေါ်လာခြင်း မရှိပါဘူး။
         ပထမအရုပ်က သင့်ပတ်ဝန်းကျင်မှာ သင်ပြောသမျှ အားလုံး နားထောင်ပေးပြီး သင့်အတွက် ထိန်းသိမ်းပေးမယ်လို့ အထင်ကြီးခံရအောင် လုပ်နေတဲ့ လူတွေကို ရည်ညွှန်းပါတယ်။ သူတို့က တကယ်တော့ ဟန်ဆောင်နေကြတာပါ။ အရုပ်မှာ အပ်ဟာ အခြားနားတစ်ဖက်ကနေ ပြန်ထွက်ပေါ်လာသလိုပဲ၊ သူတို့ကလည်း သင့်စကားတွေကို နားထောင်ပေးပြီးနောက် သူတို့အပေါ် ယုံကြည်စိတ်ချစွာ ပြောဆိုခဲ့တဲ့ သင့် စကားတွေကို ပြန်လည် ပြန့်ပွားစေပါတယ်။ ဒါကြောင့် သင့်ပတ်ဝန်းကျင်မှာ သင့်ကို အလေးအနက်မထားတတ်တဲ့  ဒီလိုလူစားမျိုးတွေနဲ့ စကားပြောဆိုတဲ့အခါ ဆင်ခြင်ပြောဆိုပါ။
       ဒုတိယအရုပ်ကလည်း သင်ပြောသမျှ အရာအားလုံး နားထောင်ပေးပြီး သင့်အတွက် ထိန်းသိမ်းဆင်ခြင်ပေးမယ်လို့ အထင်ကြီးခံရအောင် လုပ်နေတဲ့ လူတွေကိုပဲ ရည်ညွှန်းပါတယ်။ ဒါပေမယ့် ဒီအရုပ်မှာလည်း အပ်ဟာ ပါးစပ်ထဲက ထွက်လာတယ်မဟုတ်လား။ အဲဒီလူမျိုးတွေဟာ သူတို့ကိုယ်ကျိုးအတွက် သင့်ကိုဆန့်ကျင်ပြီး သင့်စကားတွေကို အခြားသူတွေထံ ပြန်လည် ပြောဆိုကြပါတယ်။
        တတိယအရုပ်မှာ အပ်ဟာ ဘယ်နေရာမှ ပြန်ထွက်မလာပါဘူး။ အဲဒီလူမျိုးတွေဟာ သူတို့အပေါ်ထားတဲ့ သင့်ရဲ့ ယုံကြည်စိတ်ချမှုကို ဆက်လက်ပြီး ထိန်းသိမ်းထားပါလိမ့်မယ်။ သူတို့ဟာ သင် ယုံကြည်စိတ်ချသင့်တဲ့ လူစားမျိုးတွေပါပဲ။

သင်ခန်းစာ။ ။သစ္စာရှိပြီး ယုံကြည်စိတ်ချလောက်တဲ့ လူတစ်ယောက်ယောက်နဲ့ အမြဲတမ်း အပေါင်းအသင်းလုပ်ပါ။ သင် ပြောသမျှ အားလုံး နားထောင်ပေးတတ်တဲ့ လူတိုင်းဟာ အလိုအပ်ဆုံးအချိန်မှာ ယုံကြည်စိတ်ချလောက်တဲ့ လူစားမျိုးဖြစ်ဖို့ကတော့ အမြဲတမ်း မသေချာပါဘူး။ 
 နေလင်းအောင်
Ref ;The Three Types of People by Unknown Author

Tuesday, August 13, 2013

ဟိုတယ် စာရေး




လွန်ခဲ့သော နှစ်ပေါင်းများစွာက လေမိုးထန်သော ညတစ်ညမှာ အဘိုးကြီးနဲ့ ဇနီးဖြစ်သူတို့ဟာ အမေရိကန်ပြည်ထောင်စု ဖီလာဒီဖီးယားရှိ ဟိုတယ်လေးတစ်လုံးရဲ့ ဧည့်ခန်းလေးထဲ ဝင်လာခဲ့ပါတယ်။ သူတို့စုံတွဲဟာ မိုးခိုဖို့ ကြိုးစားရင်း တစ်ညတာ ခိုလှုံရာရရန် မျှော်လင့်လျှက် ဧည့်ကြိုစားပွဲဆီ ရောက်လာကြပါတယ်။
 “ကျွန်တော်တို့အတွက် အခန်းတစ်ခန်းလောက် ရနိုင်မလား” လို့ အမျိုးသားဖြစ်သူက မေးလာပါတယ်။
ဖော်ရွေတတ်တဲ့ စာရေးက စုံတွဲကို နှစ်လိုဖွယ်ရာ ပြုံးကြည့်ရင်း မြို့ထဲတွင် အစည်းအဝေး သုံးခုရှိကြောင်း ရှင်းပြခဲ့ပါတယ်။
“အခန်းအားလုံး ပြည့်နေပါပြီ”လို့ စာရေးက ပြောဆိုပါတယ်။ “ဒါပေမဲ့ မွန်ရည်တဲ့ ခင်ဗျားတို့စုံတွဲကို နံနက်တစ်နာရီ အချိန်မျိုးမှာ မိုးရွာကြီးထဲ မလွှတ်ရက်ပါဘူး။ ကျွန်တော့်အခန်းထဲ အိပ်နိုင်မလား။ ပရိဘောဂပစ္စည်း အစုံအလင် မရှိပေမဲ့ ခင်ဗျားတို့နှစ်ယောက် သက်သောင့်သက်သာ အနားယူဖို့အတွက်တော့ လုံလောက်ပါတယ်”
စုံတွဲက ငြင်းဆိုတဲ့အခါ လူငယ်လေးက ဆက်လက်ပြောဆပြန်တယ်။ “ကျွန်တော့်အတွက်  မပူပါနဲ့ဗျာ။ ကျွန်တော် အဆင်ပြေအောင် လုပ်လိုက်ပါမယ်” လို့ စာရေးက သူတို့ကို ရှင်းပြခဲ့ပါတယ်။
ဒီတော့မှ စုံတွဲက (သူ့အခန်းထဲအိပ်ဖို့) သဘောတူလိုက်တယ်။
နောက်တစ်နေ့နံနက်တွင် အဘိုးကြီးက စာရေးကို ငွေပေးချေရင်း ပြောဆိုလိုက်ပါတယ်။ “ခင်ဗျားဟာ ကြင်နာတတ်တဲ့ မန်နေဂျာတစ်ယောက်ပါ။ အကောင်ဆုံး ဟိုတယ်ရဲ့ သူဌေးပဲ ဖြစ်သင့်ပါတယ်။ တစ်နေ့နေ့မှာတော့ ကျွန်တော် ခင်ဗျားအတွက် အကောင်းဆုံးဟိုတယ်တစ်လုံး တည်ဆောက်ပေးနိုင်ကောင်းပါရဲ့”
စာရေးက သူတို့ကိုကြည့်ရင်း ပြုံးလိုက်ပါတယ်။ သူတို့သုံးယောက်လုံး ပျော်ရွှင်နေခဲ့ကြပါတယ်။ သူတို့စုံတွဲ ကားမောင်းထွက်လာစဉ် ဖော်ရွှေမှုရော၊ အကူအညီပေးမှုရော နှစ်မျိုးလုံးရှိတဲ့ လူမျိုးဟာ တွေ့ဆုံရဖို့ ခက်ခဲပေမယ့် ဒီစာရေးကတော့ ခြွင်းချက်ပင်ဖြစ်ကြောင်း အဘိုးကြီးက လက်ခံသဘောတူလိုက်ပါတယ်။
နှစ်နှစ်တာ ကုန်ဆုံးခဲ့ပေပြီ။ စာရေးဟာ ဒီအဖြစ်အပျက်ကို မေ့ပျောက်လုနီးပါး ဖြစ်နေတဲ့အချိန်မှာ အဘိုးကြီးထံကနေ စာတစ်စောင် လက်ခံရရှိခဲ့ပါတယ်။ စာထဲမှာ လေမိုးထန်တဲ့ ညတစ်ညအကြောင်း ပြန်ပြောပြထားပြီး လူငယ်လေးကို နယူးယောက်မြို့သို့ အလည်လာရောက်ဖို့ အသွားအပြန် လက်မှတ်တစ်စုံကိုလည်း စာအိတ်ထဲ ထည့်ပေးလိုက်ပါတယ်။
အဘိုးကြီးက သူ့ကို နယူးယောက်မှာ တွေ့တဲ့အခါ ရိပ်သာ(၅)လမ်းနဲ့ (၃၄)လမ်းထောင့်သို့ ဦးဆောင်ခေါ်သွားပါတယ်။ အဲဒီနောက် သူဟာ ကောင်းကင်ပြင်ထိ ထိုးထွက်နေတဲ့ မျှော်စင်တွေနဲ့အတူ နီကြန်ကြန် ကျောက်တုန်းများဖြင့် တည်ဆောက်ထားတဲ့ အဆောက်အဦးအသစ်ကြီးကို ညွှန်ပြလိုက်ပါတယ်။
 “ခင်ဗျား စီမံအုပ်ချုပ်ဖို့အတွက် ဒီဟိုတယ်ကို ကျွန်တော် တည်ဆောက်ထားတာပါ”လို့ အဘိုးကြီးက ပြောလိုက်ပါတယ်။
“ခင်ဗျား ရယ်စရာ ပြောနေတာပဲ ဖြစ်ရမယ်”လို့ လူငယ်လေးက ပြောပါတယ်။
 “ကျွန်တော် ရယ်စရာ ပြောတာမဟုတ်ကြောင်း အာမခံရဲပါတယ်”လို့ အဘိုးကြီးက ဝေခွဲရခက်သော အပြုံးဖြင့် ပြောဆိုလိုက်ပါတယ်။
အဘိုးကြီးရဲ့ နာမည်ကတော့ ဝီလီယံ ဝေါ့ဒေါ့ဖ် အက်စ်တာဖြစ်ပြီး ခမ်းနားတဲ့ အဆောက်အဦး အသစ်ကြီးကတော့ ဝေါ့ဒေါ့ဖ် အက်စ်တိုရီးယား ဟိုတယ်ဖြစ်ပါတယ်။ ဒီဟိုတယ်ရဲ့ ပထမဦးဆုံး မန်နေဂျာဖြစ်လာတဲ့ စာရေးလေးကတော့ ဂျော့ဂ်ျ စီဘိုးဒ်ထ် ဖြစ်ပါတယ်။ လူငယ်စာရေးလေးဟာ သူပြုလုပ်ပေးခဲ့တဲ့ လုပ်ရပ်ကြောင့် ကမ္ဘာ့အကောင်းဆုံးဟိုတယ်တစ်ခုရဲ့ မန်နေဂျာ ဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ မစဉ်းစားခဲ့မိပါဘူး။ 
နေလင်းအောင်
Ref; The Hotel Clerk by Unknown Author

ဘဝဆိုတာ ပဲစေ့ဘူး တစ်ဘူးလိုပါ





        ကျွန်တော်ရဲ့ ပထမဇနီး ဂျော်ဂျီယာ သေဆုံးသွားပြီးနောက် ရက်သတ္တပတ် အနည်းငယ်အကြာတွင် ကျွန်တော်ဟာ သားဖြစ်သူနဲ့ ကျွန်တော့်အတွက် ညစာ ချက်ပြုတ်နေခဲ့ပါတယ်။ အသီးအရွက် ဟင်းအတွက်တော့ စည်သွတ်ဘူးထဲက ပဲစေ့တွေကိုပဲ ချက်ပြုတ်စားသောက်ဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်။ ပဲစေ့ဘူးကို ဖွင့်လိုက်တဲ့အချိန်မှာ လက်ထဲက လွတ်ကျပြီး ကြမ်းပြင်ပေါ် ကျသွားပါတယ်။ ပဲစေ့တွေဟာ ဂေါ်လီလုံးတွေလို နေရာအနှံ့ လိမ့်ဆင်းသွားပါတယ်။ တံမြက်စည်းတစ်ချောင်းနဲ့ လှဲဖို့ ကြိုးစားလိုက်ပေမဲ့ တစ်ချက်လှဲလိုက်တိုင်း ပဲစေ့တွေဟာ မီးဖိုချောင် ကြမ်းပြင်ပေါ် လိမ့်ဆင်းကာ အခြားတစ်ဖက်ရှိ နံရံကို ထိမှန်ပြီးနောက် ပြန်လိမ့်ဆင်းလာပြန်တယ်။
        အဲဒီအချိန်တုန်းက ကျွန်တော်ရဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေဟာ အထိမခံ ဖြစ်နေခဲ့ပါတယ်။ ဇနီးတစ်ဦး ဆုံးရှုံးရခြင်းဟာ ခံရခက်ခဲတဲ့ ဝေဒနာ တစ်ခုပါ။ ကျွန်တော်ဟာ လေးဘက်ထောက်ပြီး ပဲစေ့တွေကို စုပုံရှင်းလင်းဖို့ ကြိုးစားပါတယ်။ ပဲစေ့တွေကောက်နေတုန်း ကျွန်တော်ဟာ ပြုံးတလှည့် ငိုတလှည့် ဖြစ်နေရပါတယ်။ ဖြစ်ပျက်လာသမျှ ရယ်စရာတွေ တွေ့မြင်ခဲ့ပေမဲ့ ဝမ်းနည်းပူဆွေးနေတဲ့ လူတစ်ဦးအတွက်တော့ ကြာရှည်မခံခဲ့ပါဘူး။
        နောက်တစ်ပတ်မှာ မီးဖိုချောင်ထဲ ကျွန်တော်ရောက်တဲ့အချိန်တိုင်း ပထမအကြိမ် ရှင်းလင်းတုန်းက ကျန်နေခဲ့တဲ့ ပဲစေ့တစ်စေ့စေ့ကို တွေ့မြင်မိပါတယ်။ အခန်းထောင့်တစ်နေရာမှာ၊ စားပွဲခြေထောက် နောက်ဘက်မှာ၊ ဖျာအစွန်း အနားဖွာနေတဲ့နေရာမှာ၊ ဒါမှမဟုတ် အပူပေးစက်ရဲ့ အောက်ဘက်မှာ ပဲစေ့တွေကို ပြန်တွေ့မိပါတယ်။ နောက် ရှစ်လအကြာမှာ ရေခဲသေတ္တာကို ရှင်းဖို့ ဆွဲထုတ်လိုက်တော့ အောက်ဘက်မှာ ပုန်းကွယ်နေတဲ့ မာခဲနေပြီဖြစ်တဲ့ ပဲစေ့ တစ်ဒါဇင်လောက်ကို တွေ့မြင်ခဲ့ပါတယ်။
        ကျန်ရှိနေတဲ့ အဲဒီပဲစေ့တွေကို တွေ့ရတဲ့အချိန်မှာပဲ ကျွန်တော်ဟာ မုဆိုးဖိုနှင့် မုဆိုးမများ ကူညီထောက်ပံ့ရေးအဖွဲ့တစ်ခုမှာ နှစ်လိုဖွယ်ကောင်းတဲ့ အမျိုးသမီးတစ်ဦးနဲ့ တွေ့ဆုံချစ်ကြိုက်ခဲ့ပါတယ်။ ကျွန်တော်တို့နှစ်ဦး လက်ထပ်ပြီးနောက် ကျွန်တော်ဟာ ရေခဲ့သေတ္တာအောက်မှာ ရှိနေခဲ့တဲ့ ပဲစေ့တွေကို သတိရသွားမိပါတယ်။ ကျွန်တော့်ဘဝဟာလည်း အဲဒီပဲစေ့ဘူးနဲ့ တူညီကြောင်း သဘောပေါက်လာခဲ့တယ်။ ပဲစေ့တွေ လွင့်စင်သွားသလို ကျွန်တော့်ဘဝဟာလည်း ပြောင်းလဲခဲ့ပါတယ်။ ကျွန်တော်ဟာ အခြားမြို့တစ်မြို့မှာ အလုပ်များတဲ့ အလုပ်တစ်ခုကို လုပ်ကိုင်နေခဲ့ရပြီး၊ သားဖြစ်သူဟာလည်း မိခင်ဆုံးရှုံးမှုကြောင့် ပတ်ဝန်းကျင်အသစ်မှာ သဟဇာတဖြစ်ဖို့ ဒုက္ခရောက်နေခဲ့ပါတယ်။ ကျွန်တော်ရဲ့ အခြေအနေဟာ ဆိုးရွားနေခဲ့တယ်။ ကျွန်တော်ဘဝဟာ လွင့်စင်ကျသွားတဲ့ ပဲစေ့ဘူးလို ပရမ်းပတာ ဖြစ်နေခဲ့ပါတယ်။        
သင့်ဘဝ နိမ့်ကျသွားတဲ့အခါ၊ အစစ အရာရာ အဆင်မပြေ ဖြစ်သွားတဲ့အခါ၊ ခက်ခဲကြမ်းတမ်းတဲ့ အချိန်ကာလတွေကို ဘယ်တော့မှ ကျော်ဖြတ်နိုင်မှာ မဟုတ်ဘူးလို့ တွေးထင်မိတဲ့အခါ ဒါဟာ ပြန့်ကျဲနေတဲ့ ပဲစေ့တွေလိုပဲလို့ သတိရစေချင်ပါတယ်။ ပဲစေ့တွေကို ပြန်လည်ကောက်ယူနိုင်သလို ဘဝဟာလည်း ပြန်ပြီး အဆင်ပြေသွားပါလိမ့်မယ်။ ပဲစေ့အားလုံး သင် ပြန်ပြီး တွေ့ပါလိမ့်မယ်။ အရင်ဆုံး လွယ်ကူတဲ့ ပဲစေ့တွေ ပြန်ပြီး စုပုံနိုင်ပါလိမ့်မယ်။ သင်ဟာ အဲဒီပဲစေ့တွေကို ကောက်ယူပြီး ဆက်လက် လုပ်ဆောင်နေရပါမယ်။ နောက်ပိုင်းမှာ အရွယ်အစားပိုကြီးပြီး တွေ့ဖို့ခက်ခဲတဲ့ ပဲစေ့တွေ တွေ့လာပါလိမ့်မယ်။ ပဲစေ့အားလုံး ကောက်ယူပြီးတဲ့အချိန်မှာ ဘဝဟာလည်း အလုံးစုံ ပြန်ကောင်းလာပါလိမ့်မယ်။
        ဘဝဟာ ဘယ်အချိန်မှာမဆို ပရမ်းပတာ ဖြစ်သွားနိုင်ပါတယ်။ သင်ဟာ ဆက်လက်ရွေ့လျား လုပ်ဆောင်နေရပါမယ်။ ဒါပေမဲ့ ပဲစေ့တွေ ဘယ်လောက်မြန်မြန် ပြန်ကောက်ယူနိုင်မယ် ဆိုတာကတော့ သင့်အပေါ်မှာပဲ မူတည်နေပါလိမ့်မယ်။ ပဲစေ့တွေကို ဆက်လက်ပြန့်ကျဲ နေစေမှာလား၊ ဒါမှမဟုတ် တစ်စေ့ချင်း ပြန်ကောက်ယူပြီး ဘဝကို ပြန်ပြီး အဆင်ပြေအောင် လုပ်ဆောင်လိုက်မှာလား။
သင်ရော သင့်ရဲ့ပဲစေ့တွေကို ဘယ်လိုနည်းနဲ့ ပြန်ကောက်ယူမှာလဲ။
နေလင်းအောင်
Ref; Life is a Bag of Frozen Peas
Written by Michael T. Smith

မိတ်ဆွေစစ်




ဂျပန်နိုင်ငံတွင် လူတစ်ဦးဟာ အိမ်ကိုပြုပြင်ဖို့ နံရံကို ဆွဲခွာလိုက်ပါတယ်။ ဂျပန်လူမျိုးတို့ရဲ့ အိမ်တွေဟာ အများအားဖြင့် သစ်သားနံရံတွေရဲ့ အကြားမှာ နေရာလွတ်တစ်ခု ရှိနေတတ်ပါတယ်။ သူဟာ နံရံကို ဆွဲခွာလိုက်တဲ့အခါ အပြင်မှရိုက်ထားတဲ့ သံချောင်းတစ်ချောင်းဟာ အိမ်မြှောင်ရဲ့ ခြေတစ်ချောင်းကို ရိုက်မိနေကြောင်း တွေ့လိုက်ရပါတယ်။ ဒါကိုတွေ့မြင်တော့ သူ အတော်ကို စိတ်မကောင်း ဖြစ်သွားတယ်။ တစ်ချိန်တည်းမှာပဲ လွန်ခဲ့တဲ့ ဆယ်နှစ်လောက် အိမ်ဆောက်ကတည်းက ဒီလိုဖြစ်နေတာကို တွေ့ရတော့ သိလိုစိတ်လည်း ပြင်းပြလာခဲ့တယ်။
        ဘယ်လိုများ ဖြစ်တာပါလိမ့်။
        အိမ်မြှောင်ဟာ ဒီအခြေအနေမျိုးနဲ့ ဆယ်နှစ်ကြာ အသက်ရှင်နေခဲ့ပါလား။ မှောင်မိုက်တဲ့ သစ်သားနံရံမှာ အိမ်မြှောင်ကို ဆယ်နှစ်အကြာ မလှုပ်ရှားဘဲ တွေ့ရတော့ သူဟာ မဖြစ်နိုင်ဘူးလို့ တွေးရင်း သူ့စိတ်တွေ ထွေပြားသွားပါတယ်။ အဲဒီနောက် အိမ်မြှောင်ရဲ့ ခြေထောက်ဟာ သံရိုက်ခံထားရတဲ့အတွက်ကြောင့် ခြေတစ်လှမ်းပင်မရွေ့ဘဲ ဆယ်နှစ်အကြာ ဘယ်လိုများ ရှင်သန်နေနိုင်ခဲ့ပါလိမ့်လို့ သိချင်စိတ် ပြင်းပြလာခဲ့ပါတယ်။
        ဒါကြောင့် အလုပ်ကို ရပ်နားလိုက်ပြီး အိမ်မြှောင် ဘာတွေ လုပ်နေခဲ့သလဲ၊ အစားအစာကို ဘယ်လိုနည်းနဲ့ ရှာဖွေစားသောက်ခဲ့သလဲ သိရဖို့ စောင့်ကြည့်စစ်ဆေးပါတော့တယ်။ နောက်ပိုင်းမှာ မည်သည့်နေရာမှ ထွက်လာမှန်းမသိရတဲ့ အိမ်မြှောင်တစ်ကောင်ဟာ ပါးစပ်ထဲမှာ အစားအစာကိုကိုက်ချီပြီး ရောက်ရှိလာကြောင်း တွေ့ရပါတော့တယ်။
နေလင်းအောင်
Ref; Lizards have done it! By Unknown Author

 

နောင်တ ရစရာမလို




        ၁၉၂၄ ခုနှစ်က ပဲရစ်မြို့ အိုလံပစ်အားကစားပြိုင်ပွဲ စာရင်း၌ ကနူးလှေလှော် အားကစားပြိုင်ပွဲကို ထည့်သွင်းကျင်းပစေခဲ့ပါတယ်။ လူလေးဦး လှော်ခတ်ရတဲ့ ကနူးလှေလှော် အသင်းတွေထဲမှာ အမေရိကန်ပြည်ထောင်စု အသင်းဟာ နာမည်ကြီး အသင်းတစ်သင်း ဖြစ်ပါတယ်။ ဒီအသင်းရဲ့ အဖွဲ့ဝင်တစ်ဦးကတော့ ဘီလ်ဟေဗန်စ်အမည်ရှိ လူငယ်တစ်ဦးဖြစ်ပါတယ်။
        အိုလံပစ်အားကစားပြိုင်ပွဲ နီးကပ်လာချိန်မှာ ဘီလ်ရဲ့ဇနီးဟာ အမေရိကန်ပြည်ထောင်စုအသင်း ပဲရစ်မြို့ အားကစားပြိုင်ပွဲ ယှဉ်ပြိုင်နေမည့် အချိန်လောက်မှာပဲ သူတို့ရဲ့ ပထမဆုံးကလေး မွေးဖွားလာလိမ့်မယ်ဆိုတာ သိသာလှပါတယ်။ ၁၉၂၄ ခုနှစ်က ပဲရစ်မြို့မှ အမေရိကန်ပြည်ထောင်စုသို့ သွားလာတဲ့ ခရီးသည်တင် ဂျက်လေယာဉ်ကြီးတွေ မရှိသေးဘဲ သမုဒ္ဒရာထဲ နှေးကွေးစွာ သွားလာနိုင်တဲ့ သင်္ဘောကြီးတွေသာ ရှိပါသေးတယ်။ ဒါကြောင့် ဘီလ်ဟာ လိပ်ခဲတည်းလဲ ဖြစ်နေရပါတယ်။ ကလေး မွေးဖွားတဲ့အချိန်မှာ သူ့ဇနီးဘေးမှာ မနေဘဲ ပဲရစ်မြို့သို့ စွန့်စား သွားလာသင့်သလား။ ဒါမှမဟုတ် အသင်းမှ နုတ်ထွက်ပြီး သူ့မိသားစုနဲ့ပဲ ကျန်နေခဲ့သင့်သလား။
        ဘီလ်ရဲ့ ဇနီးကတော့ သူ့ကို ပဲရစ်မြို့သွားဖို့ အခိုင်အမာ ပြောဆိုပါတယ်။ တကယ်တော့ အိုလံပစ် အားကစားပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်ဖို့ဆိုတာ သူ့ဘဝတစ်လျှောက်လုံး စိတ်ကူးခဲ့ရတဲ့ နောက်ဆုံးအိပ်မက် တစ်ခုပါ။ ဒါပေမဲ့ ဘီလ်ကတော့ ဝိရောဓိစိတ်တွေ ဖြစ်နေခဲ့ပါတယ်။ မိမိကိုယ်ကို ဝေဖန် ဆန်းစစ်ပြီးနောက် ပြိုင်ပွဲမှ နုတ်ထွက်ပြီး ဇနီးဖြစ်သူ ကလေးမွေးတဲ့အချိန်မှာ ဘေးမှာရှိနေပြီး ကူညီပေးဖို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။ ဇနီးဖြစ်သူ့ဘေးမှာ ရှိနေဖို့က သူ့ရဲ့ ပထမ ဦးစားပေးဖြစ်ပြီး ပဲရစ်မြို့သွားကာ သူ့ရဲ့ အိပ်မက်ကို ဖြည့်ဆည်းဖို့ထက် ပိုပြီး အရေးကြီးတယ်လို့ ဆုံးဖြတ်ချက် ချလိုက်ပါတယ်။
        အမေရိကန်ပြည်ထောင်စုရဲ့ လူလေးဦးလှော် ကနူးလှေလှော် အသင်းဟာ ပဲရစ်မြို့ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆု ရရှိခဲ့ပါတယ်။ ပြီးတော့ ဘီလ်ရဲ့ဇနီးဟာလည်း ကလေးမွေးဖွားချိန် နောက်ကျနေခဲ့ပါတယ်။ တကယ်တော့ သူမ ကလေးမွေးချိန် အလွန်နောက်ကျခဲ့တဲ့ အတွက်ကြောင့် ဘီဟာ အားကစားပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ပြီး သူမ မီးဖွားချိန်အမှီ ပြန်လာကာ သူမဘေးမှာ အတူရှိနေပေးနိုင်လောက်ပါတယ်။
        “မှားသွားပြီပဲ”လို့ လူတွေက ပြောဆိုကြပါတယ်။ ဒါပေမဲ့ ဘီလ်ကတော့ နောင်တမရခဲ့ပါဘူး။ သူဟာ ပိုကောင်းတဲ့ ဆုံးဖြတ်ချက် ချခဲ့တယ်လို့ ကျန်ဘဝတစ်လျှောက်လုံး ယုံကြည်ထားခဲ့ပါတယ်။
        ဘီလ်ဟေဗန်စ်ဟာ သူ့အတွက် အရေးအကြီးဆုံးအရာကို သိရှိခဲ့ပါတယ်။ မည်သူတစ်ဦးတစ်ယောက်မှ ဒါကို မရိပ်မိခဲ့ပါဘူး။ ပြီးတော့ အကောင်းဆုံးလို့ တွေးထင်ထားတဲ့ အရာကိုပဲ ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ တကယ်မှန်နေတဲ့ အရာတစ်ခုခုကို “မှန်တယ်”လို့ ပြောရမဲ့အစား “မမှန်ဘူး”လို့ ပြောရဲလောက်အောင် မည်သူမှ သတ္တိမရှိပါဘူး။ ဒါပေမဲ့ ဘီလ်အတွက်တော့ ဒါဟာ ငြိမ်းချမ်းမှုရဖို့ တစ်ခုတည်းသော နည်းလမ်း၊ နောင်တရစရာမလိုဖို့ တစ်ခုတည်းသော နည်းလမ်းလည်း ဖြစ်ပါတယ်။
        ဘီလ်ဟေဗန်နဲ့ပတ်သက်ပြီး နောက်ဆက်တွဲ စိတ်ဝင်စားဖွယ်ရာ ဖြစ်ရပ်တစ်ခု ရှိပါသေးတယ်။
        ဘီလ်နဲ့ ဇနီးဖြစ်သူတို့ မွေးဖွားခဲ့တဲ့ ကလေးဟာ ယောက်ျားလေးဖြစ်ပြီး ဖရန့်ခ်လို့ အမည်ပေးခဲ့ပါတယ်။ (၂၈)နှစ်ကြာပြီးနောက် (၁၉၅၂)ခုနှစ်မှာ ဘီလ်ဟာ ဖရန့်ခ်ထံကနေ ကြေးနန်းစာတစ်စောင် လက်ခံရရှိခဲ့ပါတယ်။ ဒီကြေးနန်းစာကို (၁၉၅၂)ခုနှစ် အိုလံပစ် အားကစားပြိုင်ပွဲ ကျင်းပရာ ဖင်လန်နိုင်ငံ ဟယ်လ်စင်ကီမြို့မှ ပေးပို့လိုက်ခြင်း ဖြစ်ပါတယ်။ ကြေးနန်းစာထဲ ရေးထားတာကတော့ “ဖေဖေ… သား အနိုင်ရတယ်။ သားမွေးတုန်းက စောင့်ရှောက်ပေးခဲ့ရတဲ့ အတွက်ကြောင့် ဖေဖေ ဆုံးရှုံးခဲ့ရတဲ့ ရွှေတံဆိပ်ဆုကို ယူဆောင်ပြီး  အိမ်ပြန်လာခဲ့ပါမယ်”တဲ့။
        ဖရန့်ခ်ဟေဗန်ဟာ ကနူးလှေလှော်ပြိုင်ပွဲမှာ အမေရိကန်ပြည်ထောင်စုအတွက် ရွှေတံဆိပ် ရယူပေးနိုင်ခဲ့ပြီး ဒီရွှေတံဆိပ်ဟာ သူ့ဖခင် စိတ်ကူးအိပ်မက်ခဲ့ပေမယ့် ဘယ်တုန်းကမှ ရယူနိုင်ခြင်း မရှိခဲ့ပါဘူး။ ကျွန်တော် ပြောခဲ့တဲ့အတိုင်းပဲလေ။ နောင်တရစရာ မလိုပါဘူးလို့။
        သောမတ်စ်ကင်ကဒီက ရှင်းလင်းပြတ်သားစွာ ပြောဆိုခဲ့ဖူးပါတယ်။ “တကယ်ကို အရေးကြီးတဲ့အရာတွေအတွက် လေးလေးနက်နက် နှစ်နှစ်ကာကာဖြင့် “ဟုတ်တယ်”လို့ ပြောပေးဖို့ ကျွန်တော်တို့ သင်ယူလိုက်တဲ့အချိန်မှာ ရွှေရောင်အလင်းတန်းဟာ သစ်တောအုပ်တစ်ခုရဲ့ အောက်ခြေအထိ ထိုးဖောက်ဝင်ရောက်လာသလို ငြိမ်းချမ်းမှုဟာလည်း ကျွန်တော်တို့ဘဝထဲ စတင်အနည်ကျ ဝင်ရောက်လာပါလိမ့်မယ်။”
နေလင်းအောင်
Ref; No Regrets by Steve Goodier

Sunday, August 4, 2013

အလှမက်တဲ့မြင်း



(The Best English Magazine, October 2013) 

နေလင်းအောင်
နတ်မင်းတစ်ပါးမှာ မြင်းတစ်ကောင်ရှိခဲ့တယ်။ အဲဒီမြင်းဟာ လှပသလို အခြားကောင်းမွန်တဲ့ အရည်အချင်းတွေလည်း အများကြီးရှိတယ်။ ဒါပေမယ့် မြင်းဟာ အစစအရာရာ ပြည့်စုံချင်ခဲ့တယ်။ အထူးသဖြင့် မြင်းဟာ သူမကို နှိုင်းယှဉ်လို့မရအောင် လှပချင်နေခဲ့ပါတယ်။
တစ်နေ့မှာတော့ မြင်းဟာ နတ်မင်းကြီးကို ပြောဆိုလာပါတယ်။ “အို အရှင်…အရှင်ဟာ ကျွန်မကို အလှအပတွေ ပေးခဲ့ပါတယ်။ ပြီးတော့ အခြားကောင်းမွန်တဲ့ အရည်အသွေးတွေကိုလည်း ပေးခဲ့ပါတယ်။ အရှင့်ကို အလွန်ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် အရှင် ကျွန်မကို ပိုပြီးလှပအောင် ပြုလုပ်ပေးစေချင်ပါတယ်။ အရှင်သာ ကျွန်မကို ပိုပြီးလှပလာအောင် ပြုလုပ်ပေးမယ်ဆိုရင် အလွန်အမင်း ကျေးဇူးတင်မိမှာပါ။ ”
နတ်မင်းကြီးက ပြောဆိုပါတယ်။ “အသင်ကို ပိုပြီးလှပအောင် ပြုလုပ်ပေးဖို့ အဆင်သင့်ပါပဲ။ အသင်ဟာ ဘယ်လိုပုံစံမျိုး ပြောင်းလဲချင်တယ်ဆိုတာ ပြောပြပါ။”
မြင်းက ပြောဆိုပါတယ်။ “ကျွန်မ အချိုးမကျဘူးလို့ ထင်နေမိတယ်။ ကျွန်မလည်တံဟာ အတော်ကို တိုလွန်းတယ်။ အရှင်သာ ကျွန်မလည်တံကို အနည်းငယ်ပိုရှည်အောင် ပြုလုပ်ပေးမယ်ဆိုရင် ကျွန်မရဲ့ အပေါ်ပိုင်းဟာ အတော့်ကို လှပလာပါလိမ့်မယ်။ ပြီးတော့ ကျွန်မခြေထောက်တွေ ပိုပြီးရှည်အောင်၊ ပိုပြီးသေးသွယ်အောင် ပြုလုပ်ပေးမယ်ဆိုရင် ကျွန်မကိုယ် အောက်ပိုင်းလည်း ပိုပြီးတော့ လှပလာပါလိမ့်မယ်။
“ဖြစ်စေ”လို့ နတ်မင်းကြီးက ပြောဆိုလိုက်ပါတယ်။ အဲဒီနောက် ချက်ချင်းဆိုသလိုပင် နတ်မင်းကြီးဟာ မြင်းကို ကုလားအုတ်ပုံစံမျိုး ဖန်ဆင်းလိုက်ပါတယ်။ မြင်းဟာ အလွန်အမင်း စိတ်ပျက်သွားပြီး အော်ငိုပါတော့တယ်။ “အို…အရှင်၊ ကျွန်မ ပိုပြီးတော့ လှပချင်တာပါ။ ဘယ်လိုလုပ်ပြီး ဒီပုံစံကြီးက လှပနိုင်ပါ့မလဲ”
နတ်မင်းကြီးက ပြောဆိုပြန်တယ်။ “အသင် တောင်းဆိုတဲ့အတိုင်း အတိအကျ ဖန်ဆင်းပေးလိုက်တာပဲလေ။ အသင်ဟာ ကုလားအုတ်တစ်ကောင် ဖြစ်သွားပါပြီ။”
မြင်းဟာ အော်ငိုပါတယ်။ “အို မဟုတ်ဘူး။ ကျွန်မ ကုလားအုတ်တစ်ကောင် မဖြစ်ချင်ပါဘူး။ မြင်းတစ်ကောင်သာ ဆက်ဖြစ်ချင်တာပါ။ လူတိုင်းက မြင်းတစ်ကောင်အဖြစ်သာ ကျွန်မရဲ့ ကောင်းမွန်တဲ့ အရည်အချင်းတွေကို ချီကျူးပြောဆိုကြပါတယ်။ ဘယ်သူကမှ ကုလားအုတ်တစ်ကောင်အဖြစ် ကျွန်မကို ချီကျူးပြောဆိုလိမ့်မယ် မထင်ပါဘူးရှင်”
နတ်မင်းကြီးက ပြောဆိုပါတယ်။ “အသင်ကို ဖန်ဆင်း ပေးထားတာထက်ပိုပြီး ရရှိဖို့ ဘယ်တော့မှ မကြိုးစားပါနဲ့။ အသင့်ဆန္ဒသာ ဖြည့်ဆည်းပေးလိုက်မယ်ဆိုရင် အသင်ဟာ အချိန်တိုင်း ပိုပြီးတော့ အလိုကြီးလာပါလိမ့်မယ်။ ဒါပေမယ့် အကျိုးရလဒ် ဘယ်လိုဖြစ်လာမယ် ဆိုတာကိုတော့ အသင် မျှော်မှန်းမထားခဲ့ပါဘူး။ ပိုပြီးရှည်တဲ့ လည်တံနဲ့ ခြေချောင်းတွေ အလိုရှိမယ်ဆိုရင် အသင်ဟာ ဒီလိုပုံစံမျိုးပဲ ဖြစ်လာမှာပါ။ ငါ ဖန်တီးပေးထားတဲ့ သက်ရှိတိုင်းမှာ ကောင်းမွန်တဲ့ ကိုယ်ပိုင် အရည်အချင်းတွေ ရှိနေပါတယ်။ ကုလားအုတ်ဟာ အသင်လောက် မလှပပေမယ့်လည်း အလွန်လေးလံတဲ့ ဝန်စည်စလည်တွေကို သယ်ဆောင်နိုင်သလို ကြီးမားတဲ့ တာဝန်သိစိတ်လည်း ရှိနေပါတယ်။
နေလင်းအောင်

ပြောချင်ရာများ ပြောခဲ့ဖို့...