Thursday, February 28, 2013

ပန်းပွင့်နှင့် ပုလဲ



တစ်နေ့မှာ စွဲဆောင်မှုရှိတဲ့ အရောင်အဆင်းနဲ့ အလွန်လှပပြီး မွေးရနံ့သင်းပျံ့တဲ့ ပန်းပွင့်လေးတစ်ပွင့်ဟာ သူလို ဂုဏ်သတ္တိတွေမရှိဘဲ ပင်လယ်ကြမ်းပြင်မှာ နေထိုင်နေရတဲ့ ပုလဲလေးတစ်ပွင့်နဲ့ တွေ့ဆုံမိပါတယ်။
သူတို့နှစ်ဦးဟာ အချင်းချင်း ခင်မင်သိကျွမ်းလာကြပါတယ်။
ပန်းပွင့်လေးက ပြောပါတယ်။ “ကျွန်မတို့မိသားစုဟာ အလွန်ကြီးပါတယ်။ နှင်းဆီပန်းတွေနဲ့ ဒေစီယာပန်းတွေဟာ ကျွန်မရဲ့ မိသားစုဝင်တွေပေါ့ရှင်။ ပြီးတော့ မရေမတွက်နိုင်လောက်အောင် များပြားလွန်းလှတဲ့ အခြားမျိုးကွဲတွေလည်း ရှိပါသေးတယ်။ ပန်းအသီးသီးမှာ ထူးခြားတဲ့ ရနံ့ရှိနေသလို အလှအပလည်း ရှိနေပါတယ်။” ပန်းပွင့်လေးဟာ ရုတ်တရက် ထိခိုက်နာကျင်မှု အရိပ်အယောင် ပေါ်လာပါတယ်။
“ရှင်ရဲ့ အပြောအဆိုမှာ ဝမ်းနည်းစရာ တစ်ခုမှမပါဘူး။ ဘာဖြစ်လို့ စိတ်မကောင်း ဖြစ်သွားရတာလဲ။”လို့ ပုလဲလေးက မေးလိုက်ပါတယ်။
“လူတွေက ကျွန်မတို့ကို ဂရုမစိုက်ဘဲ ပေါ့ပေါ့တန်တန် သဘောထားပြီး အရှက်ရအောင် လုပ်ကြတယ်။ သူတို့ဟာ ကျွန်မတို့ အကျိုးအတွက် မဟုတ်ဘဲ ကျွန်မတို့ရဲ့ ရနံ့နဲ့ လှပတဲ့ အသွင်အပြင်တွေကို ခံစားဖို့အတွက်သာ  စိုက်ပျိုးကြပါတယ်။  ကျွန်မတို့မှာ အဖိုးအထိုက်တန်ဆုံး ဂုဏ်သတ္တိတွေဖြစ်တဲ့ လှပမှုတွေ၊ ရနံ့တွေ မရှိတော့တဲ့ အချိန်မှာတော့ သူတို့က ကျွန်မတို့ကို လမ်းပေါ်ဖြစ်ဖြစ်၊ အမှိုက်ခြင်းထဲ ဖြစ်ဖြစ် စွန့်ပစ်လိုက်ကြတယ်လေ။”
ပန်းပွင့်လေးက သက်ပြင်းချလိုက်တယ်။ အဲဒီနောက် ပုလဲလေးကို ပြောလိုက်ပြန်တယ်။ “ရှင့်ရဲ့ ဘဝအကြောင်း ပြောပြပါလား။ ရှင့်ကို ပင်လယ်အောက်ခြေမှာ မြှပ်နှံထားတဲ့အတွက် ရှင် ဘယ်လိုနေရသလဲ။ ဘယ်လိုတွေ ခံစားရသလဲ။”
ပုလဲလေးက ပန်ဖြေလိုက်ပါတယ်။ “ကျွန်မမှာ ရှင်လို ထူးခြားတဲ့ အရောင်အဆင်းနဲ့ ရနံ့မရှိပေမယ့်လည်း လူတွေက ကျွန်မကို အဖိုးတန်တယ်လို့ ထင်မြင်ကြပါတယ်။ သူတို့ဟာ ကျွန်မကို ရယူဖို့ အတွက် မဖြစ်နိုင်လောက်တာတွေတောင် ပြုလုပ်ကြတယ်။ သူတို့ဟာ ကျွန်မကို ရှာဖွေဖို့အတွက် ခရီးအဝေးကြီး သွားရတယ်။ ပြီးတော့ ပင်လယ်ထဲ နက်နက်ရှိုင်းရှိုင်း ငုပ်လျှိုးရတယ်။ ကျွန်မဟာ အဝေးကြီးမှာ ရောက်နေလေ၊ ပိုပြီးလှပ တောက်ပလေပဲဆိုတာ သိရရင် ရှင် အံ့အားသင့်မိပါလိမ့်မယ်။ အဲဒါတွေကြောင့် သူတို့စိတ်ထဲမှာ ကျွန်မရဲ့တန်ဖိုး မြင့်တက်ရခြင်းပါပဲ။ ကျွန်မဟာ ထူထဲတဲ့ အခွံတစ်ခုနဲ့ မှောင်မိုက်တဲ့ ပင်လယ်ကြမ်းပြင်မှာ တစ်ဦးတည်း နေရပါတယ်။ ဒါပေမယ့် ဖျက်လိုဖျက်စီးလုပ်တတ်တဲ့၊ အကျီစားသန်တဲ့ လက်တွေကနေ ဝေးဝေးရောက်ပြီး လုံခြုံတဲ့ နေရာတစ်ခုမှာ နေထိုင်ရတဲ့အတွက် ကျွန်မကတော့ ပျော်ရွှင်ဂုဏ်ယူမိပါတယ်။ ဒါပေမယ့် လူတွေကတော့ ကျွန်မကို အလွန်အမင်း တန်ဖိုးထားနေတုန်းပဲလေ။”

ပန်းပွင့်လေးနဲ့ ပုလဲလေးဟာ ဘာကို ကိုယ်စားပြုတယ်ဆိုတာ သင် သိပါသလား။
စဉ်းစားကြည့်လိုက်ပါ။
သင် တွေ့လာပါလိမ့်မယ်။ ပန်းပွင့်လေးဟာ အလှအပတွေကို လှစ်ဟပြတတ်တဲ့ အမျိုးသမီးနဲ့တူပါတယ်။ ပုလဲလေးကတော့ အလှအပတွေကို ဖုံးကွယ်ထားတတ်တဲ့ အမျိုးသမီးနဲ့ တူပါတယ်။ 

ပုံပြင်ရဲ့ သင်ခန်းစာ

ပန်းပွင့်လေးတွေဟာ လိုအပ်ချိန်မှာ အသုံးပြုခံရပေမယ့် မလိုအပ်တော့တဲ့အချိန်( အသုံးပြုပြီးတဲ့အချိန်)မှာတော့ အမှိုက်ခြင်းထဲ စွန့်ပစ်ခံလိုက်ရပါတယ်။ ပုလဲလေးတွေကိုတော့ နေရာတိုင်းမှာ အလွန်အမင်း တန်ဖိုးထားကြပါတယ်။
ဒီတော့ လုံမငယ်တို့လည်း ပန်းပွင့်ဖြစ်ချင်တာလား၊ ပုလဲပွင့်ဖြစ်ချင်တာလား စဉ်းစားဆုံးဖြတ်လိုက်ပါ။ 

 Ref;Flower and a Pearl by Unknown Author


မူရင်းအင်္ဂလိပ်စာ...

Monday, February 18, 2013

အမုန်းတရားအတွက် နှလုံးသားကို ဝန်မပိပါစေနဲ့





မူလတန်းပြ ဆရာမတစ်ဦးဟာ အတန်းထဲက ပြဿနာတစ်ရပ်ကို ဖြေရှင်းရန် ကလေးတွေနဲ့ ကစားပွဲတစ်ပွဲ ကစားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ နောက်တစ်နေ့မှာ ဆရာမက ပလတ်စတစ်အိတ်နဲ့ အာလူးအချို့ထည့်ပြီး ယူဆောင်လာခဲ့ဖို့ တပည့်တွေကို စေခိုင်းလိုက်ပါတယ်။ အာလူတစ်လုံးစီမှာ ကိုယ်မုန်းတဲ့လူတစ်ဦးနာမည် ရေးထားရပါမယ်တဲ့။ ဒီတော့ ပလတ်စတစ်အိတ်ထဲမှာ ကလေးတွေထည့်ထားတဲ့ အာလူးအရေအတွက်ဟာ သူတို့မုန်းတီးနေတဲ့ လူအရေအတွက်အပေါ် မူတည်နေပါတယ်။
ကစားမည့်နေ့ ရောက်တဲ့အခါ ကလေးတစ်ဦးစီဟာ သူတို့မုန်းတဲ့ သူတွေရဲ့ နာမည်ရေးထားတဲ့ အာလူးတွေကို ယူဆောင်လာကြပါတယ်။ အချို့ကလေးတွေက အာလူးနှစ်လုံး၊ အချို့ကတော့ သုံးလုံး ယူဆောင်လာကြပါတယ်။ ငါးလုံးအထိ ယူဆောင်လာတဲ့ ကလေးအချို့လည်း ရှိပါတယ်။
ဆရာမက တစ်ပတ်အကြာ သွားလေရာနေရာတိုင်း (အိမ်သာထဲပင်မကျန်) အာလူးတွေထည့်ထားတဲ့ ပလတ်စတစ်အိတ်ကို သယ်ဆောင်သွားဖို့ တပည့်တွေကို စေခိုင်းလိုက်ပါတယ်။ တစ်နေ့ပြီးတစ်နေ့ ကုန်ဆုံးလာတဲ့အခါ တပည့်တွေဟာ သူတို့သယ်ဆောင်လာရတဲ့ အာလူးပုပ်တွေကနေ ထွက်ပေါ်လာတဲ့ မနှစ်မြို့ဖွယ် အနံ့အသက်တွေကြောင့် စတင်ညည်းညူလာတော့တယ်။
အာလူးငါးလုံးအထိ သယ်ဆောင်ရတဲ့ကလေးတွေကတော့ အာလူးအိတ်တွေရဲ့ ပိုပြီးလေးတဲ့ အလေးချိန်ကို စတင်ခံစားလာရတယ်။ တစ်ပတ်အကြာမှာ ဆရာမက ကစားပွဲပြီးဆုံးကြောင်း ပြောလိုက်တဲ့အချိန်မှသာ ကလေးတွေဟာ စိတ်သက်သာရာ ရသွားကြတယ်။ ဆရာမက ကလေးတွေကို မေးလိုက်ပါတယ်။
“တပည့်တို့ တစ်ပတ်အကြာ အာလူးတွေ သယ်ဆောင်သွားရတော့ ဘယ်လိုခံစားရသလဲ။”
တပည့်တွေဟာ စိတ်မချမ်းမြေ့စွာနဲ့ သူတို့ခံစားနေရတဲ့ ဒုက္ခဝေဒနာတွေကို စတင်ညည်းညူ ပြောဆိုကြပါတယ်။ သူတို့ဟာ သွားလေရာအရပ်တိုင်း အာလူးတွေရဲ့ အလေးချိန်ရော၊ မကောင်းတဲ့ အနံ့အသက်တွေရော ခံစားကြရပါတယ်တဲ့။
အဲဒီနောက် ဆရာမက ကစားပွဲနောက်ကွယ်မှာ ကွယ်ဝှက်ထားတဲ့ အဓိပ္ပါယ်ကို စတင်ရှင်းပြပါတယ်။ “ဒါဟာ တပည့်တို့မုန်းနေတဲ့ လူတွေကို နှလုံးသားထဲ သယ်ဆောင်သွားတာမျိုးနဲ့ တူညီလွန်းလှပါတယ်။ တပည့်တို့မုန်းတဲ့ လူတွေရဲ့ အနံ့အသက်တွေဟာ တပည့်တို့ရဲ့ နှလုံးသားကို ညစ်ညမ်းစေပါတယ်။ ဒီတော့ တပည့်တို့ဟာ သွားလေရာအရပ်တိုင်း မလိုအပ်တဲ့ ဝန်ထုပ်ဝန်ပိုးတစ်ခုကို သယ်ဆောင်ရင်း အဆုံးသတ်ရတတ်ပါတယ်။
တပည့်တို့ဟာ အာလူးပုပ်တွေရဲ့ အနံ့ကိုပင် တစ်ပတ်အကြာ သည်းမခံနိုင်ဘူးဆိုရင် တစ်ဘဝလုံး ကိုယ့်နှလုံးသားထဲမှာ သယ်ဆောင်သွားရမယ့် မုန်းတီးနေတဲ့လူတွေရဲ့ အနံ့အသက်တွေဟာ ဘယ်လောက်တောင် ဝန်ထုပ်ဝန်ပိုး ဖြစ်စေလိမ့်မယ်ဆိုတာ သဘောပေါက်မယ် ထင်ပါတယ်။”
ပုံပြင်က ပေးသော သင်ခန်းစာ
သင့်နှလုံးသားထဲမှာ အခြားသူတွေအပေါ်ထားတဲ့ အမုန်းတရားတွေကို ဖယ်ရှားပစ်လိုက်ပါ။ အကြောင်းကတော့ သင့်ဘဝတစ်လျှောက်လုံး မလိုအပ်တဲ့ ဝန်ထုပ်ဝန်ပိုးကို မသယ်ဆောင်မိဖို့ပါ။
အကောင်းဆုံးကတော့ အခြားသူတွေအပေါ် သည်းခံခွင့်လွှတ်တတ်တဲ့ စိတ်ထားရှိနေဖို့ပါ။ ကိုယ်မနှစ်သက်တဲ့သူတွေကိုပင် မေတ္တာထားနိုင်ပါစေ။
မေတ္တာစစ်ဆိုတာ အပြစ်ဆိုဖွယ်မရှိတဲ့ လူတစ်ဦးကို ချစ်မြတ်နိုးတတ်ခြင်း မဟုတ်ပါဘူး။ မပြည့်စုံတဲ့လူတစ်ဦးကို နှစ်နှစ်ကာကာ ချစ်မြတ်နိုးတတ်ခြင်းပါပဲ။
နေလင်းအောင် ဘာသာပြန်ဆိုသည်။
Ref; Do You Hate Someone? By Unknown Author
ဝန်ခံချက်။   ။ကျွန်တော် ဘာသာပြန်ဆိုတုန်းက စာပုဒ်ဟာ အောက်မှာပေးထားတဲ့ စာပုဒ်နဲ့ အနည်းငယ်ကွဲလွဲပါတယ်။ မူရင်းပြန်ဆိုတုန်းက စာပုဒ်ကို ပြန်လိုချင်ပေမယ့် လင့်ခ်မသိတော့တော့ကြောင်း အင်တာနက်မှာ ရှာဖွေရာ ဒီစာအတိုင်း ထွက်လာပါတယ်။ ပြန်မပြင်ချင်တော့တာကြောင့် အနည်းငယ်ကွဲလွဲပါက နားလည်ပေးပါရန် ပန်ကြားအပ်ပါတယ်ခင်ဗျာ။ 
မူရင်း အင်္ဂလိပ်စာ...

Sunday, February 17, 2013

ခဲတံနှင့် ခဲဖျက်



ခဲတံ။  ။ကျွန်တော် စိတ်မကောင်းဖြစ်မိတယ်။
ခဲဖျက်။       ။ ဘာအတွက်လဲ။ ခင်ဗျား အမှားတစ်ခုခု မလုပ်မိပါဘူး။
ခဲတံ။  ။ ကျွန်တော်ကြောင့် ခင်ဗျား ဒဏ်ရာအနာတရဖြစ်တာကို စိတ်မကောင်းဖြစ်မိတာပါ။ ကျွန်တော် အမှားတစ်ခု ပြုလုပ်မိတိုင်း ခင်ဗျားက အဲဒီအမှားကို ဖျက်ပေးရတယ်လေဗျာ။ ဒါပေမယ့် ကျွန်တော့်အမှားတွေကို ဖျက်ပေးရတဲ့အတွက်ကြောင့် ခင်ဗျားရဲ့ အပိုင်းလေးတွေ ဖဲ့ပေးလိုက်ရတယ်လေ။ ဖျက်လိုက်ရတဲ့အချိန်တိုင်း ခင်ဗျားဟာ ပိုပြီးတော့ သေးငယ်လာရတယ်လေဗျာ။
  ခဲဖျက်။     ။ဒါတော့ မှန်တာပေါ့။ ဒါပေမယ့် ကျွန်တော် စိတ်ထဲမထားပါဘူး။ ခင်ဗျားသိတဲ့အတိုင်း အဲဒီလိုဖျက်ပေးဖို့ ကျွန်တော့်ကို ဖန်တီးထားခဲ့တာပဲလေ။ ခင်ဗျား အမှားလုပ်လိုက်တဲ့အချိန်တိုင်း ခင်ဗျားကိုကူညီဖို့ ကျွန်တော့်ကို ပြုလုပ်ထားခဲ့တာပဲ။ တစ်နေ့မှာတော့ ကျွန်တော် ကုန်ဆုံးသွားပြီး  အခြားခဲဖျက်တစ်ခုနဲ့ အစားထိုးရမှာကို သိနေပေမယ့်လည်း ကျွန်တော့်အလုပ်ကို တကယ် နှစ်သက်ပျော်ရွှင်မိပါတယ်။ ဒီတော့ ကျေးဇူးပြုပြီး ဝမ်းနည်းမနေပါနဲ့တော့လား။ ခင်ဗျား စိတ်မကောင်းဖြစ်နေတာ မကြည့်ချင်ဘူးဗျာ။
ခဲတံနဲ့ ခဲဖျက်လေးရဲ့ အပြန်အလှန် စကားပြောဆိုမှုကို တွေ့တဲ့အခါ ကျွန်တော် အလွန်ကို စိတ်အားတက်ကြွသွားပါတယ်။
မိဘတွေဟာ ခဲဖျက်နဲ့တူပြီး သားသမီးတွေကတော့ ခဲတံနဲ့တူပါတယ်။ မိဘတွေဟာ သားသမီးတွေအတွက် အမြဲတမ်း အဆင်သင့်ရှိနေကြပြီး သူတို့ရဲ့ အမှားတွေကို ဖယ်ရှား ရှင်းလင်းပေးပါတယ်။ တစ်ခါတစ်လေမှာတော့ အဲဒီလို ဖယ်ရှားပေးနေစဉ် သူတို့ အနာတရဖြစ်ပြီး အိုမင်းလာမယ်။ နောက်ဆုံးမှာတော့ သူတို့ သေဆုံးသွားရပါလိမ့်မယ်။ သူတို့ရဲ့ သားသမီးတွေဟာ အပေါင်းအဖော်အသစ်ဖြစ်တဲ့ ဇနီးနဲ့ ခင်ပွန်းတွေ တွေ့လာပေမယ့်လည်း မိဘတွေကတော့ သားသမီးတွေအတွက် တစ်ခုခု လုပ်ပေးဖို့ နှစ်သက်ပျော်ရွှင်နေတုန်းပါပဲ။ ပြီးတော့ သူတို့ရဲ့ အဖိုးတန်ရတနာလေးတွေဖြစ်တဲ့ သားသမီးတွေ စိုးရိမ်ပူပန်ပြီး ဝမ်းနည်းစိတ်မကောင်း ဖြစ်နေမှာကိုတော့ ဘယ်တော့မှ အလိုမရှိကြပါဘူး။
ကျွန်တော့်ဘဝမှာ ခဲတံလေးတစ်ချောင်း ဖြစ်ခဲ့ပြီးပါပြီ။ ခဲဖျက်လေးဖြစ်တဲ့ ကျွန်တော့်မိဘတွေ တစ်နေ့ပြီးတစ်နေ့ ပိုပြီး သေျးငယ်လာတာ (အိုမင်းလာတာ)ကိုတွေ့တော့ ကျွန်တော် နာကျင်မိပါတယ်။ တစ်နေ့နေ့မှာတော့ ကျွန်တော်နဲ့အတူ ကျန်နေမယ့်အရာတွေကတော့ ခဲဖျက်အမှုန့်လေးတွေရယ်၊ ကျွန်တော်နဲ့အတူရှိခဲ့တဲ့ အမှတ်တရလေးတွေရယ်ပေါ့ဗျာ။

နေလင်းအောင် ဘာသာပြန်ဆိုသည်။

Ref; Story of a Pencil and Eraser by Unknown


မူရင်း အင်္ဂလိပ်စာ

ဘဝဆိုတာ ပဲ့တင်သံ




ဘဝဆိုတာ ပဲ့တင်သံနဲ့တူပါတယ်။
သင်ပို့လိုက်တာ သင့်ဆီပြန်ရောက်လာလိမ့်မယ်။
သင်စိုက်ပျိုးတာ သင် ရိတ်သိမ်းရလိမ့်မယ်။
သင်ပေးလိုက်တာ သင် ပြန်ရလိမ့်မယ်။
အခြားသူတွေမှာ သင် မြင်နေရတဲ့အရာတွေဟာ သင့်မှာလည်း ရှိနေပြီးသားပါ။
ဘဝဆိုတာ ပဲ့တင်သံဆိုတာ သတိရလိုက်ပါ။
သင့်လုပ်တဲ့အတိုင်း သင့်ဆီ ပြန်ရောက်လာလိမ့်မယ်။

ဖခင်တစ်ဦးဟာ သားတစ်ဦးနဲ့အတူ တောင်တွေပေါ် တက်နေပါတယ်။ ရုတ်တရက် သူ့သားဟာ ခြေချော်ကျပြီး အနာတရဖြစ်သွားတဲ့အတွက်ကြောင့် “အား”လို့ အော်လိုက်မိပါတယ်။ တောင်တွေရဲ့ တစ်နေရာမှ သူ့အော်လိုက်တဲ့အတိုင်း “အား”ဆိုတဲ့ ပဲ့တင်ထပ်သံကို ပြန်ကြားရတဲ့အခါ သူ အံ့သြသွားပါတယ်။ သူဟာ သိလိုစိတ်ပြင်းပြစွာဖြင့် “ ခင်ဗျား ဘယ်သူလဲ”လို့ အော်လိုက်တော့ “ခင်ဗျား ဘယ်သူလဲ”ဆိုတဲ့ အဖြေကိုပဲ ပြန်ကြားရပါတယ်။ အဲဒီနောက် သူဟာ တောင်တွေဆီလှည့်ရင်း “ခင်ဗျားကို ချီးကျူးပါတယ်”လို့အော်ပြောလိုက်တော့ “ခင်ဗျားကို ချီးကျူးပါတယ်”ဆိုတဲ့ အဖြေကိုပဲ ပြန်ကြားရပါတယ်။
ဒီတုံ့ပြန်ပြောဆိုသံတွေကို ကြားတဲ့အခါ ဒေါသထွက်လာပြီးတော့ “ငကြောက်ပဲ”လို့ အော်ပြောလိုက်တာ “ငကြောက်ပဲ”လို့ ပြန်ကြားရပါတယ်။ သူဟာ ဖခင်ဖြစ်သူဘက်လှည့်ပြီး “ဘာဆက်ဖြစ်မှာလဲ” လို့ မေးလိုက်ပါတယ်။
ဖခင်က ပြုံးပြီး “သားရေ…အာရုံစိုက်ကြည့်လိုက်ပါဦး” လို့ပြောလိုက်ပါတယ်။ ဖခင်က “ခင်ဗျားဟာ ချန်ပီယံတစ်ယောက်ပဲ”လို့ ပြောလိုက်တော့ “ခင်ဗျားဟာ ချန်ပီယံတစ်ယောက်ပဲ”လို့ ပြန်ပြောသံ ကြားရပါတယ်။ လူငယ်လေးဟာ အံ့သြသွားပေမယ့် နားလည်နိုင်ခြင်း မရှိခဲ့ပါဘူး။
အဲဒီနောက် ဖခင်က ရှင်းပြပါတယ်။ “လူတွေက ဒါကို ပဲ့တင်သံလို့ ပြောကြတယ်။ တကယ်တော့ ဒါဟာ ဘဝပါပဲကွာ။ သား ပြောတဲ့အတိုင်း ဒါမှမဟုတ် သားလုပ်တဲ့အတိုင်း ဘဝက ပြန်ပေးပါတယ်။”
ကျွန်တော်တို့ရဲ့ ဘဝဆိုတာ ကျွန်တော်တို့ရဲ့ လုပ်ဆောင်မှုတွေ ရောင်ပြန်ဟပ်နေခြင်းမျှသာ။ ဒီကမ္ဘာလောကကြီးမှာ သင်ဟာ မေတ္တာပိုပြီး အလိုရှိတယ်ဆိုရင် သင့်နှလုံးသားမှာ မေတ္တာပိုပြီး မွေးမြူဖန်တီးလိုက်ပါ။ သင်ဟာ အသင်းအဖွဲ့မှာ နားလည်မှုပိုပြီး ရချင်တယ်ဆိုရင် သင့်ကိုယ်တိုင် နားလည်ပေးတတ်မှုကိုလည်း တိုးတက်အောင် ပြုလုပ်ပါ။ ဘဝမှာလည်း အရာရာ ဒီအတိုင်းပါပဲ။ ဘဝကို သင်ပေးကမ်းလိုက်တဲ့ အရာရာတိုင်း ဘဝကလည်း သင့်ဆီပြန်ပြီး ပေးကမ်းပါလိမ့်မယ်။

နေလင်းအောင် ဘာသာပြန်ဆိုသည်။
Ref; Life is An Echo by Unknown Author
 မူရင်း အင်္ဂလိပ်စာ

Wednesday, February 13, 2013

မောင်ငယ်တစ်ဦးရဲ့ မေတ္တာ




ဝေးလံခေါင်သီသော တောင်တစ်လုံးပေါ်ရှိ ရွာတစ်ရွာမှာ ကျွန်မကို မွေးဖွားခဲ့ပါတယ်။ တစ်နေ့ပြီးတစ်နေ့ ကျွန်မမိဘတွေဟာ နေပူထဲမှာ အဝါရောင်မြေလွှာတွေကို တူးဆွစိုက်ပျိုးရပါတယ်။
တစ်နေ့မှာ ကျွန်မပတ်ဝန်းကျင်မှာရှိတဲ့ မိန်းကလေးတွေလိုပဲ ကျွန်မလည်း ဓားတစ်ချောင်း ဝယ်ယူချင်နေခဲ့မိပါတယ်။ ဒါကြောင့် တစ်နေ့တော့ ကျွန်မဖေဖေရဲ့ အံ့ဆွဲထဲကနေ ဆင့်(၅၀) ခိုးယူလိုက်ပါတယ်။ ဖေဖေဟာ သူ့ပိုက်ဆံ ပျောက်သွားတာကို ချက်ချင်း သိရှိခဲ့ပါတယ်။
“ပိုက်ဆံ ဘယ်သူခိုးတာလဲ” လို့ ဖေဖေက ကျွန်မနဲ့ မောင်လေးကို မေးပါတယ်။
ကျွန်မဟာ ပြန်မပြောရဲလောက်အောင် ကြောက်ရွံပြီး ကြက်သေသေနေခဲ့ပါတယ်။ ကျွန်မတို့နှစ်ယောက်လုံး အပြစ်ကို မဝန်ခံကြပါဘူး။ ဒီတော့ ဖေဖေက ပြောလာပါတယ်။ “တစ်ယောက်မှ ဝန်မခံဘူးဆိုရင် မင်းတို့နှစ်ယောက်လုံး အပြစ်ပေးမှဖြစ်တော့မယ်။” ကျွန်မမောင်လေးက ဖေဖေလက်ကို ရုတ်တရက် စွဲကိုင်ရင်း ပြောလိုက်ပါတယ်။ “ဖေဖေ…ပိုက်ဆံခိုးတာ သားပါ” မောင်လေးဟာ ကျွန်မကိုယ်စား အပြစ်ခံယူလိုက်ပါတယ်။
အဲဒီည သန်းခေါင်ယံမှာ ကျွန်မ ရုတ်တရက် အော်ငိုလိုက်မိပါတယ်။ မောင်လေးက ကျွန်မပါးစပ်ကို သူ့လက်ဖြင့်ပိတ်ရင်း ပြောပါတယ်။ “အစ်မ…ခု မငိုပါနဲ့တော့။ အားလုံး အဆင်ပြေသွားပြီပဲ။”  ကျွန်မကို အကာအကွယ်ပေးတုန်းက မောင်လေးရဲ့ ထုတ်ဖော်ပြောဆိုမှုကို ဘယ်တော့မှ မမေ့နိုင်ခဲ့ပါဘူး။ အဲဒီနှစ်တုန်းက ကျွန်မမောင်လေးဟာ (၈)နှစ်အရွယ်ရှိပြီး ကျွန်မကတော့ (၁၁)နှစ် ရှိနေပါပြီ။ ကျွန်မ လုပ်ခဲ့တာနဲ့ပတ်သက်ပြီး ဝန်ခံရဲတဲ့သတ္တိ မရှိတဲ့အတွက် ကိုယ့်ကိုယ်ကို မုန်းတီးနေမိပါသေးတယ်။ နှစ်ပေါင်းများစွာ ကုန်လွန်လာခဲ့ပေမယ့်လည်း ဒီအဖြစ်အပျက်ကတော့ မနေ့တစ်နေ့က ဖြစ်နေသလိုပါပဲ။
ကျွန်မမောင်လေး အလယ်တန်းကျောင်း နောက်ဆုံးနှစ်ရောက်တဲ့အခါ မြို့လယ်ခေါင်ရှိ နာမည်ကြီး အလယ်တန်းကျောင်းတစ်ကျောင်းက ကျောင်းတက်ခွင့် ပြုခဲ့ပါတယ်။ အဲဒီအချိန်မှာ ကျွန်မကတော့ နေထိုင်ရာ စီရင်စုဒေသရှိ တက္ကသိုလ်တစ်ခုမှာ တက်ရောက်ခွင့် ရရှိခဲ့ပါတယ်။
အဲဒီညမှာ ဖေဖေဟာ အိမ်ဝန်းထဲမှာ ဆောင့်ကြောင့်ထိုင်ရင်း  ဆေးလိပ်တွေ တစ်လိပ်ပြီးတစ်လိပ် သောက်နေခဲ့ပါတယ်။ ဖေဖေ မေမေကို မေးလိုက်တာ ကျွန်မ ကြားလိုက်ပါတယ်။
“ငါးတို့ကလေးနှစ်ယောက်လုံး ရလဒ်ကောင်းရရဲ့လား။ အလွန်ကို ကောင်းတဲ့ ရလဒ် ရရဲ့လား”တဲ့။
မေမေဟာ မျက်ရည်သုတ်ရင်း သက်ပြင်းချကာ ပြောလိုက်ပါတယ်။ “ကျွန်မတို့ ဘယ်လိုလုပ်ရမလဲ။ ကလေးနှစ်ယောက်ရဲ့ ပညာရေးအတွက် ပိုက်ဆံဘယ်က ရနိုင်မလဲ။”
အဲဒီအချိန်မှာ ကျွန်မမောင်လေးက အပြင်ဘက်ထွက်ကာ ဖေဖေရှေ့သွားရင်း ပြောလိုက်ပါတယ်။ “ဖေဖေ…သား ကျောင်းဆက်မတတ်ချင်တော့ဘူး။ သား စာအုပ်အလုံအလောက် တတ်ခဲ့ရပြီပဲလေ။”
 ဖေဖေဟာ ဒေါသထွက်သွားပါတယ်။
“သားစိတ်တွေ ဘာဖြစ်လို့ ဒီလောက်တောင် ပျော့ညံ့ရတာလဲ။ ဖေဖေ လမ်းပေါ်လျှောက်ပြီး တောင်းစားနေရပါစေ။ သားတို့နှစ်ယောက်ကိုတော့ ပညာပြည့်စုံတဲ့တိုင်အောင် ကျောင်းထားပေးမှာပါ။” အဲဒီနောက် ဖေဖေဟာ ငွေချေးဖို့ ရွာထဲရှိ အိမ်ပေါက်စေ့သွားရန် စတင် ထွက်ခွာသွားပါတယ်။
ကျွန်မဟာ မောင်လေးရဲ့မျက်နှာကို လက်ဖြင့် ညင်သာစွာ ပွတ်သပ်ရင်း ပြောလိုက်ပါတယ်။ “ယောက်ျားလေးတစ်ယောက်ဟာ ပညာဆက်သင်ယူရမယ်။ ဒါမှမဟုတ်ရင်တော့ အစ်မတို့ တွေ့ကြုံနေရတဲ့ ဒီဆင်းရဲမှုမျိုး ကျော်လွှားနိုင်မှာ မဟုတ်ဘူး။” တစ်ဖက်မှာလည်း ကျွန်မက တက္ကသိုလ်မှာ ကျောင်းဆက်မတက်တော့ဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်။
နောက်တစ်နေ့ အရုဏ်မတက်မီ အချိန်အထိတော့ မောင်လေးဟာ အဝတ်စုတ်အနည်းငယ်နဲ့ ပဲသီးခြောက်အချို့ယူကာ အိမ်ကထွက်သွားတာကို မည်သူမှ မသိလိုက်ပါဘူး။ သူဟာ ကျွန်မအိပ်ရာဘေး မသိအောင်လာရင်း ခေါင်းအုံးပေါ်မှာ စာတစ်စောင် ထားခဲ့ပါတယ်။ “အစ်မရေ…တက္ကသိုလ်ရောက်ဖို့ဆိုတာ မလွယ်ပါဘူးဗျာ။ ကျွန်တော် အလုပ်ရှာပြီး အစ်မဆီ ပိုက်ဆံပို့ပေးပါမယ်။” ကျွန်မ အိပ်ရာပေါ်မှာ စာရွက်ကိုကိုင်ရင်း အော်ငိုနေမိတာ အသံဝင်သွားတဲ့ အထိပါပဲ။
နောက်ဆုံးမှာတော့ ဖေဖေ ရွာထဲက ချေးလာတဲ့ငွေရယ်၊ မောင်လေး ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ ဘိလပ်မြေသယ်ရင်း ပို့ပေးတဲ့ငွေရယ်ပေါင်းပြီး တက္ကသိုလ်မှာ တတိယနှစ်ရောက်သည့်တိုင်အောင် ဆက်လက် တက်ရောက်နိုင်ခဲ့ပါတယ်။ အဲဒီနှစ်မှာ မောင်လေးက (၁၇)နှစ်အရွယ်ရှိပြီး ကျွန်မကတော့ (၂၀)နှစ်အရွယ် ရှိနေပါပြီ။
တစ်နေ့…ကျွန်မ အခန်းထဲ စာကြည့်နေစဉ် အခန်းဖော်ရောက်လာပြီး ပြောပါတယ်။ “အပြင်မှာ မင်းကို ရွာသားတစ်ယောက် စောင့်နေတယ်။” ဘယ်ရွာသားကများ ငါ့ကို လာရှာပါလိမ့်လို့ စဉ်းစားရင်း အပြင်ထွက်လိုက်ရာ အဝေးမှာ ကျွန်မမောင်လေးကို တွေ့မြင်လိုက်ပါတယ်။ သူ့တစ်ကိုယ်လုံး အညစ်အကြေးတွေ၊ မြေမှုန်တွေ၊ ဘိလပ်မြေတွေ၊ သဲတွေနဲ့ ညစ်ပတ်နေခဲ့ပါတယ်။ ကျွန်မ မောင်လေးကို မေးလိုက်ပါတယ်။ “အစ်မရဲ့ အခန်းဖော်ကို ဘာဖြစ်လို့ အစ်မမောင်လေးလို့ မပြောခဲ့တာလဲ။”
မောင်လေးဟာ ပြုံးရင်း ပြန်ပြောလိုက်ပါတယ်။ “ကျွန်တော့်ရဲ့ အသွင်အပြင်ကိုလည်း ကြည့်လိုက်ပါဦးဗျာ။ ကျွန်တော်ဟာ အစ်မမောင်လေးလို့ သူတို့သိတဲ့အခါ ဘာများပြောလိုက်မလဲ။ သူတို့က အစ်မကို မလှောင်ပြောင်လောက်ဘူးလား။”
ကျွန်မ အလွန်ခံစားသွားရင်း မျက်ဝန်းမှာ မျက်ရည်တွေ ပြည့်လျှံလာခဲ့ပါတယ်။ မောင်လေးကိုယ်မှ အညစ်အကြေးနဲ့ ဖုန်မှုန်တွေကို ကျွန်မ သန့်ရှင်းပေးလိုက်ပါတယ်။ အဲဒီနောက် လည်ချောင်းမှာ ဆို့နင့်စွာနဲ့ ပြောလိုက်ပါတယ်။ “လူတွေ ဘာပြောပြော အစ်မ ဂရုမစိုက်ဘူး။ မောင်လေးရဲ့ အသွင်အပြင် ဘယ်လိုဖြစ်နေပါစေ…မောင်လေးဟာ အစ်မရဲ့မောင်လေးပါပဲ။”
မောင်လေးဟာ သူ့အိပ်ကပ်ထဲကနေ လိပ်ပြာပုံ ဆံညှပ်လေးတစ်ခု ထုတ်လိုက်ပါတယ်။ ဆံညှပ်လေးကို ကျွန်မခေါင်းမှာ ညှပ်ပေးရင်း ပြောလာပါတယ်။ “မြို့ထဲမှာ မိန်းကလေးတွေ ဒီလိုဆံညှပ်မျိုးသုံးတာ ကျွန်တော်မြင်ခဲ့ပါတယ်။ အစ်မမှာရော ဒီဆံညှပ်မျိုး ရှိသင့်တယ်လို့ ထင်ပါတယ်။” ကျွန်မ ကိုယ့်ကိုယ်ကို မထိန်းနိုင်လောက်အောင် ဖြစ်သွားခဲ့ပါတယ်။ ကျွန်မ မောင်လေးကို ဆွဲကိုင်ရင်း အော်ငိုခဲ့ပါတယ်။ အဲဒီနှစ်မှာ မောင်လေးက (၂၀)နှစ်ရှိပြီ၊ ကျွန်ကတော့ (၂၃)နှစ်ရှိပါပြီ။
ကျွန်မ လက်ထပ်ပြီးတဲ့နောက်မှာ မြို့တစ်မြို့မှာ နေထိုင်ခဲ့ပါတယ်။ ကျွန်မယောက်ျားက ကျွန်မရဲ့ မိဘတွေကို လာနေဖို့ အကြိမ်ပေါင်းများစွာ ခေါ်ခဲ့ပေမယ့်လည်း ဖေဖေနဲ့မေမေက ငြင်းဆိုခဲ့ပါတယ်။ ဖေဖေနဲ့မေမေက ရွာမှ ထွက်လာမယ်ဆိုရင် ဘာလုပ်ရမှန်း မသိပါဘူးလို့တော့ တစ်ကြိမ်မှာ ပြောဆိုခဲ့ပါတယ်။ မောင်လေးကလည်း ဖေဖေနဲ့မေမေနဲ့ တစ်သဘောတည်းပါပဲ။ သူကလည်း ပြောလာပါတယ်။ “အစ်မ…အစ်မရဲ့ ယောက္ခမတွေကို ဂရုစိုက်လိုက်ပါ။ ဖေဖေနဲ့မေမေကို ကျွန်တော် ဂရုစိုက်လိုက်ပါမယ်။”
ကျွန်မ ယောက်ျားဟာ သူလုပ်နေတဲ့ စက်ရုံမှာ ဒါရိုက်တာတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ပြုပြင်ရေးဌာနစုမှာ မန်နေဂျာလုပ်ရန် ကမ်းလှမ်းချက်ကို လက်ခံလိုက်ဖို့ မောင်လေးကို တိုက်တွန်းနားချခဲ့ပါတယ်။ ဒါပေမယ့် မောင်လေးကတော့ အဲဒီကမ်းလှမ်းချက်ကို ငြင်းပယ်ခဲ့ပါတယ်။ သူဟာ သုညမှ စတင် တည်ဆောက်ချင်ကြောင်းပြောရင်း ပြုပြင်ရေးလုပ်သားအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။
တစ်နေ့… ကျွန်မမောင်လေး လှေကားထိပ်တက်ရင်း ကေဘယ်လ်ကြိုးတစ်ချောင်း ပြုပြင်နေစဉ် ဓာတ်လိုက်လို့ ဆေးရုံတင်လိုက်ရပါတယ်။ ကျွန်မယောက်ျားနဲ့ ကျွန်မတို့ ဆေးရုံသွားပြီး မောင်လေးကို ကြည့်ရူ့ခဲ့ပါတယ်။ သူ့ခြေချောင်းမှာ ပတ်တီးတွေကိုတွေ့တော့ ကျွန်မ  ညည်းတွားပြောဆိုလိုက်ပါတယ်။ “မန်နေဂျာလုပ်ဖို့ ကမ်းလှမ်းချက်ကို ဘာဖြစ်လို့ ငြင်းခဲ့ရတာလဲ။ မန်နေဂျာဆိုရင် ဒီလို အန္တရာယ်များတဲ့ အလုပ်မျိုး လုပ်ရမှာမဟုတ်ဘူး။ ခုတော့ မင်းကိုယ်မင်း ကြည့်လိုက်စမ်း။ ဒဏ်ရာအကြီးအကျယ် ရနေတယ်လေ။ ဘာဖြစ်လို့ အစ်မတို့စကားကို နားမထောင်ခဲ့ရတာလဲ။”
မျက်နှာမှာ တည်ကြည်လေးနက်မှုတွေ ပေါ်လွင်ရင်းနဲ့မောင်လေးဟာ သူ့ရဲ့ဆုံးဖြတ်ချက်ကို အခိုင်အမာ ပြောဆိုလိုက်ပါတယ်။ “ ဒါရိုက်တာတစ်ယောက်ဖြစ်နေတဲ့ ကျွန်တော့်ယောက်ဖကို ထောက်ထားရဦးမှာလေ။ ကျွန်တော်လို ပညာမတတ်တဲ့လူတစ်ယောက် မန်နေဂျာ ဖြစ်လာမယ်ဆိုရင် လူတွေ ဘယ်လိုများ ပြောလိုက်မလဲ။”
ကျွန်မယောက်ျားရဲ့ မျက်ဝန်းမှာလည်း မျက်ရည်တွေ ပြည့်လာခဲ့ပါတယ်။ အဲဒီနောက် ကျွန်မက ပြောလိုက်ပါတယ်။ “ဒါပေမယ့် အစ်မကြောင့် မောင်လေး ပညာမသင်ခဲ့ရတာလေ။”
“အစ်မ ဘာဖြစ်လို့ အတိတ်ကအကြောင်းတွေ ပြောနေရတာလဲ။” မောင်လေးက ပြောဆိုရင်း ကျွန်မလက်ကို ဆုပ်ကိုင်လိုက်ပါတယ်။ အဲဒီနှစ်မှာ မောင်လေးက (၂၆)နှစ်ရှိပြီ၊ ကျွန်မကတော့ (၂၉)နှစ် ရှိပါပြီ။
ရွာက လယ်သမား မိန်းကလေးတစ်ဦးကို လက်ထပ်တဲ့အချိန်မှာ မောင်လေးဟာ (၂၉)နှစ် ရှိနေပါပြီ။ လက်ထပ်မင်္ဂလာ အခမ်းအနားမှာ ဘိသိက်ဆရာက မောင်လေးကို မေးလိုက်ပါတယ်။ “အသင့်ဘဝမှာ အလေးစားဆုံးနဲ့ အချစ်ရဆုံးပုဂ္ဂိုလ်ဟာ ဘယ်သူလဲ။”
မောင်လေးဟာ စဉ်းစားချိန်မယူဘဲ ချက်ချင်းဖြေလိုက်ပါတယ်။ “ကျွန်တော့် အစ်မပေါ့ဗျာ။”  မောင်လေးက ကျွန်မ မမှတ်မိတော့တဲ့ ဖြစ်ရပ်တစ်ခုကို ဆက်လက်ပြောပြပါတယ်။ “ကျွန်တော် မူလတန်းကျောင်းသားဘဝတုန်းက စာသင်ကျောင်းဟာ အခြားရွာတစ်ရွာမှာ ရှိနေခဲ့ပါတယ်။ နေ့စဉ်နေ့တိုင်း ကျွန်တော်နဲ့ အစ်မတို့ဟာ စာသင်ကျောင်းကို နှစ်နာရီအကြာ လမ်းလျှောက်ရင်း အသွားအပြန် ပြုလုပ်ခဲ့ရပါတယ်။ တစ်နေ့မှာတော့ ကျွန်တော့်လက်အိတ်တစ်ခု ပျောက်နေခဲ့တယ်။ အစ်မက သူပိုင်တဲ့ လက်အိတ်တစ်ဖက်ကို ကျွန်တော်ကို ပေးခဲ့တယ်။ အစ်မဟာ ကျန်တဲ့ လက်အိတ်တစ်ဖက်တည်းဝတ်ရင်း အဝေးကြီး လမ်းလျှောက်ခဲ့ရပါတယ်။ ကျွန်တော်တို့ အိမ်ပြန်ရောက်ချိန်မှာ အစ်မရဲ့လက်တွေဟာ အေးလွန်းလို့ တုန်နေခဲ့ပါတယ်။ အစ်မဟာ တူတွေကိုပင် မကိုင်နိုင်လောက်အောင် ဖြစ်ခဲ့ရပါတယ်။ အဲဒီနေ့ကစပြီး ကျွန်တော် သံဓိဌာန် ချမှတ်ခဲ့ပါတယ်။ ကျွန်တော် အသက်ရှင်နေသရွေ့ အစ်မအပေါ် အမြဲတမ်း ကောင်းကောင်းမွန်မွန် ဆက်ဆံဖို့နဲ့ ဂရုစိုက်ဖို့ပေါ့ဗျာ။”
တစ်ခန်းလုံး ချီးကျူးသံတွေ ပြည့်လျှံသွားခဲ့ပါတယ်။ ဧည့်ပရိသတ်အားလုံး ကျွန်မကို လှည့်ကြည့်လိုက်ကြပါတယ်။ ကျွန်မ စကားပြောဖို့ ခက်ခက်ခဲခဲ ကြိုးစားခဲ့ရပါတယ်။ “ကျွန်မဘဝမှာ ကျေးဇူးအတင်ရဆုံးကတော့ ကျွန်မမောင်လေးပါပဲ။” ပြီးတော့ ပျော်ရွှင်ဖွယ် မင်္ဂလာအခမ်းအနားတွင် ဧည့်ပရိသတ်တွေရဲ့ရှေ့မှာ ကျွန်မ မျက်ရည်တွေတွေ စီးကျခဲ့ပါတယ်။
သင့်ဘဝမှာ ချစ်ခင်ရတဲ့သူကို တစ်နေ့လောက်တော့ မေတ္တာထားပြီး ဂရုစိုက်ပေးလိုက်ပါ။ သင်လုပ်ပေးခဲ့တဲ့ အရာလေးဟာ သင့်အတွက်တော့ သာမန်အသေးအဖွဲ့မျှသာ ဖြစ်နိုင်ပေမယ့် အခြားသူတစ်ဦးအတွက်တော့ အများကြီး အဓိပ္ပာယ် ရှိနေတတ်ပါတယ်။

နေလင်းအောင် ဘာသာပြန်ဆိုသည်။


မူရင်း အင်္ဂလိပ်စာ...

တန်ဖိုးကိုယ်စီ ရှိကြသည်




        တစ်ခါတုန်းက လောကကြီးထဲမှာ အထင်ကြီးမှုခံယူချင်နေတဲ့ ခွေးလေးတစ်ကောင် ရှိခဲ့တယ်။ သူဟာ လျင်မြန်တဲ့ ခွေးတစ်ကောင်ဖြစ်ပြီး ဇဝနဥာဏ်လည်း ကောင်းလွန်းပါတယ်။ ပြီးတော့ ဘဝမှာ အောင်မြင်မှုရဖို့ ဘာလုပ်ရမယ်ဆိုတာလည်း သိရှိပါတယ်။ သူဟာ သိုးတွေ ပြန်လည် စုစည်းနိုင်တဲ့ သူ့ဖခင်ကို အလွန်ဂုဏ်ယူလေ့ရှိပေမယ့် သူ့ကိုယ်တိုင်ကတော့ ဒီထက်ပိုပြီး စွမ်းဆောင်နိုင်ဖို့ပဲ အလိုရှိနေခဲ့ပါတယ်။
ခွေးကလေးဟာ နေ့စဉ်နေ့တိုင်း ကောင်ကင်ပေါ် မော့ကြည့်လိုက်တဲ့အခါ သူ့အပေါ်မှာ အံ့သြဖွယ်ကောင်းတဲ့ လင်းယုန်ငှက်တစ်ကောင် ပျံသန်းနေတာကို တွေ့မြင်လိုက်ပါတယ်။ သူဟာ လင်းယုန်ငှက်ရဲ့ သွားချင်တဲ့နေရာ သွားနိုင်ပုံ၊ ကျည်ဆန်တစ်ချောင်းလို လျင်မြန်စွာ ထိုးဆင်းနိုင်ပုံနဲ့ လွတ်လွတ်လပ်လပ် နေနိုင်ပုံတွေကို သတိပြုမိခဲ့ပါတယ်။
ခွေးကလေးဟာ လင်းယုန်ငှက်တစ်ကောင်လို ဖြစ်ချင်တဲ့အတွက်ကြောင့် နေ့စဉ်နေ့တိုင်း လင်းယုန်ငှက်ကို စောင့်ကြည့် လေ့လာပါတော့တယ်။ ခွေးကလေးဟာ အစောပိုင်းကတည်းက လင်းယုန်ငှက်လို သတ္တိရှိဖို့၊ လျင်မြန်ဖို့နဲ့ ကြောက်ရွံ့မှုကင်းဖို့ ဘယ်လို လုပ်ရမယ်ဆိုတာ သိရှိပြီးဖြစ်ပါတယ်။ ဒါပေမယ့် လင်းယုန်ငှက်တစ်ကောင်လို အမှန်တကယ် ရှင်သန်နေထိုင်မယ်ဆိုရင်တော့ ခွေးကလေးဟာ သင်ခန်းစာအသစ်တွေနဲ့ ကျွမ်းကျင်မှုအသစ်တွေ သင်ယူသင့်တယ်ဆိုတာ သိခဲ့ပါတယ်။
ဒါကြောင့် နေ့စဉ်နေ့တိုင်း ခွေးကလေးဟာ သူ့ကိုယ်တိုင် သင်ခန်းစာအသစ်တစ်ခု သင်ယူလေ့လာဖို့ ကြိုးစားခဲ့ပါတယ်။ အောက်ဖော်ပြပါတွေကတော့ လင်းယုန်ငှက်တစ်ကောင်လို ဖြစ်လာဖို့အတွက် လုံ့လဝီရိယရှိရှိ နဲ့ သူ ဆက်လက်ကြိုးစားသင့်တယ်ဆိုတဲ့ သင်ခန်းစာအချို့ပါပဲ။
သင်ခန်းစာ(၁)။             ။“ကောင်းကင်မှာ မြင့်မြင့်ပျံနိုင်ဖို့အတွက် ငါဟာ အမွေးအတောင်တွေ နဲ့ တောင်ပံတွေ ပေါက်လာသင့်တယ်။”
သင်ခန်းစာ(၂)။             ။“သားကောင်ကို အဝေးကနေ မြင်နိုင်ဖို့အတွက် ငါ့ရဲ့အမြင်အာရုံ စူးရှထက်မြက်သင့်တယ်။”
သင်ခန်းစာ(၃)။             ။“ သားကောင်ဟာ ခုခံကာကွယ်နိုင်စွမ်းမရှိဖို့ ငါ့မှာ လုံလောက်တဲ့ စိတ်ရှည်မှု ရှိသင့်တယ်။”
သင်ခန်းစာ(၄)။             ။“သားကောင်ကို မြဲမြဲမြံမြံ ဆုပ်ကိုင်ထားနိုင်ဖို့အတွက် ငါ့ရဲ့လက်သည်းနဲ့ သွားတွေဟာ ထက်မြက်နေသင့်တယ်။”
သင်ခန်းစာ(၅)။             ။ငါ့ရဲ့လွတ်လပ်မှုကို သက်သေပြရန်အလိုငှာ ငါဟာ ကျောက်တောင်တွေရဲ့ထိပ်မှာ တစ်ကိုယ်တည်း နေသင့်တယ်။”
ခွေးကလေးဟာ လပေါင်းအတော်ကြာ တောထဲမှာ တစ်ကောင်တည်း လေ့ကျင့်ပြီးနောက် လုံးဝကို စိတ်ပျက်လက်ပျက် ဖြစ်လာတော့တယ်။ သူဟာ ပိုပြီးစိတ်ရှည် လွတ်လပ်လာပေမယ့်လည်း စိတ်ဓာတ်ကျဆင်းနေဆဲ ဖြစ်နေပြီး သူ့ဘဝကို မချစ်မြတ်နိုးတော့သလို ဖြစ်လာခဲ့ပါတယ်။
ခွေးကလေးဟာ သူ့မှာ အတောင်ပံတွေ မရှိတာကို သတိပြုမိတဲ့ အချိန်တိုင်း ဝမ်းနည်းလာတယ်။
ခွေးကလေးဟာ သူ့အမြင်အာရုံ ထက်မြက်မလာတာကို တွေ့တဲ့အခါ ပိုပြီးဝမ်းနည်းလာတယ်။
ပြီးတော့ သူ့လက်သည်းတွေနဲ့ သွားတွေ ပိုပြီး မထက်မြက်လာတဲ့အခါ သူဟာ အတော်ကို ဝမ်းနည်းလာခဲ့ပါတယ်။
နောက်ဆုံးမှာတော့ ခွေးကလေးဟာ အမြီးကုပ်ရင်း အိမ်ပြန်လာခဲ့တယ်။ သူဟာ သူ့အဖေဆီသွားပြီး ဘယ်လောက်ပဲ ကြိုးစားအားထုတ်ပါစေ…သူဖြစ်ချင်တဲ့ လင်းယုန်ငှက် ဘယ်တော့မှ ဖြစ်လာနိုင်မှာ မဟုတ်တော့ဘူးလို့ ပြောဆိုရင်း အဆက်မပြတ် ငိုပါတော့တယ်။
ခွေးကလေး မသိခဲ့တာကတော့ သူ့အဖေဟာ ကမ္ဘာမှာရှိတဲ့ အတော်ဆုံးခွေးတွေထဲက တစ်ကောင်အပါအဝင် ဆိုတာပါပဲ။ခွေးကလေး မျက်ရည်မရှိသလောက် ငိုပြီးတဲ့အချိန်မှာ သူ့အဖေဟာ ကိုယ့်ဘဝကိုယ် ချစ်မြတ်နိုးနေထိုင်တတ်ဖို့ သူသိထားတဲ့ လျှို့ဝှက်ချက်တွေ မျှဝေပေးဖို့ရာ အချိန်ကျရောက်လာပြီဆိုတာ သိလာခဲ့ပါတယ်။
“သားရေ… လင်းယုန်ငှက်တစ်ကောင် ဖြစ်ချင်နေတဲ့ သားရဲ့စိတ်ကူးအိပ်မက်ကို ဖေဖေသိတာပေါ့ကွာ။ လင်းယုန်ငှက်တွေဟာ ဖေဖေတို့အားလုံး ချီးကျူးလောက်သော စွမ်းရည်တွေရှိနေတဲ့၊ အံ့ဖွယ်လှပတဲ့ သတ္တဝါတွေပါပဲ။ သားဟာ လင်းယုန်ငှက်တွေလိုပဲ ပိုပြီး စိတ်ရှည်ဖို့နဲ့ ပိုပြီး လွတ်လပ်ဖို့ ပြုလုပ်နိုင်ခဲ့ပါတယ်။
ဒါပေမယ့် သား သိလာတာကတော့ သားဟာ ဘယ်လောက်ပဲ ကြိုးစားအားထုတ်ပါစေ… လင်းယုန်ငှက်တစ်ကောင် ဖြစ်မလာဘဲ ခွေးတစ်ကောင်ပဲ ဖြစ်နေမယ်ဆိုတာပါပဲ။ သား ဘယ်လို ဖြစ်သင့်တယ်လို့ ကိုယ့်ကိုယ်ကို ပြောနေခြင်းဟာ နာကျင်မှုတွေကိုပဲ ဖြစ်စေတတ်ပါတယ်။ သားဟာ ကိုယ့်မှာ ရှိနေပြီးသားဖြစ်တဲ့ အံ့ဖွယ်လှပ ချီးကျူးဖွယ်ကောင်းတဲ့ စွမ်းရည်တွေကို မေ့နေသလို ကိုယ့်ရဲ့ဖြစ်တည်မှုကိုလည်း မေ့နေခဲ့ပါတယ်။
သားဟာ ဖြစ်နိုင်သလောက် အကောင်းဆုံးခွေးတစ်ကောင် ဖြစ်လာခဲ့ပြီးပါပြီ။ ပြီးတော့ သားဟာ စိတ်အားထက်သန်မှုနဲ့ စိတ်ကူးအိပ်မက်ကို အကောင်အထည်ဖော်ခဲ့တဲ့အတွက် ဖေဖေ ဂုဏ်ယူမိပါတယ်။ သားဟာ အတော်ကို သတ္တိရှိတဲ့၊ လျင်မြန်တဲ့၊ အကြောက်အရွံကင်းတဲ့၊ စိတ်ရှည်တဲ့၊ လွတ်လပ်တဲ့ ခွေးတစ်ကောင်ဆိုတာ ဖေဖေ သိပါတယ်။ ပြီးတော့ ခွေးတွေနဲ့ လင်းယုန်ငှက်တွေအပါအဝင် အခြားတိရ စ္ဆာန်တွေကလည်း သားကို တအံ့တသြကြည့်ပြီး သားလိုဖြစ်ဖို့ သင်ယူချင်တဲ့ ဆန္ဒရှိနေကြပါတယ်။
ဒီလောကကြီးထဲမှာ သားကို ပြိုင်စံကင်းတဲ့ စွမ်းရည်တွေ၊ အားအင်တွေနဲ့ ဖန်တီးပေးလိုက်တယ်ဆိုတာ သတိရလိုက်ပါ။ ဒါဆိုရင် ဒီဘဝမှာ သားရဲ့ ဝါသနာတွေနဲ့ ရည်ရွယ်ချက်တွေကို တွေ့မြင်လာပါလိမ့်မယ်။ ငှက်တစ်ကောင်ဟာ ဘယ်တော့မှ ခွေးတစ်ကောင် ဖြစ်မလာနိုင်သလို ခွေးတစ်ကောင်ဟာလည်း ငှက်တစ်ကောင် ဖြစ်မလာနိုင်ပါဘူး။ ဒီတော့ သားဟာ နောင်တစ်ချိန်မှာ အခြားတိရ စ္ဆာန်တစ်မျိုးမျိုး ဖြစ်ချင်တဲ့အခါတိုင်း ငှက်ခွေးဖြစ်ချင်တာကို ရပ်တန့်ဖို့ မိမိကိုယ်ကို သတိပေးလိုက်ပါ။ ပြီးတော့ သားမှာ ရှိနေပြီးသားဖြစ်တဲ့ လက်ဆောင်တွေကို သတိရလိုက်ပါ။
အဲဒီနောက်မှာတော့ ခွေးကလေးဟာ မျက်ဝန်းထဲမှာ မျှော်လင့်ချက်အသစ်နဲ့ မော့ကြည့်ကာ လယ်ကွင်းထဲသို့ အေးအေးဆေးဆေး လျှောက်သွားပါတယ်။ သူဟာ ကောင်းကင်ကိုမော့ကြည့်ရင်း လင်းယုန်ငှက်တစ်ကောင် ဖြစ်လာဖို့ ဆန္ဒ မရှိတော့ပါဘူး။ အဲဒီအစား မိမိရဲ့ လက်ရှိခွေးဘဝကို ပိုပြီး နားလည်သဘောပေါက်လာအောင် ကူညီပေးခဲ့တဲ့အတွက၊် စွမ်းရည်အသစ်တွေကို သင်ယူခဲ့ရတဲ့အတွက် လင်းယုန်ငှက်ကို တည့်တည့်ကြည့်ကာ ကျေးဇူးတင်နေမိပါတော့တယ်။
သူဟာမိမိဘဝကို နှစ်နှစ်ကာကာချစ်ခင်တဲ့ ခွေးတစ်ကောင် ဖြစ်လာခဲ့ပါတော့တယ်။

နေလင်းအောင် ဘာသာပြန်ဆိုသည်။
မူရင်း အင်္ဂလိပ်စာ...

ဇနီးတစ်ဦးရဲ့ မေတ္တာ





             အဲဒီနေ့ည  အိမ်ပြန်ရောက်တော့ ညစာပြင်ဆင်နေတဲ့ ဇနီးဖြစ်သူထံသွားပြီး သူမလက်ကို ဆုပ်ကိုင်ရင်း ကျွန်တော် ပြောလိုက်ပါတယ်။ “ကိုယ် မင်းကို ပြောစရာရှိတယ်။” သူမကတော့ ထိုင်ချလိုက်ပြီး တိတ်တဆိတ်နဲ့ စားသောက်နေခဲ့ပါတယ်။ သူမမျက်လုံးမှာ နာကျင်မှုတွေကို နောက်တစ်ဖန် ကျွန်တော် သတိပြုမိလိုက်ပါတယ်။ 
            ရုတ်တရက် ကျွန်တော် ဆွံ့အသလိုဖြစ်ရင်း ပါးစပ်မဟနိုင် ဖြစ်သွားရပါတယ်။ ဒါပေမယ့် သူမ ကျွန်တော်ရဲ့ ခံစားချက် သိရမှ ဖြစ်ပါမယ်။ ကျွန်တော် ကွာရှင်းပြတ်စဲ နေချင်ခဲ့ပါတယ်။ ကျွန်တော် ဒီအကြောင်းအရာကို တည်ငြိမ်စွာနဲ့ အစပြုလိုက်ပါတယ်။ သူမကတော့ ကျွန်တော့်စကားနဲ့ပတ်သက်ပြီး စိတ်အနှောင့်အယှက် ဖြစ်ပုံမရဘဲ ဘာကြောင့် ကွာရှင်းချင်ရတာလဲ ဆိုတာကိုသာ ညင်သာစွာ မေးမြန်းလာပါတယ်။
           ကျွန်တော် သူမမေးခွန်းကို ပြန်မဖြေခဲ့ပါဘူး။ အဲဒါကြောင့် သူမ ဒေါသထွက်လာတယ်။ သူမ တူတွေကိုလွှင့်ပစ်ရင်း ကျွန်တော်ကို အော်ပြောလိုက်ပါတယ်။ “ ရှင်ဟာ လူမဟုတ်ဘူးပဲ။” အဲဒီနေ့ညက ကျွန်တော်တို့ စကားမပြောဖြစ်ကြပါဘူး။ သူမ အိပ်ပျော်နေခဲ့ပါတယ်။ အိမ်ထောင်ရေးမှာ မည်သည့်အားနက်ချက်ရှိသည်ကို သူမ ရှာကြည့်ချင်တယ်လို့ ကျွန်တော် သိနားလည်ခဲ့ပါတယ်။ ဒါပေမယ့် သူမကျေနပ်လောက်မယ့် အဖြေမျိုးပေးဖို့ ကျွန်တော် အခက်ကြုံခဲ့ရပါတယ်။ ကျွန်တော့်နှလုံးသားဟာ ဂျိန်းဆိုတဲ့ အမျိုးသမီးတစ်ဦးထံ ရောက်နေခဲ့ပါတယ်။ ကျွန်တော် သူမကို မချစ်တော့ပါဘူး။ သူမကို သနားနေမိရုံသာ ရှိပါတော့တယ်။
             အပြစ်ရှိတယ်လို့ ခံစားမိရင်း ကျွန်တော်ဟာ ကွဲရှင်းပြတ်စဲမှု သဘောတူစာချုပ်ကြမ်းကို ရေးနေမိပါတယ်။ အဲဒီအထဲမှာ အိမ်ရယ်၊ ကားရယ်နဲ့ ကုမ္ပဏီရဲ့ ရှယ်ယာ (၃၀)%ကို သူမပေးဖို့ တင်ပြခဲ့ပါတယ်။ သူမ စာချုပ်မူကြမ်းကို စိုက်ကြည့်ပြီးနောက် အပိုင်းပိုင်း စုတ်ဖြဲပစ်လိုက်တယ်။ ကျွန်တော်နဲ့ ဆယ်နှစ်လောက် ပေါင်းသင်းခဲ့တဲ့ အမျိုးသမီးဟာ ခုတော့ သူစိမ်းတစ်ဦးလို ဖြစ်လာခဲ့ပါတယ်။ သူမရဲ့ အချိန်တွေ၊ အရင်းအမြစ်တွေနဲ့ အားအင်တွေကို ကျွန်တော်နဲ့အတူ ဖြုန်းတီးခဲ့တဲ့အတွက် စိတ်တော့မကောင်းမိပါဘူး။ ဒါပေမယ့် ကျွန်တော် ပြောခဲ့တဲ့စကားကိုတော့ ပြန်မရုပ်သိမ်းနိုင်ပါဘူး။ အကြောင်းကတော့ ကျွန်တော်ဟာ ဂျိန်းကို နှစ်နှစ်ကာကာ ချစ်နေလို့ပါပဲ။ နောက်ဆုံးမှာတော့ တွေ့ကြုံရလိမ့်မယ်လို့ မျှော်လင့်ထားတဲ့အတိုင်း သူမ ကျွန်တော့်ရှေ့မှာ အော်ငိုနေခဲ့ပါတယ်။့  သူမရဲ့ ငိုကြွေးမှုဟာ ကျွန်တော့်အတွက် စိတ်ထွက်ပေါက် ရစေခဲ့ပါတယ်။ ရက်သတ္တပတ်ပေါင်းများစွာ တအုံနွေးနွေးဖြစ်နေခဲ့တဲ့ ကွာရှင်းပြတ်စဲဖို့ စိတ်ကူးအိပ်မက်ဟာ ခုတော့ ပိုပြီးခိုင်မာ ပြတ်သားလာခဲ့ပါတယ်။
             နောက်တစ်နေ့တွင် ကျွန်တော် ညည့်နက်မှ အိမ်ပြန်ရောက်တော့ သူမ စာရေးစားပွဲမှာ တစ်ခုခုရေးနေကြောင်း တွေ့မြင်ခဲ့ပါတယ်။ ကျွန်တော် ညစာမစားတော့ဘဲ အိပ်ရာဆီ တန်းသွားရင်း အိပ်ချလိုက်ရာ ချက်ချင်းအိပ်ပျော်သွားပါတယ်။ အကြောင်းကတော့ အဲဒီနေ့က ဂျိန်းနဲ့အတူ ပျော်ရွှင်ခဲ့ရတဲ့အတွက် ကျွန်တော် ပင်ပန်းနေခဲ့လိုပါပဲ။ ကျွန်တော် တစ်ရေးနိုးတဲ့အချိန်မှာ သူမ စာရေးစားပွဲမှာပဲ စာရေးနေပါသေးတယ်။ ကျွန်တော် ဂရုစိုက်မနေတော့ဘဲ အခြားတစ်ဖက်လှည့်ရင်း အိပ်ပျော်သွားပြန်တယ်။
             နောက်တစ်နေ့နံနက်မှာ သူမက ကွာရှင်းပြတ်စဲမှု သတ်မှတ်ချက်တွေ တင်ပြလာပါတယ်။ ကျွန်တော့်ထံမှ ဘာမှမယူလိုဘဲ မကွာရှင်းမီ တစ်လအကြာ ဂရုစိုက်ပေးမှုကိုပဲ အလိုရှိပါတယ်တဲ့။ ဒီတစ်လအတွင်း ကျွန်တော်တို့နှစ်ဦးဟာ တတ်နိုင်သမျှ ပုံမှန်ဘဝအတိုင်း ရှင်သန်နေထိုင်နိုင်ဖို့ ကြိုးစားရန် သူမက မေတ္တာရပ်ခံခဲ့ပါတယ်။ သူမရဲ့ အကြောင်းပြချက်ကတော့ ရိုးရိုးလေးပါပဲ။ ကျွန်တော်တို့ရဲ့သားဟာ တစ်လအတွင်း စာမေးပွဲဖြေရမှာ ဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ကွာရှင်းမှုကြောင့် သူ့ကို အနှောင့်အယှက် မဖြစ်စေချင်လို့ပါတဲ့။
            ကျွန်တော် လက်ခံလိုက်ပါတယ်။ ဒါပေမယ့် သူမအတွက် တစ်ခုရှိပါသေးတယ်။ ကျွန်တော်တို့ လက်ထပ်တဲ့နေ့က သတို့သမီးအခန်းထဲ သူမကို ကျွန်တော်ပွေ့ချီခဲ့တာ ပြန်စဉ်းစားလိုက်ဖို့ ပြောခဲ့ပါတယ်။ တစ်လတာအတွင်း နံနက်တိုင်း အိပ်ခန်းကနေ အိမ်ရှေ့တံခါးထိ သူမကို ပွေ့ချီသွားဖို့လည်း မေတ္တာရပ်ခံပါသေးတယ်။ သူမ ရူးသွားပြီပဲလို့ ကျွန်တော် တွေးလိုက်မိပါတယ်။ ကျွန်တော်တို့ရဲ့ နောက်ဆုံးနေ့ရက်တွေကို သည်းခံဖို့ဆုံးဖြတ်ရင်း သူမရဲ့ ထူးဆန်းတဲ့တောင်းဆိုမှုကို လက်ခံခဲ့ပါတယ်။
            ဂျိန်းကို ကျွန်တော့်ဇနီးရဲ့ ကွာရှင်းပြတ်စဲမှု သတ်မှတ်ချက်တွေ ပြောပြခဲ့ပါတယ်။ သူမဟာ အဓိပ္ပာယ်မရှိဘူးလို့ တွေးရင်း ကျယ်လောင်စွာ အော်ရယ်နေခဲ့ပါတယ်။ ကျွန်တော့်ဇနီးဟာ ဘယ်လိုလှည့်စားမှုတွေ အသုံးပြုလာပါစေ…သူမ အထင်သေးစွာ ပြောဆိုခဲ့တဲ့အတိုင်း ကွာရှင်းပြတ်စဲမှုကို ရင်ဆိုင်တွေ့ကြုံ လာရမှာပါပဲ။
           ကျွန်တော်ရဲ့ ကွာရှင်းပြတ်စဲဖို့  ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြောဆိုပြီးကတည်းက ကျွန်တော်နဲ့ ဇနီးဖြစ်သူတို့ဟာ ဖက်လဲတကင်း မရှိကြတော့ပါဘူး။ ဒါကြောင့် ပထမဆုံးနေ့ရက်မှာ သူမကို ပွေ့ချီလိုက်တော့ ကျွန်တော်တို့နှစ်ဦးလုံး အနေခက်နေကြပါတယ်။ ကျွန်တော်တို့ရဲ့သားက နောက်ကနေ လက်ခုပ်တီးရင်း “ဖေဖေက မေမေကို ပွေ့ချီနေပါတယ်”လို့ ပြောလိုက်ပါတယ်။ သားရဲ့စကားကြောင့် ကျွန်တော် နာကျင်မှု ခံစားလိုက်ရပါတယ်။ အိပ်ခန်းကနေ ဧည့်ခန်းအထိ၊ ပြီးတော့ တံခါးဝအထိ သူမကို ပွေ့ချီရင်း ဆယ်မီတာအကျော် ကျွန်တော် လျှောက်လှမ်းခဲ့ရပါတယ်။ သူမက မျက်လုံးပိတ်ရင်း ခပ်တိုးတိုး ပြောလိုက်ပါတယ်။ “သားကို ကျွန်မတို့ ကွာရှင်းပြတ်စဲမှာ မပြောပါနဲ့။” ကျွန်တော် စိတ်မကောင်းဖြစ်သွားရင်း ခေါင်းညိတ်လိုက်ပါတယ်။ ကျွန်တော် သူမကို တံခါးရှေ့မှာ ချပေးလိုက်ပါတယ်။ သူမက ကားဂိတ်လျှောက်သွားရင်း အလုပ်သွားဖို့ ကားစောင့်နေခဲ့ပါတယ်။ ကျွန်တော် တစ်ဦးတည်း ရုံးဌာနသို့ ကားမောင်းလာခဲ့ပါတယ်။
         ဒုတိယမြောက်နေ့မှာတော့ ကျွန်တော်တို့နှစ်ဦးလုံး ပိုပြီး သက်သောင့်သက်သာနဲ့ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ သူမ ကျွန်တော့်ရင်ဘတ်ကို မှီလိုက်ပါတယ်။ သူမဘလောက်အင်္ကျီက ထွက်ပေါ်လာတဲ့ ရေမွေးနံ့ကို ကျွန်တော်ရူရှိုက်မိလိုက်ပါတယ်။ ကျွန်တော်ဟာ ဇနီးဖြစ်သူကို အချိန်အတော်ကြာ စေ့စေ့စပ်စပ် မကြည့်ခဲ့ရကြောင်း သတိပြုမိလိုက်ပါတယ်။ သူမ မနုပျိုတော့ကြောင်းကိုလည်း သတိထားမိလိုက်ပါတယ်။ သူမမျက်နှာမှာ အရေးအကြောင်းတွေ ပေါ်နေသလို ဆံပင်တွေလည်း ဖြူနေခဲ့ပါပြီ။ ကျွန်တော်တို့ရဲ့လက်ထပ်မှုက သူမအပေါ် ပျက်စီးဆုံးရှုံးမှုတွေ သယ်ဆောင်လာခဲ့သလိုပါပဲ။  ကျွန်တော်ဟာ အချိန်အနည်းအကြာ သူမအတွက် ဘာများလုပ်ပေးခဲ့သလဲ စဉ်းစားလိုက်ပါတယ်။
            စတုတ္ထမြောက်နေ့မှာ ကျွန်တော် သူမကိုပွေ့ချီလိုက်တော့ နွေးထွေးမှု တဖန်ပြန်ရောက်လာသလို ခံစားမိလိုက်ပါတယ်။ ဒီအမျိုးသမီးကြီးဟာ သူမဘဝရဲ့ ဆယ်နှစ်တာကာလကို ကျွန်တော့်အတွက် ပေးဆပ်ခဲ့ပါတယ်။ ငါးရက်မြောက်နေ့နဲ့ ခြောက်ရက်မြောက်နေ့မှာ ကျွန်တော်တို့ရဲ့ နွေးထွေးမှုဟာ နောက်ထပ်တဖန် တိုးပွားလာကြောင်း ကျွန်တော် သတိပြုမိခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ ကျွန်တော် ဂျိန်းကို ပြောမပြခဲ့ပါဘူး။ တစ်လတာကုန်ဆုံးဖို့ နီးကပ်လာသလို ကျွန်တော့်အတွက် သူမကို သယ်ဆောင်ဖို့ ပိုပြီးလွယ်ကူလာပါတယ်။ နေ့တိုင်းသယ်ဆောင်ပေးခဲ့လို့ ကျွန်တော် ပိုပြီးသန်မာလာတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
           တစ်နေ့နံနက်မှာတော့ သူမ ဝတ်ဖို့ဝတ်စုံ ရွေးနေခဲ့ပါတယ်။ တိတ်တဆိတ်နဲ့ အဝတ်အနည်းငယ် ရွေးချယ်ခဲ့ပေမယ့်လည်း သင့်တော်ရာဝတ်စုံ မတွေ့ခဲ့ပါဘူး။ အဲဒီနောက် သူမ သက်ပြင်းချရင်း ပြောလိုက်ပါတယ်။ “ကျွန်မအဝတ်တွေအားလုံး ပိုကြီးကုန်ကြပြီ။”  သူမ အလွန်ပိန်လီလာကြောင်း ရုတ်တရုတ် ကျွန်တော် သတိပြုမိလိုက်ပါတယ်။ အဲဒါကြောင့်ပဲ ကျွန်တော် သူမကို ပိုပြီး သက်သောင့်သက်သာနဲ့ ပွေ့ချီနိုင်ခဲ့ရတာပါ။
        သူမနှလုံးသားထဲမှာ နာကြည်းခါးသီးမှုတွေ မြှုပ်နှံထားရကြောင်း တွေးမိတဲ့အခါ ကျွန်တော် ခံစားသွားရပါတယ်။ ကျွန်တော်ဟာ မသိစိတ်ရဲ့စေခိုင်းမှုကြောင့် သူမဆီသွားရင်း သူမခေါင်းကို ပွတ်သပ်ပေးမိပါတယ်။
        အဲဒီအချိန်မှာ သား ရောက်လာပြီ ပြောလိုက်ပါတယ်။ “ဖေဖေ…မေမေကို ပွေ့ချီဖို့ အချိန်ကျပြီလေဗျ။” သားအတွက်တော့ အဖေဖြစ်သူ သူ့အမေကို ပွေ့ချီတာ သူ့ဘဝရဲ့ မရှိမဖြစ် အစိတ်အပိုင်းလို ဖြစ်နေခဲ့ပါပြီ။ ကျွန်တော့်ဇနီးက သားကို အနားလာဖို့ အမှုအရာပြရင်း သားဖြစ်သူကို တင်းကျပ်စွာ ပွေ့ဖတ်လိုက်ပါတယ်။ ကျွန်တော်ကတော့ နောက်ဆုံးအချိန်မှာ ကျွန်တော့်စိတ် ပြောင်းလဲသွားမှာကို စိုးရိမ်ကြောက်ရွံ့ရင်း မျက်နှာလွှဲလိုက်မိပါတယ်။ အဲဒီနောက် အိပ်ခန်းထဲမှ သူမကို ပွေ့ချီရင်း ဧည့်ခန်းကတဆင့် စင်္ကြံဘက်ဆီ ခေါ်ဆောင်သွားလိုက်ပါတယ်။ သူမလက်တွေကတော့ ကျွန်တော့်ပုခုံးကို နူးညံ့စွာနဲ့ သဘာဝကျကျ သိုင်းဖက်ထားခဲ့ပါတယ်။ ကျွန်တော်တို့ လက်ထပ်ခဲ့တဲ့ နေ့ကအတိုင်း ကျွန်တော်ဟာ သူမကိုယ်ကို တင်းကျပ်စွာ သိုင်းဖက်ထားခဲ့ပါတယ်။
          ဒါပေမယ့် ပိုပြီးပိန်ပိန်လာတဲ့ သူမကို ကျွန်တော် စိတ်မကောင်း ဖြစ်မိပါတယ်။ (တစ်လပြည့်တဲ့) နောက်ဆုံးနေ့မှာတော့  ကျွန်တော် သူမကို ပွေ့ချီပြီးတဲ့အခါ ခြေတစ်လှမ်းပင် ခက်ခက်ခဲခဲ လျှောက်လှမ်းရပါတယ်။ ကျွန်တော်တို့သားဟာ ကျောင်းသွားနေပါပြီ။ ကျွန်တော် သူမကို တင်းကျပ်စွာပွေ့ရင်း ပြောလိုက်ပါတယ်။ “ကိုယ်တို့ဘဝမှာ နွေးထွေးမှု ကင်းမဲ့နေခဲ့တယ်ဆိုတာ သတိမထားမိပါဘူး။” ကျွန်တော် ရုံးခန်းဆီ ကားမောင်းလာခဲ့ပါတယ်။ ကားတံခါးကို မပိတ်တော့ဘဲ လျှင်မြန်စွာ ဆင်းလိုက်မိတယ်။ တစ်ခုခုကြောင့် ကျွန်တော့်စိတ် ပြောင်းလဲသွားမှာကို စိုးရိမ်ရင်း လှေကားပေါ် တက်လာခဲ့ပါတယ်။ ဂျိန်း အခန်းတံခါး ဖွင့်ပေးလိုက်တဲ့အခါ ကျွန်တော် သူမကို ပြောလိုက်ပါတယ်။ “ဂျိန်းရေ…စိတ်မကောင်းပါဘူးကွာ။ ကိုယ် မကွာရှင်းချင်တော့ဘူး။”
              သူမ ကျွန်တော့်ကို တအံ့တသြကြည့်ရင်း ကျွန်တော့်နဖူးကို စမ်းလိုက်ပါတယ်။ “ရှင် နေကောင်းရဲ့လား”လို့ သူမက မေးလိုက်ပါတယ်။ ကျွန်တော် သူမလက်ကို နဖူးပေါ်ကနေ ဖယ်ထုတ်ပစ်လိုက်ပါတယ်။ “ဂျိန်းရေ…စိတ်မကောင်းပါဘူး။ ငါ မကွာရှင်းတော့ဘူး” လို့ ကျွန်တော် ပြောလိုက်ပါတယ်။ ကျွန်တော်တို့ရဲ့ အိမ်ထောင်ရေး စိတ်ကုန်ဖွယ်ဖြစ်လာတာ တစ်ဦးကို တစ်ဦး မချစ်တော့တာကြောင့် မဟုတ်ဘဲ ကျွန်တော်တို့ဘဝရဲ့ အသေးအဖွဲ့လေးတွေကို တန်ဖိုးမထားခဲ့တာကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ လက်ထပ်တဲ့နေ့က ဇနီးလောင်းကို ကျွန်တော့်အိမ် ခေါ်ဆောင်ခဲ့စဉ်က သေမင်းက ကျွန်တော်တို့ကို ခွဲခြားတဲ့အချိန်တိုင်အောင် သူမကိုပဲ လက်တွဲသွားခဲ့မယ်လို့ ပြောဆိုခဲ့မိတာ သတိရလိုက်မိပါတယ်။ ဂျိန်းဟာ ရုတ်တရက် လန့်နိုးလာသလိုပါပဲ။ သူမ ကျွန်တော့်ပါးကို ဗြန်းခနဲရိုက်ပြီးနောက် တံခါးကိုဆောင့်ပိတ်ကာ မျက်ရည်စက်လက်နဲ့ ထွက်ခွာသွားပါတယ်။ ကျွန်တော်လည်း လှေကားအတိုင်းဆင်းလာရင်း ကားမောင်းထွက်ခဲ့ပါတယ်။ လမ်းမှာ ပန်းဆိုင်တစ်ဆိုင်တွေ့တော့ ကျွန်တော့်ဇနီးအတွက် ပန်းတစ်စီး မှာလိုက်ပါတယ်။ အရောင်းစာရေးမက ကတ်ပြားပေါ်တွင် မည်သို့ရေးချင်ကြောင်း မေးလိုက်ပါတယ်။ ကျွန်တော် ပြုံးပြလိုက်ရင်း ကိုယ်တိုင်ရေးလိုက်ပါတယ်။ “သေမင်းက ကိုယ်တို့နှစ်ဦးကို ခွဲခွာတဲ့အချိန်တိုင်အောင် နံနက်တိုင်း မင်းကို ပွေ့ချီပေးသွားပါမယ်။”
            အဲဒီနေ့ညနေ အိမ်ပြန်ရောက်တော့ ကျွန်တော်ဟာ လက်ထဲမှာ ပန်းတွေကိုကိုင်၊ အပြုံးပန်းဆင်ရင်း လှေကားပေါ် တက်ခဲ့ပါတယ်။ အိပ်ရာထဲမှာ ကျွန်တော့်ဇနီး သေဆုံးနေတာကိုပဲ တွေ့လိုက်ပါတယ်။ ကျွန်တော့်ဇနီး ကင်ဆာရောဂါ ဝေဒနာ ခံစားနေရတာ လပေါင်းအတော် ကြာနေပြီဖြစ်ပေမယ့် ကျွန်တော်ကတော့ ဂျိန်းနဲ့ကုန်လွန်နေခဲ့တဲ့အတွက် သူမကို ဂရုမစိုက် မိခဲ့ပါဘူး။ မကြာမီ သူမ သေဆုံးတော့မှာကို သိရှိရင်း အိမ်ထောင်ရေး ကွာရှင်းမှုနဲ့ပတ်သက်ပြီး သားဖြစ်သူ ကျွန်တော့်အပေါ် မကောင်းမမြင်အောင် ကာကွယ်တားဆီးပေးချင်ခဲ့ကြောင်း ကျွန်တော် သိမြင်လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ကျွန်တော်ဟာ ချစ်ခင်ဖွယ် ခင်ပွန်းကောင်းတစ်ဦးလို့ပဲ ကျွန်တော့်သား မြင်သွားပါလိမ့်မယ်။
            သင့်ဘဝရဲ့ အသေးအဖွဲ့လေးတွေဟာ အိမ်ထောင်ရေးမှာ တကယ်ကို အရေးပါပါတယ်။ အိမ်ကြီးရခိုင်၊ မော်တော်ကား၊ ဥစ္စာပစ္စည်းနဲ့ ဘဏ်မှာရှိတဲ့ ငွေစသည်တို့ဟာ အိမ်ထောင်ရေးမှာ အရေးမပါပါဘူး။ ဒီအရာတွေဟာ ပျော်ရွှင်မှုအတွက် အထောက်အကူပေးတဲ့ ဝန်းကျင်တစ်ခု ဖန်တီးပေးနိုင်ပေမယ့်လည်း အတွင်းစိတ် ပျော်ရွှင်မှုကိုတော့ မဖန်တီးပေးနိုင်ပါဘူး။
              ဒါကြောင့် သင်ဟာ သင့်အိမ်ထောင်ဖက်ကို အချိန်ပေးရင်း တစ်ဦးအပေါ်တစ်ဦး နွေးထွေးမှုတိုးစေမယ့် အသေးအဖွဲ့လေးတွေကို ပြုလုပ်ပေးလိုက်ပါတယ်။ တကယ့်ကိုပျော်ရွှင်ရတဲ့ အိမ်ထောင်မှုသုခ ခံစားလိုက်စမ်းပါ။
              မေတ္တာတရားဆိုတာ ရတနာအားလုံးမှာ အဖိုးအထိုက်တန်ဆုံးပါ။ မေတ္တာတရား မရှိဘူးဆိုရင် ဘယ်အရာမှ မရှိနိုင်ပါ။ မေတ္တာတရား ရှိတယ်ဆိုရင် အရာရာ ဖြစ်လာနိုင်ပါတယ်။ ချစ်သူတစ်ဦးရဲ့ အရိုးတွေဟာ မြေကြီးထဲမှာ အမှုန့်တွေအဖြစ် ဆွေးမြေ့သွားနိုင်ပေမယ့် မေတ္တာတရားကတော့ ဘယ်တော့မှ ပျောက်ပျက်မသွားနိုင်ပါဘူး။


နေလင်းအောင် ဘာသာပြန်ဆိုသည်။

မူရင်း အင်္ဂလိပ်စာ...

ပြောချင်ရာများ ပြောခဲ့ဖို့...