သင့်သွားလေရာအရပ်တိုင်း
မေတ္တာပွားပါ။ ပထမဦးစွာ သင့်မိသားစုအတွင်း မေတ္တာဖြန့်ဝေပါ။ သင့်ကလေးတွေ၊ သင့်ရဲ့ဇနီး
သို့မဟုတ် ခင်ပွန်း၊ သင့် အိမ်နီးနားခြင်းတွေအပေါ် မေတ္တာထားရှိပါ။ သင့်ဆီရောက်လာတဲ့
လူတိုင်းကို ပိုကောင်းတဲ့ ပျော်ရွှင်မှုမျိုးမရှိဘဲ ပြန်သွားတာမျိုး မဖြစ်ပါစေနဲ့။ ဘုရားသခင်ရဲ့
ကြင်နာမှုကို လက်တွေ့သရုပ်ပြသူဖြစ်ပါစေ။ သင့် မျက်နှာ၊ သင့်မျက်လုံး၊ သင့်အပြုံး၊ သင့်ရဲ့
နွေးထွေးတဲ့ နှုတ်ဆက်မှုတွေမှာ မေတ္တာတရားတွေ ကိန်းအောင်းနေပါစေ။
မာသာထရီဆာ
ကောလိပ်ပါမောက္ခတစ်ဦးသည်
သူ၏ လူမှုရေးသိပ္ပံ ကျောင်းသားများကို ဘော်လ်တီမိုးရှိ ဆင်းရဲသားရပ်ကွက်များသို့ သွားကာ
လူငယ်(၂၀၀)၏ အကြောင်းကို မှတ်တမ်းတင်စေပါသည်။ လူငယ်အသီးသီး၏ အနာဂတ်ကိုလည်း ခန့်မှန်းအကဲဖြတ်ရေးမှတ်ရန်
မှာကြားလိုက်ပါသည်။ လူငယ်တစ်ယောက်ကို လေ့လာတိုင်း ကျောင်းသားများက “သူ့မှာ အခွင့်ကောင်းမရှိ”ဟုပဲ
ရေးသားပါသည်။ (၂၅)နှစ်ကြာပြီးနောက် အခြားလူမှုရေး ပါမောက္ခတစ်ဦးက ယခင်လေ့လာခဲ့သော စာရွက်စာတမ်းများကို
အမှတ်မထင် တွေ့လိုက်ပါသည်။ ထိုလူငယ်များ မည်သို့ ဖြစ်နေသည်ကို တွေ့မြင်ရဖို့ သူ၏တပည့်
ကျောင်းသားများကို လိုက်လံလေ့လာစေပါသည်။ ရွေ့ပြောင်းသွားသော၊ သေဆုံးသွားသော လူငယ်(၂၀)မှလွဲ၍
ကျန်ရှိသော လူငယ် (၁၈၀)ကို လေ့လာရာ (၁၇၆)ဦးမှာ သာမန်ထက် ပိုမိုအောင်မြင်ပြီး ရှေ့နေများ၊
ဆရာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်နေသည်ကို တွေ့ရသည်။
ပါမောက္ခမှာ
အလွန်အံ့သြသွားပြီး ထိုကိစ္စကို ထပ်မံစုံစမ်းရန် ဆုံးဖြတ်လိုက်ပါသည်။ ကံကောင်းသည်မှာ
လူငယ်အားလုံး ထိုဒေသတွင် ရှိနေကြသဖြင့် တစ်ဦးချင်းနှင့် တွေ့ဆုံကာ “သင့်အောင်မြင်မှုဟာ
ဘာကြောင့်လို့ ယူဆပါသလဲ”ဟု မေးမြန်းခဲ့ပါသည်။ “ကျွန်တော့်မှာ ဆရာမတစ်ယောက် ရှိပါတယ်”ဟု
လူငယ်တိုင်းက ခံစားချက်အပြည့်ဖြင့် ပြောခဲ့ပါသည်။
ဆရာမမှာ
သက်ရှိထင်ရှား ရှိနေသဖြင့် ပါမောက္ခက ရှာဖွေရာ အသက်ကြီးပြီဖြစ်သော်လည်း ဖျက်လက်နေဆဲရှိသည့်
အမျိုးသမီးတစ်ဦးကို တွေ့ရှိရပါသည်။ “ဆင်းရဲသားရပ်ကွက်များမှ ဒီကလေးတွေ အောင်မြင်မှုရအောင်
အံ့သြစရာကောင်းတဲ့ ဘယ်လိုနည်းလမ်းမျိုးကို အသုံးပြုခဲ့ပါသလဲ”ဟု ပါမောက္ခက မေးပါသည်။
ဆရာမ၏
မျက်လုံးများမှာ တောက်ပလာပြီး၊ သူမ၏ နှုတ်ခမ်းမှာလည်း ညင်သာသော အပြုံးပန်းတစ်ပွင့် ပွင့်လန်းလာပါသည်။
“ဒီကိစ္စက အလွန်ပဲ လွယ်ကူလှပါတယ်။ ကျွန်မက ဒီကလေးတွေအပေါ် မေတ္တာထားတယ်လေ”ဟု ဆရာမက ပြန်ပြောပြပါသည်။
ဝန်ခံချက်။
။ကျွန်တော် တက္ကသိုလ်တက်ရောက်နေစဉ်က စာမှုလေးကို ပြန်တွေ့လို့ ရေးတင်လိုက်တာပါ။ မူရင်းအင်္ဂလိပ်စာကိုတော့
တွဲလျှက် မတွေ့ရသဖြင့် ပြန်မတင်လိုက်နိုင်သည်ကို နားလည်ပေးပါခင်ဗျာ။
No comments:
Post a Comment