Tuesday, April 30, 2013

မိခင်တစ်ဦးရဲ့ မုသားစကား ရှစ်ခွန်း




ဒီဖြစ်ရပ်ဟာ ကျွန်တော် ကလေးဘဝတုန်းက စတင်ခဲ့ပါတယ်။ ကျွန်တော်ဟာ ဆင်းရဲတဲ့ မိသားစုရဲ့ သားတစ်ဦးဖြစ်ခဲ့တယ်။ ကျွန်တော်တို့မှာ အစားအစာ အလုံအလောက် မရှိခဲ့ပါဘူး။ အစာစားချိန် ရောက်တိုင်း တစ်ခါတစ်ရံ အမေက သူ့အတွက် ဝေစုထမင်းကို ခွဲခြမ်းရင်း ကျွန်တော့်ကို ကျွေးခဲ့ပါတယ်။ ကျွန်တော့်ဇလုံထဲ အမေ့ဝေစုထမင်းတွေ ပြောင်းထည့်ပေးနေစဉ် “သားရေ…ဒီထမင်းလေးစားလိုက်။ အမေ ဗိုက်မဆာဘူး”လို့ ပြောခဲ့ပါတယ်။
ဒါဟာ အမေရဲ့ ပထမဆုံး မုသားစကားပါပဲ။
        ကျွန်တော် ကြီးထွားဖွံ့ဖြိုးနေစဉ် ဇွဲကောင်းတဲ့ ကျွန်တော့်အမေဟာ အိမ်နားမှာရှိတဲ့ မြစ်တစ်စင်းထဲမှာ အားလပ်ချိန်တိုင်း ငါးဖမ်းထွက်ပါတယ်။ ဖမ်းယူရရှိတဲ့ ငါးတွေကနေ ကျွန်တော်ရဲ့ ဖွံ့ဖြိုးကြီးထွားမှုအတွက်လိုအပ်မယ့် အာဟာရပြည့် အစာအနည်းငယ်လောက်ပေးနိုင်ဖို့ အမေက မျှော်လင့်ထားခဲ့ပါတယ်။ ငါးမျှားပြီးတဲ့အခါ အမေဟာ ကျွန်တော်ရဲ့ အစာစားလိုစိတ်ကို မြှင့်တင်ပေးနိုင်မယ့် ကောင်းမွန်ပြီး အရသာထူးကဲလှတဲ့ ငါးစွပ်ပြုတ်ကို ချက်ပြုတ်ပေးခဲ့ပါတယ်။ ငါးစွပ်ပြုတ်ကို ကျွန်တော်စားနေစဉ် အမေဟာ ဘေးမှာထိုင်ရင်း ကျွန်တော်စားပြီးလို့ အရိုးမျှသာ ကျန်တော့တဲ့ ငါးတွေကို ကောက်ဝါးနေခဲ့ပါတယ်။ ဒါကိုမြင်တော့ ကျွန်တော် အလွန်အမင်း ခံစားသွားခဲ့ရပါတယ်။ အဲဒီနောက် တူဖြင့် ငါးတစ်ကောင်ကိုခပ်ယူရင်း အမေ့ဆီ ကမ်းပေးလိုက်ပါတယ်။ ဒါပေမယ့် အမေဟာ ချက်ချင်းငြင်းဆိုရင်း ပြောလာပါတယ်။ “အဲဒီငါးကို သားပဲစားလိုက်ပါ။ တကယ်တော့ အမေ ငါးဟင်းမကြိုက်ဘူး”တဲ့။
ဒါဟာ အမေရဲ့ ဒုတိယမြောက် မုသားစကားပါပဲ။
        အထက်တန်းကျောင်းသားဘဝမှာ ကျွန်တော်ရဲ့ လေ့လာမှုအသုံးစရိတ်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် အမေဟာ စီးပွားရေး ကုမ္ပဏီတစ်ခုဆီသွားရင်း အသုံးပြုပြီးသား မီးခြစ်ဘူးအချို့ကိုယူကာ ပြန်ပြီး ပြုပြင်တွဲစပ်ပေးရပါတယ်။ ဒီအလုပ်က ကျွန်တော်တို့ရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့အတွက် ငွေအနည်းငယ် ရစေခဲ့ပါတယ်။ ဆောင်းရာသီ ရောက်တဲ့အခါ ကျွန်တော် အိပ်နေရာမှနိုးတော့ အမေ့ဆီကြည့်လိုက်ရာ မအိပ်သေးဘဲ ဖယောင်းတိုင်အလင်းရောင်လေးနဲ့ မီးခြစ်ဘူးတွေကို ဇွဲရှိရှိ တွဲစပ်နေတဲ့ အမေ့ကို တွေ့မြင်လိုက်ပါတယ်။ “အမေ… အိပ်တော့လေဗျာ။ ညည့်နက်နေပြီပဲ။ မနက်ဖြန် အမေ အလုပ်သွားရဦးမှာလေ”လို့ ကျွန်တော်က ပြောလိုက်ပါတယ်။ အမေက ပြုံးရင်း ပြောလာပါတယ်။ “သားရေ… အိပ်တော့နော်။ အမေ မမောသေးပါဘူး”တဲ့။
ဒါဟာ အမေရဲ့ တတိယမြောက် မုသားစကားပါပဲ။
        အတန်းတင်စာမေးပွဲကြီး ရောက်လာတဲ့အချိန်မှာ အမေဟာ အလုပ်မှခွင့်ယူရင်း ကျွန်တော်နဲ့အတူ အဖော်လိုက်ပေးခဲ့ပါတယ်။ ဇွဲကောင်းလှတဲ့ ကျွန်တော့်အမေဟာ ခြစ်ခြစ်တောက်ပူနေတဲ့ နေပူကြီးထဲကနေ ကျွန်တော့်ကို စောင့်ပေးနေခဲ့ပါတယ်။ အတန်းတင်စာမေးပွဲ ပြီးဆုံးကြောင်း အချက်ပေးခေါင်းလောင်းသံ ပေါ်လာတဲ့အခါ အမေဟာ ချက်ချင်းပင် ကျွန်တော့်ကိုဆီးကြိုရင်း အမေယူလာတဲ့ ပုလင်းထဲကနေ လက်ဖက်ရည်တစ်ခွက်ငှဲ့ရင်း ကမ်းပေးလာပါတယ်။ တစ်ကိုယ်လုံး ချွေးတွေ စိုရွှဲနေတဲ့ အမေကိုတွေ့တော့ လက်ဖက်ရည်ခွက်ကို ချက်ချင်းပြန်ပေးရင်း အမေလည်းသောက်ဖို့ ပြောလိုက်ပါတယ်။ အမေက “သားပဲ သောက်လိုက်ပါ။ အမေ ရေမဆာပါဘူး”လို့ ပြောပါတယ်။
ဒါဟာ အမေရဲ့ စတုတ္ထမြောက် မုသားစကားပါပဲ။
        နေမကောင်းဖြစ်လို့ ကျွန်တော့်အဖေ ဆုံးပါးသွားချိန်မှာ သနားစရာကောင်းလှတဲ့ အမေဟာ တစ်ဦးတည်းသောမိဘအဖြစ် ကျရာအခန်းကဏ္ဍကို ထမ်းဆောင်ခဲ့ရပါတယ်။ ကျွန်တော်တို့ရဲ့ လိုအပ်ချက်တွေကို အမေတစ်ဦးတည်း ဖြည့်ဆည်းပေးခဲ့ရပါတယ်။ ကျွန်တော်တို့ရဲ့ မိသားစုဘဝဟာ ပိုပြီးတော့ ခက်ခဲလာခဲ့ပါတယ်။ ဒုက္ခဝေဒနာ မခံစားရတဲ့ နေ့ဆိုတာ မရှိသလောက်ပါပဲ။ ကျွန်တော်တို့ရဲ့ မိသားစုဘဝ ပိုပြီးတော့ ဆိုးရွားလာချိန်မှာ အိမ်အနီးမှာပဲနေတဲ့ ကြင်နာတတ်တဲ့ ဦးလေးက မကြာခဏဆိုသလို ကျွန်တော်တို့ကို ထောက်ပံ့ကူညီခဲ့ပါတယ်။ အိမ်နီးချင်းများကတော့ အမေကို နောက်အိမ်ထောင်ပြုဖို့ မကြာခဏ တိုက်တွန်းနားချကြပါတယ်။ ဒါပေမယ့် ခေါင်းမာလှတဲ့ အမေက သူတို့ရဲ့အကြံကို လက်မခံဘဲ “ကျွန်မ အိမ်ထောင်သစ်ထူဖို့ မလိုအပ်ပါဘူးရှင်”လို့ ပြောခဲ့ပါတယ်။
ဒါဟာ အမေရဲ့ ပဉ္စမမြောက် မုသားစကားပါပဲ။
        ကျွန်တော် ကျောင်းပြီးလို့ အလုပ်တစ်ခုရပြီးနောက် အသက်ကြီးနေပြီဖြစ်တဲ့ ကျွန်တော့်အမေ အနားယူဖို့ အချိန်ကျလာခဲ့ပါပြီ။ ဒါပေမယ့် အမေက အနားမယူချင်ဘဲ သူမရဲ့ စားဝတ်နေရေးအတွက် နံနက်တိုင်း ဈေးသို့သွားကာ ဟင်းသီးဟင်းရွက်အချို့ကို ရောင်းချခဲ့ရပါတယ်။ အခြားမြို့တစ်မြို့မှာ အလုပ်လုပ်နေရတဲ့ ကျွန်တော်က အမေရဲ့ စားဝတ်နေရေးကို ဖြည့်ဆည်းကူညီသည့်အနေဖြင့် မကြာခဏဆိုသလို ငွေအနည်းငယ် ပို့ပေးလိုက်ပါတယ်။ ဒါပေမယ့် အမေက အဲဒီငွေတွေကို လက်မခံခဲ့ပါဘူး။ တစ်ခါတစ်ရံ ငွေတွေကို ကျွန်တော့်ဆီပဲ ပြန်လွှဲပို့လိုက်ပါတယ်။ “အမေ့မှာ ငွေအလုံအလောက် ရှိပါတယ်”လို့ အမေက ပြောခဲ့ပါတယ်။
ဒါဟာ အမေရဲ့ ဆဌမမြောက် မုသားစကားပါပဲ။
        ကျွန်တော် ဘွဲ့တစ်ခုရပြီးနောက် မဟာဘွဲ့အတွက် ဆက်လက်သင်ယူခဲ့ရပါတယ်။ ပညာသင်ထောက်ပံ့ကြေး အစီအစဉ်အရ ကုမ္ပဏီတစ်ခုမှ ထောက်ပံ့ကူညီပေးခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အဲဒီကုမ္ပဏီမှာပဲ အလုပ်ဝင်ခဲ့ပါတယ်။ လစာကောင်းကောင်း ရတဲ့အတွက်ကြောင့် ကျွန်တော်ဟာ ပင်လယ်ကွေ့ဒေသမှာ အမေကိုခေါ်ရင်း ဘဝကို ဖြတ်သန်းကုန်ဆုံးစေဖို့ ရည်ရွယ်ထားခဲ့ပါတယ်။ ဒါပေမယ့် ချစ်စရာကောင်းတဲ့ အမေက သားဖြစ်သူကို အနှောင့်အယှက် ပေးချင်ပုံ မရခဲ့ပါဘူး။ “အဲဒီနေရာမျိုးမှာ အမေ မနေတတ်ပါဘူး”လို့ပဲ အမေက ပြောခဲ့ပါတယ်။
ဒါဟာ အမေရဲ့ သတ္တမမြောက် မုသားစကားပါပဲ။
အိုမင်းလာတဲ့အချိန်မှာ အမေဟာ အစာအိမ်ကင်ဆာဝေဒနာ ခံစားရပြီးနောက် ဆေးရုံတင်လိုက်ရပါတယ်။ သမုဒ္ဒရာခြားပြီး မိုင်ပေါင်းများစွာ အဝေးမှာနေထိုင်နေရတဲ့ ကျွန်တော်ဟာ အချစ်ရဆုံး အမေ့ဆီကို ပြန်လာခဲ့ပါတယ်။ ခွဲစိတ်ခံရပြီးနောက် အားနည်းနေတဲ့ အမေဟာ အိပ်ရာပေါ်မှာ လဲလျောင်းနေခဲ့ပါတယ်။ အလွန် အသက်ကြီးလာပုံရတဲ့ အမေဟာ လေးလေးနက်နက်တွေးတောရင်း ကျွန်တော့်ကို စိုက်ကြည့်နေခဲ့ပါတယ်။ ရောဂါဝေဒနာကြောင့် အမေရဲ့ခန္ဓာကိုယ် အားနည်းနေတယ်ဆိုတာ သိသာလှပါတယ်။ အမေဟာ အလွန်ကို အားနည်းချည့်နဲ့တဲ့ပုံ ပေါ်နေခဲ့ပါတယ်။ ကျွန်တော်ဟာ မျက်ရည်တွေတွေကျရင်း အမေကို စိုက်ကြည့်လိုက်ပါတယ်။ ဒီအခြေအနေမျိုးနဲ့ အမေကို တွေ့မြင်လိုက်ရတဲ့အတွက် ကျွန်တော့်နှလုံးသား အလွန်အမင်း နာကျင်ခံစားသွားရပါတယ်။ ဒါပေမယ့် အမေက လက်ကျန်အားနည်းနည်းလေးနဲ့ “မငိုပါနဲ့သားရယ်။ အမေ မနာပါဘူး”လို့ ပြောလိုက်ပါတယ်။
ဒါဟာ အမေရဲ့ အဌမမြောက်နဲ့ နောက်ဆုံးမုသားစားပါပဲ။ အဌမမြောက် မုသားစကားပြောပြီးနောက် ကျွန်တော်ရဲ့ အချစ်ခင်ရဆုံး အမေဟာ သူမရဲ့ မျက်လုံးတွေ ထာဝရ မှိတ်သွားခဲ့ပါတော့တယ်။

ခရီးသည် သုံးဦး




        တစ်ညတွင် ခြေသလုံးအိမ်တိုင် လူတစ်စု အနားယူဖို့ ပြင်ဆင်နေကြတုန်း တောက်ပတဲ့ အလင်းတန်းတစ်ခု သူတို့ဘေးပတ်လည်မှာ ပေါ်ပေါက်လာပါတယ်။
နတ်မင်းကြီးတစ်ပါးရဲ့ ရှေ့မှောက်တွင် ရောက်နေကြောင်း သူတို့ သိရှိကြပါတယ်။
သူတို့အတွက် အထူးအရေးကြီးတဲ့ သတင်းစကားတစ်ခု ကြားနာရဖို့အတွက် မျှော်လင့်ချက်ကြီးစွာဖြင့် သူတို့ စောင့်နေကြပါတယ်။
နောက်ဆုံးမှာ ပြောသံ ထွက်ပေါ်လာခဲ့ပါတယ်။
“အသင်တို့ တတ်နိုင်သလောက် ကျောက်စရစ်ခဲတွေ ကောက်ယူပြီး မြင်းကုန်းနီးအိတ်ထဲ ထည့်လိုက်ပါ။ တစ်နေ့တာ ခရီးထွက်ပြီးလို့ မနက်ဖြန်မှာ ပျော်ရွှင်မှုရော၊ ဝမ်းနည်းမှုပါ ခံစားကြရပါလိမ့်မယ်”
အဲဒီနောက် ခြေသလုံးအိမ်တိုင် လူတစ်စုဟာ သူတို့ရဲ့ မကျေနပ်မှုတွေ၊ ဒေါသတွေအကြောင်း အချင်းချင်း စတင်ပြောဆိုကြပါတယ်။
သူတို့ဟာ ဥစ္စာစည်းစိမ်၊ ကျန်းမာရေး၊ လောကကြီးအတွက် ရည်ရွယ်ချက်စတာတွေ ဖန်တီးပေးနိုင်မယ့် ကြီးကျယ်ကောင်းမွန်တဲ့ အမှန်တရားကိုသာ ကြားနာရဖို့ မျှော်လင့်ထားခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့အတွက် လုံးဝကို အဓိပ္ပါယ်မရှိတဲ့ သာမန်တာဝန်တစ်ခုကိုသာ အပေးခံလိုက်ရပါတယ်။
သူတို့ဟာ မကျေနပ်မှုကို ထုတ်ဖော်ပြောဆိုနေပေမယ့် ဧည့်သည်နတ်မင်းကြီးရဲ့ ဂုဏ်သတင်း ကျော်ကြားမှုကြောင့် ကျောက်စရစ် အနည်းငယ်ကောက်ယူပြီး မြင်းကုန်းနီးအိတ်ထဲ ထည့်လိုက်ကြပါတယ်။
တစ်နေ့တာ သူတို့ ခရီးထွက်ခဲ့ကြပါတယ်။ အဲဒီညမှာ နားခိုဖို့ နေရာရှင်းနေစဉ်မှာပဲ သူတို့ရဲ့ မြင်းကုန်းနှီးအိတ်ဆီ ရောက်သွားကြပါတယ်။ ယမန်နေ့ညက သူတို့ စုဆောင်းထားခဲ့တဲ့ ကျောက်စရစ်ခဲတွေဟာ လှပပြီး တောက်ပနေတဲ့ စိန်တွေအဖြစ် အသွင်ပြောင်းသွားခဲ့ပြီဖြစ်ကြောင်း တွေ့ရပါတယ်။
နတ်မင်းကြီး ပြောဆိုခဲ့တဲ့အတိုင်း သူတို့ဟာ ပျော်ရွှင်မှုရော၊ ဝမ်းနည်းမှုပါ ခံစားကြရပါတယ်။
လှပပြီး အဖိုးထိုက်တန်တဲ့ စိန်တွေ ရရှိတဲ့အတွက်ကြောင့် သူတို့ ပျော်ရွှင်ကြရတယ်။ အခွင့်အရေး ရှိစဉ်တုန်းက ကျောက်စရစ်ခဲတွေ ပိုပြီး မကောက်ယူမိခဲ့တဲ့အတွက်ကြောင့် သူတို့ ဝမ်းနည်းကြရပါတယ်။
သင်ခန်းစာ
ခုချိန်ကစပြီး ကျောက်စရစ်ခဲတွေကို ကောက်ယူဖို့ အချိန်ပေးမယ်ဆိုရင်… ဆိုလိုတာကတော့ ဈေးကွက်အကြောင်း သင်တတ်နိုင်သလောက် လေ့လာပြီး ကြိုးကြိုးစားစား အသုံးချကြည့်မယ်ဆိုရင် သင့်အနာဂတ်မှာ အဲဒီအားထုတ်ကြိုးစားမှုတွေဟာ ဆုလာဒ်တွေအဖြစ် အသွင်ပြောင်းသွားပါလိမ့်မယ်။

စွမ်းအားထူးသော ချစ်ခြင်းမေတ္တာ




သင့်သွားလေရာအရပ်တိုင်း မေတ္တာပွားပါ။ ပထမဦးစွာ သင့်မိသားစုအတွင်း မေတ္တာဖြန့်ဝေပါ။ သင့်ကလေးတွေ၊ သင့်ရဲ့ဇနီး သို့မဟုတ် ခင်ပွန်း၊ သင့် အိမ်နီးနားခြင်းတွေအပေါ် မေတ္တာထားရှိပါ။ သင့်ဆီရောက်လာတဲ့ လူတိုင်းကို ပိုကောင်းတဲ့ ပျော်ရွှင်မှုမျိုးမရှိဘဲ ပြန်သွားတာမျိုး မဖြစ်ပါစေနဲ့။ ဘုရားသခင်ရဲ့ ကြင်နာမှုကို လက်တွေ့သရုပ်ပြသူဖြစ်ပါစေ။ သင့် မျက်နှာ၊ သင့်မျက်လုံး၊ သင့်အပြုံး၊ သင့်ရဲ့ နွေးထွေးတဲ့ နှုတ်ဆက်မှုတွေမှာ မေတ္တာတရားတွေ ကိန်းအောင်းနေပါစေ။
မာသာထရီဆာ
ကောလိပ်ပါမောက္ခတစ်ဦးသည် သူ၏ လူမှုရေးသိပ္ပံ ကျောင်းသားများကို ဘော်လ်တီမိုးရှိ ဆင်းရဲသားရပ်ကွက်များသို့ သွားကာ လူငယ်(၂၀၀)၏ အကြောင်းကို မှတ်တမ်းတင်စေပါသည်။ လူငယ်အသီးသီး၏ အနာဂတ်ကိုလည်း ခန့်မှန်းအကဲဖြတ်ရေးမှတ်ရန် မှာကြားလိုက်ပါသည်။ လူငယ်တစ်ယောက်ကို လေ့လာတိုင်း ကျောင်းသားများက “သူ့မှာ အခွင့်ကောင်းမရှိ”ဟုပဲ ရေးသားပါသည်။ (၂၅)နှစ်ကြာပြီးနောက် အခြားလူမှုရေး ပါမောက္ခတစ်ဦးက ယခင်လေ့လာခဲ့သော စာရွက်စာတမ်းများကို အမှတ်မထင် တွေ့လိုက်ပါသည်။ ထိုလူငယ်များ မည်သို့ ဖြစ်နေသည်ကို တွေ့မြင်ရဖို့ သူ၏တပည့် ကျောင်းသားများကို လိုက်လံလေ့လာစေပါသည်။ ရွေ့ပြောင်းသွားသော၊ သေဆုံးသွားသော လူငယ်(၂၀)မှလွဲ၍ ကျန်ရှိသော လူငယ် (၁၈၀)ကို လေ့လာရာ (၁၇၆)ဦးမှာ သာမန်ထက် ပိုမိုအောင်မြင်ပြီး ရှေ့နေများ၊ ဆရာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်များ ဖြစ်နေသည်ကို တွေ့ရသည်။
ပါမောက္ခမှာ အလွန်အံ့သြသွားပြီး ထိုကိစ္စကို ထပ်မံစုံစမ်းရန် ဆုံးဖြတ်လိုက်ပါသည်။ ကံကောင်းသည်မှာ လူငယ်အားလုံး ထိုဒေသတွင် ရှိနေကြသဖြင့် တစ်ဦးချင်းနှင့် တွေ့ဆုံကာ “သင့်အောင်မြင်မှုဟာ ဘာကြောင့်လို့ ယူဆပါသလဲ”ဟု မေးမြန်းခဲ့ပါသည်။ “ကျွန်တော့်မှာ ဆရာမတစ်ယောက် ရှိပါတယ်”ဟု လူငယ်တိုင်းက ခံစားချက်အပြည့်ဖြင့် ပြောခဲ့ပါသည်။
ဆရာမမှာ သက်ရှိထင်ရှား ရှိနေသဖြင့် ပါမောက္ခက ရှာဖွေရာ အသက်ကြီးပြီဖြစ်သော်လည်း ဖျက်လက်နေဆဲရှိသည့် အမျိုးသမီးတစ်ဦးကို တွေ့ရှိရပါသည်။ “ဆင်းရဲသားရပ်ကွက်များမှ ဒီကလေးတွေ အောင်မြင်မှုရအောင် အံ့သြစရာကောင်းတဲ့ ဘယ်လိုနည်းလမ်းမျိုးကို အသုံးပြုခဲ့ပါသလဲ”ဟု ပါမောက္ခက မေးပါသည်။
ဆရာမ၏ မျက်လုံးများမှာ တောက်ပလာပြီး၊ သူမ၏ နှုတ်ခမ်းမှာလည်း ညင်သာသော အပြုံးပန်းတစ်ပွင့် ပွင့်လန်းလာပါသည်။ “ဒီကိစ္စက အလွန်ပဲ လွယ်ကူလှပါတယ်။ ကျွန်မက ဒီကလေးတွေအပေါ် မေတ္တာထားတယ်လေ”ဟု ဆရာမက ပြန်ပြောပြပါသည်။

ဝန်ခံချက်။ ။ကျွန်တော် တက္ကသိုလ်တက်ရောက်နေစဉ်က စာမှုလေးကို ပြန်တွေ့လို့ ရေးတင်လိုက်တာပါ။ မူရင်းအင်္ဂလိပ်စာကိုတော့ တွဲလျှက် မတွေ့ရသဖြင့် ပြန်မတင်လိုက်နိုင်သည်ကို နားလည်ပေးပါခင်ဗျာ။

ကျရှုံးမှာကို မကြောက်ပါနှင့်




မင်း မမှတ်မိနိုင်ပေမယ့် မင်းဟာ အကြိမ်ပေါင်းများစွာ ကျရှုံးခဲ့ဖူးပါတယ်။
ပထမဆုံးအကြိမ် လမ်းလျှောက်ဖို့ ကြိုးစားစဉ်တုန်းက မင်း လဲကျခဲ့ပါတယ်။
ပထမဆုံးအကြိမ် ရေကူးဖို့ ကြိုးစားစဉ်တုန်းကလည်း ရေနစ်လုမတတ် ဖြစ်ခဲ့ရဖူးတယ် မဟုတ်လား။
ပထမဆုံးအကြိမ် ဘက်တံကိုကိုင်ပြီး ရိုက်တုန်းကလည်း ဘေ့စ်ဘောလုံးကို ထိမှန်အောင် ရိုက်နိုင်ခဲ့လို့လား။
ဘေ့စ်ဘောကစားရာမှာ ကွင်းကို အကြိမ်အများဆုံး ပတ်ပြေးနိုင်ခဲ့တဲ့ နာမည်ကျော် ဘေ့စ်ဘောဆရာကြီးများဟာလည်း အကြိမ်ပေါင်းများစွာ ဘောလုံးကို ထိမှန်အောင် မရိုက်နိုင်ခဲ့ကြပါဘူး။
အာရ်၊ အိတ်ခ်ျ၊ မေစီဟာ သူရဲ့ စတိုးဆိုင် မအောင်မြင်မီ ခုနှစ်ကြိမ် ကျရှုံးခဲ့ဖူးပါတယ်။
အင်္ဂလိပ်လူမျိုး ဝတ္ထုရေးဆရာ ဂျွန်ခရီးဆေးဟာ စာအုပ်ပေါင်း (၅၆၄)အုပ် ပုံနှိပ်မထုတ်ဝေမီက ငြင်းပယ်ခံရမှု (၇၅၃)ကြိမ် တွေ့ကြုံခဲ့ရပါတယ်။
ဘေ့စ်ရုသ်ဟာ ဘေ့စ်ဘောလုံးကို (၁၃၃၀)ကြိမ် လွဲချော်ခဲ့ပါတယ်။ ဒါပေမယ့် သူဟာ ဘောလုံးကိုရိုက်ပြီး (၇၁၄)ကြိမ် ကွင်းကို ပတ်ပြေးနိုင်ခဲ့ပါတယ်။
ကျရှုံးမှာကို မကြောက်ပါနှင့်။
ကြိုးစားမကြည့်ဘဲ လွဲချောသွားမယ့် အခွင့်အလမ်းတွေကိုသာ စိုးရိမ်ပူပန်ပါ။

Don't be afraid to
You've failed many times, although you may not remember.
You fell down the first time you tried to walk.
You almost drowned the first time you tried to swim, didn't you?
Did you hit the ball the first time you swung a bat?
Heavy hitters, the ones who hit the most home runs, also strike out a lot.
R.H. Macy failed seven times before his store in New York caught on.
English novelist John Creasey got 753 rejection slips before he published 564 books.
Babe Ruth struck out 1330 times, but he also hit 714 home runs.
Don't worry about failure.
Worry about the chances you miss when you don't even try.
Wall Street Journal

Tuesday, April 2, 2013

စိန်ရှာဖွေခြင်း





တစ်ခါတုန်းက အာဖရိကမှာရှိတဲ့ လယ်သမားတစ်ဦးဟာ ပျော်ရွှင်ပြီး တင်းတိမ်ရောင့်ရဲတယ်။ သူဟာ တင်းတိမ်ရောင့်ရဲတဲ့အတွက်ကြောင့် ပျော်ရွှင်ရတယ်။ ပျော်ရွှင်တဲ့အတွက်ကြောင့် တင်းတိမ်ရောင့်ရဲရတယ်။
တစ်နေ့မှာတော့ ပညာရှိတစ်ဦး သူ့ဆီရောက်လာပြီး စိန်တွေရဲ့ ဂုဏ်သိက္ခာနဲ့ စွမ်းအားတွေအကြောင်း ပြောပြပါတယ်။
“ခင်ဗျား လက်မအရွယ်လောက် စိန်တစ်တုံး ပိုင်ဆိုင်မယ်ဆိုရင် ခင်ဗျားကိုယ်ပိုင်မြို့တစ်မြို့ ရနိုင်ပါတယ်။ ခင်ဗျား လက်သီးဆုပ်လောက် စိန်တစ်တုံး ပိုင်ဆိုင်မယ်ဆိုရင်တော့ ခင်ဗျားကိုယ်ပိုင်နိုင်ငံ ရနိုင်ကောင်းပါတယ်” အဲဒီလိုပြောဆိုပြီး ပညာရှိကြီးက ထွက်ခွာသွားပါတယ်။
အဲဒီညမှာပဲ လယ်သမားဟာ အိပ်မပျော်ဖြစ်လာတယ်။ သူဟာ မပျော်မရွှင် ဖြစ်လာသလို တင်းတိမ်ရောင့်ရဲမှုလည်း မရှိတော့ပါဘူး။ သူဟာ တင်းတိမ်ရောင့်ရဲခြင်း မရှိတဲ့အတွက် မပျော်မရွှင်ဖြစ်ရတယ်။ မပျော်မရွှင် ဖြစ်တဲ့အတွက်ကြောင့် တင်းတိမ်ရောင့်ရဲခြင်းမရှိ ဖြစ်ရတယ်။ နောက်တစ်နေ့မှာတော့ သူဟာ သူရဲ့လယ်ယာကို ရောင်းချဖို့၊ သူ့မိသားစုကို ဂရုစိုက်ဖို့၊ စိန်တွေကိုရှာဖွေဖို့ အစီအစဉ်တွေ ပြုလုပ်ပါတယ်။
သူဟာ အာဖရိကတစ်ခွင် လှည့်လည်သွားလာပြီး ရှာဖွေပေမယ့် စိန်တစ်ပွင့်လောက်တောင်မှ မတွေ့နိုင်ခဲ့ပါဘူး။ ဥရောပတိုက်တစ်ခွင်သွားပြီး ရှာပေမယ့်လည်း မတွေ့ရပြန်ဘူး။ စပိန်ပြည်ကို သူရောက်တဲ့အခါ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ခံစားရသလို၊ ငွေလည်း သိပ်မကျန်တော့ပါဘူး။ သူဟာ အလွန်အမင်း စိတ်ဓာတ်ကျဆင်းသွားတဲ့အတွက်ကြောင့် ဘာစီလိုနာမြစ်ထဲဆင်းပြီး သတ်သေချင်စိတ် ပေါက်သွားမိပါတယ်။
အိမ်ပြန်ရောက်တဲ့အခါ သူ့လယ်မြေကို ဝယ်ယူခဲ့တဲ့သူဟာ လယ်ကွင်းကို ဖြတ်သန်းစီးဆင်းနေတဲ့ စမ်းချောင်းဘေးမှာ ကုလားအုတ်တွေကို ရေလောင်းပေးနေပါတယ်။ နေရောင်ခြည်ဟာ စမ်းချောင်းကိုဖြတ်သန်းပြီး ကျောက်တုံးတစ်တုံးပေါ် ကျရောက်တဲ့အခါ အဲဒီကျောက်တုံးကနေ သက်တံရောင်စဉ်တန်းလို အရောင်ဖြာထွက်လာပါတယ်။ သူဟာ ကျောက်တုံးကိုကောက်ပြီး ဧည့်ခန်းဆောင်မှာ ထားလိုက်ပါတယ်။
အဲဒီနေ့ခင်းမှာပဲ ပညာရှိကြီး ရောက်လာပြီး အရောင်ဖြာထွက်နေတဲ့ ကျောက်တုန်းကို တွေ့မြင်မိပါတယ်။ သူဟာ ယခင်လယ်ပိုင်ရှင်အကြောင်း မေးမြန်းစုံစမ်းတယ်။ လယ်ပိုင်ရှင်အသစ်က ပြန်ပြောပါတယ်။ “မသိဘူးဗျ။ ဘာဖြစ်လို့ မေးတာလဲ။”
ပညာရှိကြီးက ပြောလာပါတယ်။ “ဒီကျောက်တုံးက စိန်ပါ။ ကျွန်တော်ဟာ စိတ်တစ်တုံးကို တွေ့မြင်တဲ့အခါ စိန်ဟုတ်မဟုတ် သိပါတယ်”
လယ်ပိုင်ရှင်အသစ်က ပြန်ပြောပါတယ်။ “မဟုတ်လောက်ဘူးဗျ။ ဒီကျောက်တုံးကို စမ်းချောင်းထဲကနေ ကောက်ယူလာတာပါ။ လိုက်ခဲ့ဗျာ။ ခင်ဗျားကို ကျွန်တော်ပြပါမယ်။ အဲဒီကျောက်တုံးမျိုးတွေ အများကြီး ရှိပါသေးတယ်”
သူတို့နှစ်ဦး စမ်းချောင်းဆီသွားပြီး နမူနာ ကျောက်တုံးတွေကို ကောက်ယူကာ စိန်ဟုတ်မဟုတ် စမ်းသပ်စစ်ဆေးစေပါတယ်။ အဲဒီကျောက်တွေဟာ တကယ့်စိန်တွေ ဖြစ်နေပါတယ်။ တကယ်တော့ လယ်မြေတစ်ခုလုံးဟာ စိန်ဧကပေါင်းများစွာနဲ့ ဖုံးလွှမ်းနေကြောင်း သူတို့ တွေ့ရှိခဲ့ပါတော့တယ်။ 

ပုံပြင်ရဲ့ သင်ခန်းစာ

ကျွန်တော်တို့ရဲ့သဘောထား မှန်ကန်နေတဲ့အခါ ကျွန်တော်တို့ဟာ စိန်ဧကပေါင်းများစွာအပေါ် လျှောက်လှမ်းနေကြောင်း သိမြင်ပါလိမ့်မယ်။
အခွင့်အရေးဆိုတာ အများအားဖြင့် ကျွန်တော်တို့ရဲ့ ခြေဖဝါးအောက်မှာပါ။ အခြား တစ်နေရာရာသွားဖို့ မလိုအပ်ပါဘူး။ ကျွန်တော်တို့လိုအပ်နေတာကတော့ အခွင့်အရေးကို သိမြင်ဖို့ပါပဲ။
အခွင့်အရေးကို သဘောမပေါက၊် မသိမြင်တဲ့အခါမျိုးမှာ လူတွေဟာ အခွင့်အရေးရဲ့ တံခါးခေါက်သံကြောင့် ဆူညံမှုကို ညည်းညူမိတတ်ကြပါတယ်။
တူညီတဲ့ အခွင့်အရေးဆိုတာ ဘယ်တော့မှ နှစ်ကြိမ်ခေါက်ရိုး ထုံးစံမရှိပါဘူး။ နောက်တစ်ကြိမ်ခေါက်လာတဲ့ အခွင့်အရေးဆိုတာ ပိုကောင်းချင်ကောင်းမယ်၊ ဒါမှမဟုတ် ပိုဆိုးချင်ဆိုးမယ်။ ဒါပေမယ့် တူညီတဲ့ အခွင့်အရေးတော့ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။

နေလင်းအောင်
www.naylinaung1.blogspot.com  

The Best English Magazine, April, 2013 ထုတ်တွင် ဖော်ပြပါရှိပြီး။

 မူရင်း အင်္ဂလိပ်စာ

Wednesday, March 13, 2013

သမ္မာကျမ်းစာနှင့် မီးသွေးခြင်းတောင်း




ဒီပုံပြင်ကိုတော့ အရှေ့ပိုင်း ကင်တက်ကီ တောင်တန်းဒေသရှိ လယ်ယာမြေတစ်ခုမှာ မြေးယောက်ျားလေးနှင့်အတူ  နေထိုင်နေတဲ့ အဘိုးအိုတစ်ဦးက ပြောပြခဲ့ပါတယ်။ အဘိုးအိုဟာ နံနက်တိုင်း စောစောထပြီး မီးဖိုချောင် စားပွဲမှာထိုင်ကာ သူရဲ့ ဟောင်းနွမ်းစုတ်ပြဲနေတဲ့ သမ္မာကျမ်းစာအုပ်ကို ဖတ်လေ့ရှိပါတယ်။ အဘိုးလို ဖြစ်ချင်နေတဲ့ သူ့မြေးဟာ အဘိုးလုပ်သမျှ တတ်နိုင်သလောက် လိုက်လံတုပဖို့ ကြိုးစားကြည့်ပါတယ်။
တစ်နေ့မှာတော့ မြေးက ပြောလာပါတယ်။ “အဘိုးရေ…ကျွန်တော်လည်း အဘိုးလိုပဲ သမ္မာကျမ်းစာကို ဖတ်ဖို့ ကြိုးစားကြည့်ပါတယ်။ ဒါပေမယ့် ကျွန်တော် နားမလည်ဘူးဗျာ။ ကျွန်တော် နားလည်ထားတာကတော့ စာအုပ်ကို ပိတ်လိုက်ပြီးတဲ့နောက် ချက်ချင်းမေ့သွားတယ် ဆိုတာပါပဲ။ သမ္မာကျမ်းစာကိုဖတ်ရင် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်သလဲဗျ” အဘိုးအိုဟာ မီးဖိုထဲ မီးသွေးတွေ ထည့်နေရင်းမှ လှည့်ကြည့်ကာ အေးဆေးစွာ ပြောလိုက်ပါတယ်။ “ဒီ မီးသွေးခြင်းတောင်းကို ယူရင်း မြစ်ဆီသွားလိုက်ပါ။ ပြီးရင် ရေတစ်ခြင်း ထည့်ယူလာခဲ့ပါ။”
လူကလေးက ပြောတဲ့အတိုင်း လုပ်ဆောင်ပါတယ်။ ဒါပေမယ့် သူ အိမ်ပြန်မရောက်မီ ရေတွေအားလုံး စိမ့်ထွက်ကျကုန်တယ်။ အဘိုးက ရယ်ပြီးပြောလိုက်ပါတယ်။ “နောက်တစ်ကြိမ်ဆို ငါ့မြေး ပိုပြီး မြန်မြန် ပြေးလာရလိမ့်မယ်။” အဲဒီနောက် အဘိုးဟာ မြေးကို မြစ်ဆီသွားပြီး နောက်တစ်ကြိမ် ရေထည့်လာဖို့ စေခိုင်းလိုက်ပြန်တယ်။ ဒီအကြိမ်မှာတော့ လူငယ်လေးဟာ ပိုပြီးမြန်အောင်  ပြေးပါတယ်။ ဒါပေမယ့် မီးသွေးခြင်းတောင်းကတော့ အိမ်မရောက်မီမှာပင် ရေတွေ ကုန်သွားပြန်တယ်။ သူဟာ ဟောဟဲလိုက်ရင်း  ခြင်းတောင်းတစ်လုံးနဲ့ ရေခပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူးလို့ အဘိုးကို ပြောလိုက်ပါတယ်။ ပြီးတော့ ရေဆွဲပုံးတစ်လုံးရှာဖို့  ထွက်သွားပါတယ်။ အဘိုးက ပြောပါတယ်။ “အဘိုး ရေဆွဲပုံးနဲ့ရေကို  မလိုချင်ဘူး။ ဝါးခြင်းတောင်းနဲ့ရေကိုသာ လိုချင်တာပါ။ ငါ့မြေး လုပ်ပေးနိုင်ပါတယ်။ ငါ့မြေးဟာ ကောင်းမွန်လုံလောက်စွာ ကြိုးစားအားထုတ်မှု မရှိခဲ့လို့ပါ။” အဲဒီနောက် အဘိုးဟာ သူ့မြေး နောက်တစ်ကြိမ် ကြိုးစားတာကို စောင့်ကြည့်ဖို့ တံခါးအပြင် ထွက်လိုက်ပါတယ်။
မြေးက ဒီတစ်ကြိမ်မှာလည်း မဖြစ်နိုင်ဘူးဆိုတာ သိနားလည်ပါတယ်။ ဒါပေမယ့် သူ ဘယ်လောက်ပဲ ခပ်မြန်မြန်ပြေးပါစေ၊ အဝေးကြီးမရောက်မီ ရေတွေအားလုံး စိမ့်ထွက်ကျကုန်လိမ့်မယ်ဆိုတာ အဘိုးဖြစ်သူကို ပြသချင်ခဲ့တယ်။ မြေးဟာ ရေထည့်ကာ ခပ်မြန်မြန် ပြေးလာပါတယ်။ ဒါပေမယ့် အဘိုးဆီ သူ ပြန်ရောက်တဲ့အချိန်မှာ ခြင်းတောင်းထဲ ရေမကျန်တော့ပါဘူး။ သူဟာ မောပန်းစွာနဲ့ ပြောလိုက်ပါတယ်။ “ဒါဟာ အချည်းနှီးပဲဆိုတာ အဘိုး တွေ့တယ်မို့လား။” အဘိုးအိုက ပြန်ပြောလိုက်ပါတယ်။ “ခြင်းတောင်းကို ကြည့်လိုက်စမ်းပါ”
မြေးက ခြင်းတောင်းကို ကြည့်လိုက်ပါတယ်။ ခြင်းတောင်းဟာ ယခင်နဲ့ မတူတော့တာကို ပထမဆုံးအကြိမ် သူ သတိပြုမိလိုက်ပါတယ်။ ညစ်ပတ်နေတဲ့ မီးသွေးခြင်းတောင်း မဟုတ်တော့ဘဲ သန့်ရှင်းနေတဲ့ ခြင်းတောင်းဖြစ်သွားပါပြီ။
 “မြေးရေ…သမ္မာကျမ်းစာကို ဖတ်တဲ့အခါ အဲဒီလို ဖြစ်လာပါလိမ့်မယ်။ သမ္မာကျမ်းစာထဲပါတဲ့ စာသားအားလုံးကိုတော့ ငါ့မြေး နားလည်ချင်မှ နားလည်မှာပါ။ အားလုံး မှတ်မိချင်မှလည်း မှတ်မိမှာပါ။ ဒါပေမယ့် ငါ့မြေး ဖတ်လိုက်တဲ့အခါ သမ္မာကျမ်းစာက ငါ့မြေးရဲ့ အတွင်းစိတ်ကို စတင်ပြောင်းလဲ ပေးပါလိမ့်မယ်။”
မီးသွေးခြင်းတောင်းက ပေးသော သင်ခန်းစာ
နေ့စဉ်နေ့တိုင်း ဘုရားသခင်ရဲ့စကား တစ်စိတ်တစ်ပိုင်းလောက်ဖတ်ဖို့ အချိန်ပေးကြည့်ပါ။ သင်ဟာ ဖတ်ထားသမျှ အများကြီး သတိရှိရှိနဲ့ မလိုက်နာနိုင်သေးလျှင်ပင် ကောင်းမွန်တဲ့ အကျိုးဆက်တွေ သင့်အပေါ် သက်ရောက်လာပါလိမ့်မယ်။
………………………
ကျွန်တော်တို့ ဗုဒ္ဓဘာသာဝင်တွေ အနေနဲ့ကတော့ ဗုဒ္ဓစကား နေ့တိုင်းကြားနာ၊ ဖတ်ရူ့ကြည့်ရပါမယ်။ ကျွန်တော်တို့လည်း ဗုဒ္ဓစကားကို အားလုံးနားလည်ချင်မှ နားလည်မှာပါ။ နားလည်ထားသလောက် လက်တွေ့ကျကျ စတင်ကျင့်ကြံ လိုက်နာမည်ဆိုလျှင် ညစ်နွမ်းခက်ထန်နေတဲ့ စိတ်သဘောထားတွေ တဖြည်းဖြည်း ပျော့ပျောင်း ပြောင်းလဲလာလိမ့်မယ်လို့ ယုံကြည်ပါတယ်။
စိတ်ကသာ အရာရာ ဦးဆောင်ပါတယ်။ ကုသိုလ်ရေးနဲ့ စိတ်ကောင်းစိတ်မြတ် မွေးနိုင်ဖို့ဆိုတာ စိတ်ထဲမှာ ဗုဒ္ဓစကားတွေ ရှိနေမှသာ ဖြစ်နိုင်မှာပါ။ လက်တွေ့ကျကျ ကျင့်ကြံနိုင်ဖို့ဆိုတာကတော့ တရားစကားတွေ တတ်နိုင်သလောက် လိုက်နာလုပ်ဆောင်ခြင်းဖြင့်သာ စတင်နိုင်ပါတယ်။ 

နေလင်းအောင် ဘာသာပြန်ဆိုသည်။
Ref; The Bible and the Old Wicker Coal Basket by Unknown Author
မူရင်း အင်္ဂလိပ်စာ

ပြောချင်ရာများ ပြောခဲ့ဖို့...