Sunday, July 29, 2012

လင်းယုန်ငှက်ရဲ့ အားမာန်

နေလင်းအောင်
လင်းယုန်ငှက်တွေဟာ သူတို့မျိုးစိတ်တွေထဲမှာ အသက်အရှည်ဆုံး ငှက်မျိုးနွယ်တွေပါ။ သူတို့ဟာ အများအားဖြင့် နှစ်(၇၀)အထိ အသက်ရှင် နေနိုင်ကြပါတယ်။ ဒါပေမဲ့ နှစ်လေးဆယ်ရောက်တဲ့အခါ သူတို့ရဲ့ အစွမ်းအဆတွေ အားနည်းချို့တဲ့လာတယ်။ လက်သည်းတွေ အားနည်းလာပြီး သားကောင်မဖမ်းနိုင်တော့ဘူး။ ရှည်လျားထက်မြက်တဲ့ နှုတ်သီးလည်း ကွေးညွှတ်လာတယ်။ ထူထဲခဲ့ဖူးတဲ့ အမွေးအတောင်တွေလည်း ပါးလာပြီး လွတ်လွတ်လပ်လပ် လေဟုန်မစီးနိုင်တော့ပါဘူး။ ဒါဟာ လင်းယုန်ငှက်တိုင်း ဖြစ်နေကြ သဘာဝပါ။
ဒီအချိန်မှာ သူတို့ဟာ ရွေးချယ်စရာ နှစ်ချက်ရှိပါတယ်။ ပထမတစ်ချက်က ကောင်းကောင်းမပျံသန်းတော့ဘဲ သေရမည့်ရက်ကို ထိုင်စောင့်နေလိုက်ဖို့ပါ။ ဒုတိယတစ်ချက်ကတော့ ဆက်လက်ရှင်သန်ဖို့အတွက် နာကျင်တဲ့ လုပ်ဆောင်ချက်အချို့ပြုလုပ်ပြီး ဘဝသစ်တစ်ဖန် ပြောင်းလဲပစ်လိုက်ဖို့ပါ။ လင်းယုန်ငှက်တိုင်း ဒုတိယအချက်ကို ရွေးချယ်ကြတာများပါတယ်။
         ဒုတိယအချက်ကို ရွေးချယ်မယ်ဆိုရင်တော့ လင်းယုန်ငှက်ဟာ ကျောက်တောင်တစ်လုံးဆီ သွားလိုက်ရမယ်။ သူရဲ့နှုတ်သီးကို ကျောက်တုန်းနဲ့ရိုက်ပြီး ဆွဲဖဲ့ပစ်ရမယ်။ ပြီးရင် လက်သည်းတွေ၊အမွေးအတောင်တွေအားလုံး ဆွဲနှုတ်ပစ်ရမယ်။ နှုတ်သီးတွေ၊ လက်သည်းတွေ၊ အမွေးအတောင်တွေ အသစ်ပြန်ပေါက်ပြီး အသားကျသွားဖို့အတွက် ငါးလလောက် စောင့်ရပါတယ်။ ဒါဟာ အလွန်နာကျင်တဲ့ လုပ်ဆောင်ချက်ပါ။ လင်းယုန်ငှက်တိုင်း နောက်ထပ်နှစ်သုံးဆယ် ဆက်လက်ရှင်သန်ချင်တယ်ဆိုရင်တော့ ဒီလုပ်ဆောင်ချက်ကို မဖြစ်မနေ လုပ်ဆောင်ရပါတယ်။
လင်းယုန်ငှက်တွေတောင် သူတို့ရဲ့ အသက်ရှင် ရပ်တည်မှုအတွက် နာကျင်ခက်ခဲတဲ့ လုပ်ဆောင်ချက်တွေကို ပြုလုပ်ကြပါသေးတယ်။ ကျွန်တော်တို့ဟာ အသိဥာဏ်ပြည့်ဝတဲ့ လူသားတွေပါ။ ဘဝခရီးကို လျှောက်လှမ်းရာမှာ ကျွန်တော်တို့ဟာ အခက်အခဲ၊ အတားအဆီးတွေ မရေမတွက်နိုင်လောက်အောင် တွေ့ကြုံရနိုင်ပါတယ်။ ဒီလို တွေ့ကြုံရတဲ့အခါ အချို့ကတော့ ကြံ့ကြံ့ခံရပ်တည်ပြီး တွန်းလှန်အားထုတ်ကြတယ်။ အချို့ကတော့ လက်မြှောက်အရှုံးပေးရင်း ဘဝကို ရေစုန်မျှောလိုက်ကြတယ်။
လင်းယုန်ငှက်တွေတောင် ဘဝသစ်စတင်နိုင်ဖို့ နာကျင်မှုတွေ လုပ်ဆောင်နိုင်သေးတယ်ဆိုရင် ကျွန်တော်တို့လည်း သာယာကောင်းမွန်တဲ့ ဘဝသစ်တည်ဆောက်နိုင်ဖို့ နာကျင်မှု ဒုက္ခဝေဒနာတွေကို ဘာကြောင့်များ မကျော်ဖြတ်နိုင်ရမှာလဲ။
အပူပေးခံရတဲ့ ရွှေဟာ အလှဆင်ပစ္စည်း ဖြစ်လာတယ်။ နန်းကြိုးဆွဲခံရတဲ့ ကြေးဟာ ကြေးနီချောင်း ဖြစ်လာတယ်။ ထွင်းထုခံရတဲ့ ကျောက်တုန်းဟာ ပန်းပုရုပ်ဖြစ်လာတယ်။ လောကဓံရဲ့အထုအထောင်း ခံရတဲ့ လူတစ်ဦးမှာလည်း  ကောင်းမွန်တဲ့ ဘဝသစ်တစ်ခုက စောင့်ကြိုနေမယ် ဆိုတာကတော့ မြေကြီးလက်ခတ်မလွဲပါပဲ။
နေလင်းအောင်
Ref;The life Of Eagle  by Unknown ကို သင့်လျှော်အောင် ဖြည့်စွက်ရေးသားပါသည်။

Monday, July 23, 2012

နေ့ရက်တိုင်းသည် လက်ဆောင်တစ်ခု



နေလင်းအောင်
             ကိုယ်နေဟန်ထား အနေတော်ဖြစ်ပြီး နွဲ့နွဲ့ နောင်းနောင်းနှင့် ဂုဏ်ယူဝင့်ကြွားသော (၉၂)နှစ်အရွယ် အဘွားအိုတစ်ဦးသည် နေ့စဉ်နံနက် (၈)နာရီတွင် အဝတ်အစား ပြည့်ပြည့်စုံစုံဝတ်ဆင်ကာ ဆံပင်ကိုလည်း အထက်တန်းကျကျ ပုံသွင်းပြီးနောက် မိတ်ကပ်ကို အကောင်းဆုံး လိမ်းခြယ်လေ့ရှိသည်။ အဘွားသည် မျက်စိမမြင် ဖြစ်နေသဖြင့် တရားဥပဒေနှင့်အညီ ထိုနေ့က ဘိုးဘွားရိပ်သာသို့ ပြောင်းရွေ့လာခဲ့ခြင်း ဖြစ်သည်။ မကြာသေးမီက အဘွား၏ ခင်ပွန်း နှစ်(၇၀) အရွယ်တွင် ဆုံးပါးသွားသဖြင့် ဘိုးဘွားရိပ်သာသို့ ပြောင်းရွေ့ရန် လိုအပ်လာခြင်းဖြစ်သည်။
            ဘိုးဘွားရိပ်သာရှိ ဧည့်ခန်းထဲတွင် နာရီပေါင်းအတော်ကြာ စောင့်ဆိုင်းခဲ့ရပြီးနောက် အဘွားနေရန်အခန်း အဆင်သင့်ဖြစ်ကြောင်း ကျွန်မက ပြောလိုက်သောအခါ ချိုချိုသာသာ ပြန်ပြုံးပြပါသည်။ ဓာတ်လှေကားဆီသို့ ဂရုတစိုက် လမ်းလျောက်လာနေစဉ် ကျွန်မက ပြတင်းပေါက်တွင် တပ်ဆင်ထားသော သတ္တုကွင်းလေးများပါသည့် ခန်းဆီးလိုက်ကာများအပါအဝင် အဘွားနေရမည့် အခန်းကျဉ်းလေးကို မြင်ယောင်လာအောင် ပြောပြပါသည်။ “အဘွား အဲဒီအခန်းလေးကို သဘောကျပါတယ်” ဟု အဘွားက ခွေးပေါက်စလေးတစ်ကောင် လက်ဆောင်ရသည့် (၇)နှစ်အရွယ် ကလေးငယ်တစ်ဦး၏ တက်ကြွမှုမျိုးဖြင့် ပြောလာပါသည်။
            “အဘွားရေ... အဘွားမှ အခန်းကို မတွေ့ရသေးပဲ။ စောင့်ကြည့်လိုက်ပါဦးနော်”
            “ဒီလို စောင့်ကြည့်ဖို့ မလိုပါဘူး ငါ့မြေးရယ်” ဟု အဘွားက ပြန်ပြောသည်။
           “ပျော်ရွှင်မှုဆိုတာ ငါ့မြေး ကြိုတင်ပြီး ဆုံးဖြတ်ထားရမဲ့ အရာတစ်ခုပါ။ အဘွားနေရမဲ့ အခန်းကို ကြိုက်တယ်မကြိုက်ဘူးဆိုတာ ပရိဘောဂ ပစ္စည်းတွေ စီစဉ်ခင်းကျင်းထားပုံနဲ့ မသက်ဆိုင်ပါ။ အဘွားရဲ့စိတ်ကို ဘယ်လိုဆုံးဖြတ်ထားသလဲဆိုတာနဲ့ပဲ သက်ဆိုင်ပါတယ်။ စောစောကတည်းက အဘွားဟာ ကိုယ်နေရမဲ့အခန်းကို နှစ်သက်မြတ်နိုးဖို့ ဆုံးဖြတ်ထားခဲ့တယ်။ ဒါဟာ ဒီနေ့နံနက် အိပ်ရာထကတည်းက ထားခဲ့တဲ့ ဆုံးဖြတ်ချက်တစ်ခုပါ။ အဘွားမှာ ရွေးချယ်စရာ တစ်ခုပဲရှိပါတယ်။ အိပ်ရာထဲလှဲပြီး မလှုပ်ရှားနိုင်တော့တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို တွေးနေမလား။ဒါမှမဟုတ် အိပ်ရာကထပြီး လှုပ်ရှားနိုင်တဲ့ အစိတ်အပိုင်းတွေရှိနေသေးတာကိုပဲ ကျေးဇူးတင်စကား ဆိုမလား။ နေ့ရက်တိုင်းဟာ လက်ဆောင်တစ်ခုလိုပါ။ အဘွား အသက်ရှင်နေသမျှ နေ့သစ်တွေနဲ့ ကုန်လွန်ခဲ့ပြီးတဲ့ ပျော်ရွှင်ဖွယ် အမှတ်တရတွေကိုပဲ အလေးအနက် ထားပါတော့မယ်။ အဘွားဘဝမှာ ယခု အချိန်အခါမျိုးလို့ပေါ့”
           အဘွားက ဆက်လက်ရှင်းပြပြန်သည်။
           “သက်ကြီးပိုင်းဆိုတာက ငါ့မြေး ထည့်သွင်းသိမ်းဆည်းထားသမျှ ပြန်ထုတ်ယူလို့ရတဲ့ ဘဏ်အကောင့်တစ်ခုလိုပါ။ ငါ့မြေးကို အဘွား အကြံပေးချင်တာကတော့ အမှတ်တရ ဘဏ်အကောင့်ထဲမှာ ပျော်ရွှင်မှုအများအပြား စုဆောင်းထားဖို့ပါ။ အဘွားရဲ့ အမှတ်တရ ဘဏ်အကောင့်ထဲမှာလည်း ငါ့မြေးက တစ်စိတ်တစ်ဒေသ ဖြည့်ဆည်းပေးတဲ့အတွက် ကျေးဇူးတင်မိပါတယ်။ အဘွားလည်း ယခုအချိန်ထိ ပျော်ရွှင်မှုတွေ စုဆောင်းနေဆဲပါပဲလေ”
           ထို့နောက် အဘွားက ပြုံးပြီးပြောပြန်သည်။
          “ငါ့မြေးရေ... ပျော်ရွှင်ဖို့အတွက် ဒီရိုးရှင်းတဲ့ အချက်ငါးချက်ကို အမြဲသတိရပါ။
          (၁) နှလုံးသားမှာ အမုန်းတရားတွေ ကင်းပါစေ။
          (၂) စိုးရိမ်ပူပန်စိတ်တွေ မရှိပါစေနဲ့။
          (၃) ရိုးရိုးသားသားနေထိုင်ပါ။
          (၄) များများ ပေးကမ်းစွန့်ကြဲပါ။
          (၅) အနည်းငယ်မျှသာ မျှော်လင့်ပါ။”
The Best English Magazine ,May 2012 တွင် ဖော်ပြပါရှိပြီး…
 နေလင်းအောင် ဘာသာပြန်ဆိုသည်။
www.naylinaung1.blogspot.com

Ref; Each Day is A Gift by Unknown
  မူရင်းအင်္ဂလိပ်စာ...

Sunday, July 15, 2012

လက်ရှိအချိန်ကို အကျိုးရှိရှိ အသုံးချပါ


နေလင်းအောင်
နံနက်တိုင်း သင့်ရဲ့ဘဏ်စာရင်းထဲကို ဒေါ်လာ (၈၆၄၀၀) ထုတ်ပေးနေတဲ့ ဘဏ်တစ်ခုရှိတယ်ဆိုပါစို့။
အဲဒီဘဏ်ဟာ တစ်နေ့တာလက်ကျန်ငွေကို နောက်တစ်နေ့အထိ သယ်ဆောင်မသွားပါဘူး။ တစ်နေ့တာအတွက် အသုံးပြုရမဲ့ငွေ ကျန်ရှိနေသေးတယ်ဆိုရင် ညနေရောက်တိုင်း ပယ်ဖျက်ပစ်ပါလိမ့်မယ်။
သင် ဘာလုပ်မလဲ။ တစ်ပြားမှမကျန်အောင် သုံးပစ်မှာပဲ မဟုတ်လား။
ကျွန်တော်တို့ အားလုံးမှာ အဲဒီလိုဘဏ်မျိုး ရှိနေပါတယ်။ အဲဒါကတော့ အချိန်ဆိုတဲ့ ဘဏ်ပါ။
နံနက်တိုင်း အချိန်ဆိုတဲ့ဘဏ်ဟာ သင့်ကို (၈၆၄၀၀) စက္ကန့် ထုတ်ပေးနေပါတယ်။ တစ်နေ့တာအတွင်း ကောင်းမွန်စွာ အသုံးမချဘဲ ကျန်နေတဲ့အချိန်တွေကိုတော့ ညနေရောက်တိုင်း ပယ်ဖျက်ပစ်ပါတယ်။
အချိန်ဆိုတဲ့ဘဏ်ဟာ လက်ကျန်စာရင်းကို ဆိုင်းထားမှာမဟုတ်ဘူး။ စာရင်းမှာရှိတာထက် ပိုသုံးလို့လည်းမရဘူး။ နေ့စဉ်နေ့တိုင်း သင့်အတွက် စာရင်းအသစ် ဖွင့်ပေးနေမှာပါ။ ညရောက်တဲ့အခါတိုင်း တစ်နေ့တာလက်ကျန်ကို ပယ်ဖျက်ပစ်ပါတယ်။ တစ်နေ့တာ ထုတ်ပေးထားတဲ့ ပမာဏကို အကျိုးရှိရှိ အသုံးမပြုမိခဲ့ဘူးဆိုရင်တော့ အဲဒီဆုံးရှုံးမှုဟာ သင့်ကြောင့်ဖြစ်ရတာပါ။ ဆုံးရှုံးသွားတဲ့ အချိန်ကို ပြန်ပြီးမရနိုင်တော့သလို မနက်ဖြန်အတွက် ကြိုတင်ပြင်ဆင်လို့လည်း မရနိုင်ပါဘူး။
ဒီနေ့ ထုတ်ပေးတဲ့အချိန်ကို ဒီနေ့ပဲ အသုံးချလိုက်ပါ။ ကျန်းမာရေး၊ ပျော်ရွှင်မှုနဲ့ အောင်မြင်မှုတွေ အကောင်းဆုံးရရှိဖို့ အဲဒီအချိန်ကို ရင်းနှီးမြှုပ်နှံလိုက်ပါ။ နာရီဆိုတာ လည်ပတ်နေတာပါ။ တစ်နေ့တာရဲ့ အချိန်အများစုကို အကျိုးရှိရှိ အသုံးချလိုက်ပါ။
တစ်နှစ်တန်ဖိုးကို သိချင်ရင် စာမေးပွဲကျတဲ့ ကျောင်းသားတစ်ဦးကို မေးကြည့်ပါ။
တစ်လတန်ဖိုးကို သိချင်ရင် လမစေ့ဘဲ ကလေးမွေးခဲ့တဲ့ မိခင်တစ်ဦးကို မေးကြည့်ပါ။
တစ်ပတ်တန်ဖိုးကို သိချင်ရင် အပတ်စဉ်ထုတ်သတင်းစာရဲ့ အယ်ဒီတာကို  မေးကြည့်ပါ။
တစ်နာရီတန်ဖိုးကို သိချင်ရင် တွေ့ဖို့စောင့်နေကြတဲ့ ချစ်သူနှစ်ဦးကိုမေးကြည့်ပါ။
တစ်မိနစ်တန်ဖိုးကို သိချင်ရင် ရထားမမီဖြစ်သွားတဲ့ လူတစ်ဦးကိုမေးကြည့်ပါ။
တစ်စက္ကန့်တန်ဖိုးကို သိချင်ရင် မတော်တဆဖြစ်ရပ်တစ်ခုမှ သီသီလေးလွတ်သွားတဲ့ လူတစ်ဦးကိုမေးကြည့်ပါ။
သင့်မှာရှိနေတဲ့ တဒင်္ဂ အချိန်ကာလတိုင်းကိုလည်း တန်ဖိုးထားပါ။ သင့်ရဲ့အချိန်ကို ထိုက်တန်တဲ့ တစ်စုံတစ်ဦးနဲ့ အသုံးချပြီး ခံစားပျော်ရွှင်နိုင်တဲ့ အတွက်ကြောင့် အဲဒီအချိန်လေးတွေကို ပိုပြီးတန်ဖိုးထားပါ။
အချိန်ဟာ မည်သူ့ကိုမှ မစောင့်ဘူးဆိုတာ သတိရပါ။ မနေ့ကဆိုတာ ပြီးဆုံးခဲ့တဲ့ သမိုင်းမှတ်တမ်းမျှသာ။ မနက်ဖြန်ဆိုတာ မဖြစ်နိုင်သေးတဲ့ ဒဏ္ဍာရီမျှသာ။ ဒီနေ့ဆိုတာ လက်ဆောင်တစ်ခုပါ။ ဒီတော့ လက်ရှိတစ်နေ့တာကိုပဲ အကျိုးရှိရှိ အသုံးချလိုက်ပါ။
နေလင်းအောင် ဘာသာပြန်ဆိုသည်။
Ref; Time is like money in the bank by Unknown 
www.naylinaung1.blogspot.com
မူရင်းအင်္ဂလိပ်စာ ဖတ်ရူ့လိုပါက... 

စိတ်ခွန်အားပေး စာစုများ(၂)


(၆) 

အပြစ်တင် ဝေဖန်ခံရတဲ့အခါ
မည်သူ့ကိုမှ
ဖြေရှင်းချက်ပေးမနေပါနဲ့။
အကြောင်းကတော့
သင့်ကိုချစ်ခင်တဲ့သူဆိုရင်
ယုံကြည်ပြီးသားဖြစ်တဲ့အတွက်
ရှင်းပြနေစရာ မလိုပါဘူး။
သင့်ကိုမချစ်ခင်တဲ့သူဆိုရင်
ယုံကြည်မှုမရှိတဲ့အတွက်
ရှင်းပြနေလည်း ယုံမှာမဟုတ်ပါဘူး။
နေလင်းအောင်

(၇)

လက်သည်းတွေရှည်လာတဲ့အခါ
လက်သည်းကိုပဲ ဖြတ်လိုက်ပါ။
လက်ချောင်းတွေကို
 ဖြတ်ပစ်စရာ မလိုပါဘူး။
အထင်အမြင်လွဲမှားမှု ပေါ်လာတဲ့အခါ
အတ္တမာနကိုပဲ ဖြတ်လိုက်ပါ။
ချစ်ခင်မှုသံယောဇဉ်ကို
 ဖြတ်ပစ်စရာမလိုပါဘူး။
နေလင်းအောင် 

(၈)

စိတ်ဆိုးနေတဲ့အခါ
စကားပြန်မပြောပါနဲ့။
ပျော်ရွှင်နေတဲ့အခါ
ကတိမပေးပါနဲ့။
ဝမ်းနည်းနေတဲ့အခါ
ဆုံးဖြတ်ချက်မချပါနဲ့။
နေလင်းအောင် 

(၉)

ဘဝမှာ ပြန်မရနိုင်တဲ့ အရာသုံးခုရှိတယ်…
အချိန်၊ ပြောခဲ့မိတဲ့စကားနဲ့ အခွင့်အလမ်းပါ။
ဘဝမှာ မဆုံးရှုံးသင့်တဲ့ အရာသုံးခုရှိတယ်…
ငြိမ်းချမ်းမှု၊ရိုးသားမှုနဲ့ မျှော်လင့်ချက်ပါ။
ဘဝမှာ တန်ဖိုးအရှိဆုံး အရာသုံးခုရှိတယ်…
ချစ်မေတ္တာ၊ မိမိကိုယ်ကို ယုံကြည်မှုနဲ့ သူငယ်ချင်းပါ။
နေလင်းအောင် 

(၁၀)

ဘဝရဲ့ အခက်အခဲ အတားအဆီးဆိုတာ
သင့်ကို မလှုပ်ရှားနိုင်အောင်
 ပြုလုပ်နေတာမဟုတ်ဘူး။
သင်ဘယ်လိုလူစားလဲဆိုတာ
ပြသနိုင်ဖို့
အခွင့်အရေး ပေးနေတာပါ။
နေလင်းအောင်  
www.naylinaung1.blogspot.com
 

Wednesday, July 11, 2012

ချစ်မေတ္တာစာစုများ(၁)


 (၁)
သင့်ကိုမချစ်တဲ့လူတစ်ယောက်
စွန့်ခွါထွက်ပြေးသွားလို့
ဝမ်းနည်းပူဆွေးနေစရာ မလိုပါဘူး။
ဘာဖြစ်လို့လဲဆိုရင်
သင်ဆုံးရှုံးရတာက
သင့်ကိုမချစ်တဲ့လူတစ်ယောက်ပါ။
သူဆုံးရှုံးရတာက
သူ့ကိုချစ်တဲ့လူတစ်ယောက်ပါ။
  နေလင်းအောင်

(၂) 
 
မင်းကိုစကားမပြောဘဲ
နေ့ပေါင်းများစွာ ကိုယ်နေနိုင်ပါတယ်။
မင်းကိုမတွေ့မမြင်ရဘဲ
လပေါင်းများစွာကိုယ်နေနိုင်ပါတယ်။
ဒါပေမဲ့…
မင်းအကြောင်းမစဉ်းစားဘဲနဲ့တော့
တစ်စက္ကန့်လေးတောင်မှ
ကိုယ်မနေနိုင်ပါဘူးကွယ်။
  နေလင်းအောင်

(၃)

 
မေတ္တာတရားဆီသွားရာလမ်းဟာ
ကျဉ်းမြောင်းလွန်းပါတယ်။
နှစ်ကိုယ့်တစ်စိတ်အဖြစ်
မပေါင်းစည်းနိုင်ဘူးဆိုရင်တော့
အဲဒီလမ်းကျဉ်းပေါ် နှစ်ယောက်အတူ
လျှောက်လှမ်းနိုင်မှာ မဟုတ်ပါဘူး။
  နေလင်းအောင်

(၄)
 
မေတ္တာသက်ဝင် သွားခြင်းဆိုတာ
အဆောက်အအုံတစ်ခုပေါ်ကနေ
ခုန်ချခြင်းနဲ့တူပါတယ်။
“မင်းသေသွားလိမ့်မယ်။ အဲဒီလိုမလုပ်နဲ့”လို့ ဦးနှောက်က ပြောဆိုတယ်။
“မပူပါနဲ့။ ငါဟာ ပျံသန်းနိုင်ပါတယ်”လို့
 နှလုံးသားက ပြောဆိုတယ်။
  နေလင်းအောင်
 (၅) 
မေတ္တာသက်ဝင်မိတဲ့အခါ
နာကျင်ခံစားရတယ်။
နာကျင်ခံစားရတဲ့အခါ
မုန်းတီးမိလာတယ်။
မုန်းတီးမိတဲ့အခါ
မေ့ပျောက်ဖို့ကြိုးစားတယ်။
မေ့ပျောက်ဖို့ကြိုးစားတဲ့အခါ
တမ်းတမိလာတယ်။
တမ်းတမိတဲ့အခါ
မေတ္တာသက်ဝင်လာပြန်တယ်။
 နေလင်းအောင်

ဝန်ခံချက်။  ။အင်္ဂလိပ်စာမှ မြန်မာသို့ သင့်တော်အောင် လိုတိုးပိုလျှော့ ပြန်ဆိုထားပါတယ်။

Tuesday, July 10, 2012

IQ Test (2) ရေချိုးကန်ဖြင့်စမ်းသပ်ခြင်း





နေလင်းအောင်
        လူတစ်ဦးဟာ စိတ္တဇ ဆေးရုံတစ်ခုသို့သွားစဉ် ဒါရိုက်တာဖြစ်သူကို မေးလိုက်ပါတယ်။
        “လူတစ်ဦးကို ဆေးရုံတင်သင့်၊မတင်သင့် ဆုံးဖြတ်ဖို့ ဘယ်လိုစံနှုန်းကို အသုံးပြုပါသလဲ”
        “ကျွန်တော်တို့ဟာ ရေးချိုးကန်ကို ရေဖြည့်လိုက်တယ်။ ပြီးတော့ လူနာကို လက်ဖက်ရည်ဇွန်းတစ်ချောင်း၊ လက်ဖက်ရည်ခွက်တစ်လုံးနဲ့ ရေပုံးတစ်ပုံး ပေးပြီး ရေကန်ထဲက ရေကုန်အောင်လုပ်ဖို့ ခိုင်းလိုက်တယ်”လို့ ဒါရိုက်တာက ပြောတယ်။
         “ဟာ…ကျွန်တော် သဘောပေါက်ပြီ။ စိတ်ပုံမှန်ဖြစ်နေတဲ့ လူတစ်ဦးဆိုရင် ရေပုံးကိုပဲ ရွေးမှာပေါ့ဗျာ။ ဘာဖြစ်လို့လဲဆိုရင် ရေပုံးဟာ လက်ဖက်ရည်ဇွန်း၊ လက်ဖက်ရည်ခွက်တို့ထက် ပိုကြီးတယ်လေ”
         ဒီအခါ ဒါရိုက်တာက ပြန်ဖြေလိုက်ပါတယ်။
         ဒါရိုက်တာရဲ့ အဖြေကိုမကြည့်ခင် စာဖတ်သူများက မိမိအတွေးအမြင်နဲ့ဆုံးဖြတ်ပေးစေချင်ပါတယ်။ (၁၅ ) စက္ကန့်အတွင်း အဖြေရှာကြည့်ပေးပါ။ ရပြီဆိုရင် အောက်ကအဖြေကို ကြည့်လိုက်ပါ။

Sunday, July 8, 2012

နှုတ်ဆက်ချိန်



  •   နှုတ်ဆက်ခွဲခွာရတဲ့အချိန်မှာ 
      ကျေနပ်ပြုံး ပြုံးပြခဲ့တယ်။
       တကယ်တော့
       ကွဲကြေနေတဲ့ နှလုံးသားကို
       မင်းမသိစေချင်လို့ပါ။
  •   နှုတ်ဆက်ခွဲခွာရတဲ့အချိန်မှာ
       ဦးညွတ်ရင်း တုန့်ပြန်ခဲ့တယ်။
       တကယ်တော့
       ယိုစီးနေတဲ့ မျက်ရည်စတွေကို
       မင်းမမြင်စေချင်လို့ပါ။
  •   နှုတ်ဆက်ခွဲခွာရတဲ့အချိန်မှာ
       လက်ဝှေ့ယမ်းပြခဲ့တယ်။
       တကယ်တော့
       တုန်ယင်နေတဲ့လက်တွေကို
       မင်းသတိမပြုမိစေဖို့ပါ။
  •   နှုတ်ဆက်ခွဲခွာရတဲ့အချိန်မှာ
       ကျောခိုင်းကာ ထွက်သွားခဲ့တယ်။
       တကယ်တော့
       မူမမှန်ရင်ခုန်သံတွေကို
       မင်းမရိပ်မိစေဖို့ပါ။
နေလင်းအောင်

ကံကြမ္မာဆိုတာ…


ကံကြမ္မာဆိုတာ အလိုအလျောက် ဖြစ်လာတဲ့အရာမဟုတ်ဘူး။ ကိုယ်တိုင်ဖန်တီးရင်း ကိုယ်ဖြစ်ချင်သလို ပြုလုပ်ရမဲ့ အရာတစ်ခုပါ။
နေလင်းအောင်


အလွန်အရေးပါသော တိုက်ပွဲတစ်ခုတွင် ဂျပန်ဗိုလ်ချုပ်ကြီးဟာ စစ်သည်အင်အား နည်းပါးလွန်းသော်လည်း တိုက်ခိုက်ဖို့ရန် ဆုံးဖြတ်လိုက်တယ်။ နိုင်မယ်ဆိုတာ သူမှာ ယုံကြည်ချက် အပြည့်ရှိနေပေမဲ့ သူ့စစ်သားတွေကတော့ သံသယ ဝင်နေကြတယ်။ သူတို့အားလုံး စစ်ပွဲဆီ ဦးတည်ချီတက်စဉ် ဘုရားကျောင်းတစ်ခုအရောက်မှာ ရပ်တန့်လိုက်ကြတယ်။ ဗိုလ်ချုပ်ကြီးဟာ စစ်သားတွေနဲ့အတူ ဆုတောင်းပြီးနောက် ငွေဒင်္ဂါပြားတစ်ခုယူကာ ပြောဆိုလိုက်တယ်။
“ကဲ…ဒီဒင်္ဂါပြားကို မြှောက်လိုက်မယ်။ ခေါင်းကျမယ်ဆိုရင် ငါတို့ နိုင်လိမ့်မယ်။ ပန်းကျမယ်ဆိုရင် ငါတို့ရှုံးလိမ့်မယ်။ ငါတို့ရဲ့ ကံကြမ္မာကို ကြည့်လိုက်ကြရအောင်”
ပြောရင်း သူဟာ ဒင်္ဂါပြားကို လေထဲမြှောက်လိုက်တယ။် စစ်သားအားလုံးဟာ ဒင်္ဂါပြား မြေပေါ်ရောက်သည့်တိုင် မမှိတ်မသုံ စူးစိုက်ကြည့်နေကြတယ်။ ခေါင်းကျသွားတဲ့အတွက် စစ်သားအားလုံး အလွန်ပျော်ရွှင်သွားကြတယ်။ ရန်သူတွေကို ယုံကြည်မှုအပြည့်ဖြင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ရာ အောင်ပွဲရပါတော့တယ်။
စစ်ပွဲပြီးတဲ့အခါ ဗိုလ်ကြီးတစ်ဦးက ဗိုလ်ချုပ်ကြီးကို မှတ်ချက်ပေးလိုက်တယ်။
“ဘယ်သူမှ ကံကြမ္မာကို မပြောင်းလဲနိုင်ပါဘူးဗျာ”
“သိပ်မှန်တာပေါ့”လို့ ဗိုလ်ချုပ်ကြီးက ပြန်လည်ပြောဆိုရင်း ငွေဒင်္ဂါပြားကို ပြလိုက်တယ်။ ဒင်္ဂါပြားမှာ နှစ်ဘက်လုံး ခေါင်းတွေနဲ့ပေါ့။

စဉ်းစားဆင်ခြင်စရာ
စစ်ပွဲတစ်ပွဲ တိုက်ခိုက်ရာမှာ စစ်သည်အင်အား အနည်းအများက ပမာနမကျပါဘူး။ ဘယ်လောက်ပင် အင်အားများပါစေ အောင်နိုင်ရမယ်လို့ ယုံကြည်ချက်မရှိဘူးဆိုရင်တော့ အောင်မြင်မှာမဟုတ်ပါဘူး။ အခြားတစ်ဘက်မှာလည်း ဘယ်လောက်ပဲ အင်အားနည်းပါးနေပါစေ အောင်မြင်ရမယ်လို့ ယုံကြည်ချက်အပြည့် ရှိနေမယ်ဆိုရင်တော့ အောင်မြင်ပါလိမ့်မယ်။ ယုံကြည်မှုဆိုတာ အောင်မြင်မှုအတွက် အရေးအကြီးဆုံး သော့ချက်တစ်ခုပါ။
ဘဝတိုက်ပွဲမှာ ငွေ၊ ပညာ၊ ဓနအင်အားနည်းပါးလို့ မအောင်မြင်နိုင်ဘူး ထင်နေမယ်ဆိုရင် ဘယ်တော့မှ အောင်မြင်မှာမဟုတ်ပါဘူး။ ယုံကြည်ချက် ပြတ်သားခိုင်မာနေမယ်ဆိုရင် မဖြစ်နိုင်ဘူး၊ မရနိုင်ဘူးဆိုတာ လူ့လောကမှာ မရှိပါဘူး။
ကံကြမ္မာဆိုတာ အလိုအလျှောက် ဖြစ်ပေါ်လာတဲ့ အရာမဟုတ်ပါ။ သင့်ကိုယ်တိုင်ဖန်တီးရင်း သင်ဖြစ်စေချင်သလို ပြုပြင်ပြောင်းလဲနိုင်တဲ့ အရာတစ်ခုပါ။ သင့်ကံကြမ္မာကို သင့်ကိုယ်တိုင် ပြောင်းလဲလိုက်ပါတော့။
နေလင်းအောင် ဘာသာပြန်ဆိုသည်။ 
Ref; Destiny by Unknown 
www.naylinaung1.blogspot.com 

စိတ်ခွန်အားပေးစာစု(၅)




 (၅)
သင်ခြေချော်ကျမယ်ဆိုရင်
သင်ရဲ့ဟန်ချက်ကို ပြန်ပြီးထိန်းသိမ်းလို့ ရနိုင်ပါတယ်။
သင်စကားမှားသွားမယ်ဆိုရင်တော့
သင့်ရဲ့ ပုံရိပ်ကို ပြန်လည်တည်ဆောက်လို့မရနိုင်ပါဘူး။
စကားတစ်ခွန်း မပြောမီ
သေချာစဉ်းစားဆင်ခြင်ပါ။
နေလင်းအောင်

စိတ်ခွန်အားပေးစာစု(၄)


(၄)
ဆိုးကွက်ကိုကြည့်ပြီး
ပေါင်းသင်းဆက်ဆံမယ်ဆိုရင်
ပေါင်းသင်းစရာလူ
တစ်ဦးမှမရှိနိုင်ဘူး။
ကောင်းကွက်ကိုကြည့်ပြီး
ပေါင်းသင်းဆက်ဆံမယ်ဆိုရင်
မပေါင်းသင်းနိုင်စရာလူ
တစ်ဦးမှမရှိနိုင်ဘူး။
တစ်ဦးတည်း အထီးကျန်နေချင်လျှင်
မကောင်းကွက်ကိုကြည့်ပြီးပေါင်းပါ။
အများနဲ့ ပျော်ရွှင်ချမ်းမြေ့စွာနေလိုလျှင်
ကောင်းကွက်ကိုကြည့်ပြီးပေါင်းပါ။
နေလင်းအောင်

စိတ်ခွန်အားပေးစာစု(၃)


အခွင့်အလမ်းဆိုတာ
အခြားသူတစ်ယောက်က ဖန်တီးပေးလို့
ရတဲ့အရာမဟုတ်ဘူး။
မတော်တဆလမ်းမှားရင်း
ရောက်လာတဲ့အရာလည်း မဟုတ်ဘူး။
ကိုယ်တိုင်ဖန်တီးရင်း
ကိုယ့်ဆီရောက်လာအောင် ပြုလုပ်ရမဲ့အရာပါ။
နေလင်းအောင်

ပြောချင်ရာများ ပြောခဲ့ဖို့...