Tuesday, August 28, 2012

အမှန်တရားကို ရှာဖွေသူ




 နေလင်းအောင်

          နှစ်ပေါင်းများစွာ ရှာဖွေပြီးနောက် အမှန်တရား ရှာဖွေသူဟာ လှိုင်ဂူတစ်ခုသို့သွားလျှင် ရေတွင်းတစ်တွင်း တွေ့လိမ့်မည်ဖြစ်ကြောင်း ပြောကြားခံရပါတယ်။ “အမှန်တရားဆိုတာ ဘာလဲလို့ ရေတွင်းကို မေးလိုက်ပါ။ ရေတွင်းဟာ အမှန်တရားအကြောင်း မင်းကို ပြန်ပြောပြပါလိမ့်မယ်” လို့ သူ့ကို အကြံပေးတယ်။ ရေတွင်းတွေ့တဲ့အခါ အမှန်တရားရှာဖွေသူဟာ အခြေခံအကျဆုံး မေးခွန်းကိုမေးလိုက်တယ်။ “ရွာလမ်းဆုံသွားပါ။ မင်းရှာနေတာတွေ တွေ့ပါလိမ့်မယ်”လို့ ရေတွင်းထဲကနေ ဖြေသံပေါ်လာခဲ့တယ်။
        မျှော်လင့်ချက်အပြည့်ဖြင့် သူဟာ ရွာလမ်းဆုံကိုပြေးကြည့်တော့ အဲဒီနေရာမှာ စိတ်ဝင်စားစရာမကောင်းတဲ့ ဈေးဆိုင်သုံးဆိုင်ကိုသာ တွေ့ရပါတယ်။  တစ်ဆိုင်က သတ္တုအပိုင်းအစတွေရောင်းတယ်။ အခြားတစ်ဆိုင်က သစ်သားတွေရောင်းတယ်။ တတိယမြောက်ဆိုင်က ဝါယာကြိုးတွေရောင်းတယ်။ အမှန်တရားကိုဟောပြောမယ့် အရာနဲ့ လူပုဂ္ဂိုလ်တစ်ဦးဦး  ရှိပုံမပေါ်ပါဘူး။
         အမှန်တရားကို ရှာဖွေသူဟာ စိတ်ပျက်လက်ပျက်နဲ့ ရေတွင်းဆီပြန်လာကာ ရှင်းပြပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ဒါပေမယ့် “နောင်တစ်ချိန်မှာ မင်းနားလည်လာပါလိမ့်မယ်” လို့ ရေတွင်းက ပြန်ပြောလိုက်တယ်။သူဟာထပ်မံစောဒကတက်တဲ့အခါ  ရေတွင်းဆီက ဖြေကြားချက်မရတော့ဘဲ သူအော်သံရဲ့ ပဲ့တင်ထပ်သံကိုသာ ကြားရတော့တယ်။ အဲဒီအချိန်တုန်းက အရူးလုပ်ခံလိုက်ရတယ်ထင်ပြီး  သူဒေါသထွက်ခဲ့သေးတယ်။ ဒါပေမယ့် အမှန်တရားကိုတော့ သူဆက်ပြီး လှည့်ပတ်ရှာဖွေနေခဲ့ပါတယ်။ နှစ်များစွာ ကုန်ဆုံးသွားတဲ့အခါ ရေတွင်းနဲ့ပတ်သက် တွေ့ကြုံခဲ့ရတဲ့ အမှတ်တရတွေ ပျောက်ကွယ်သွားခဲ့တယ်။ တစ်ညမှာတော့ လသာထဲ သူလမ်းလျှောက်နေစဉ် အိန္ဒိယ ကြိုးတပ်တူရိယာတစ်မျိုးရဲ့အသံက သူ့အာရုံကို ဖမ်းစားလိုက်တယ်။ ကျွမ်းကျင်ပိုင်နိုင်စွာ၊ ဖန်တီးမှုအားကောင်းကောင်းနဲ့ ထွက်ပေါ်လာတဲ့ သာယာနာပျော်ဖွယ် ဂီတသံပါ။
         အမှန်တရား ရှာဖွေသူဟာ တီးခတ်သူဆီသွားပြီး အသေအချာ စေ့စေ့စပ်စပ် ကြည့်ရူ့လိုက်ပါတယ်။ ကြိုးတွေပေါ် ထက်အောက်လှုပ်ရှားတီးခတ်နေတဲ့ လက်ချောင်းတွေကို သူကြည့်လိုက်တယ်။ တူရိယာကို သူသတိထားမိလာတယ်။ ရုတ်တရက် သူမှတ်မိရင်း ပျော်ရွှင်စွာနဲ့ ထုတ်ဖော်ပြောလိုက်မိတယ်။ ဒီတူရိယာဟာ တစ်ခါတုန်းက စတိုးဆိုင်သုံးဆိုင်မှာ သူတွေ့မြင်ခဲ့ပြီး ဘာမှ ထူးထူးခြားခြား မရှိဘူးလို့ သူထင်ခဲ့တဲ့ ဝါယာကြိုးတွေ၊ သတ္တုအပိုင်းအစတွေ၊ သစ်သားတွေနဲ့ ပြုလုပ်ထားခဲ့တာပါတဲ့။
        နောက်ဆုံးမှာတော့ ရေတွင်းရဲ့ ပြောကြားချက်ကို သူသိမြင်နားလည်လာခဲ့တယ်။ ကျွန်တော်တို့မှာ လိုအပ်သမျှအရာအားလုံး ပေးကမ်းပြီးသားပါ။ ကျွန်တော်တို့ရဲ့တာဝန်ကတော့ ဒီအရာတွေကို သင့်တော်တဲ့နည်းလမ်းနဲ့ တပ်ဆင်အသုံးပြုလိုက်ဖို့ပါ။ သီးခြားအစိတ်အပိုင်းတွေ လက်ခံရရှိနေသရွေ့ ဘယ်အရာမှ အဓိပ္ပါယ်ရှိမှာ မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီသီးခြားအစိတ်အပိုင်းတွေကို တစ်ပေါင်းတစ်စည်းတည်းဖြစ်အောင် စုစည်းလိုက်မယ်ဆိုရင်တော့ ပစ္စည်းအသစ်တစ်ခု ဖြစ်ပေါ်လာပါတယ်။ သီးခြားအစိတ်အပိုင်းတွေကို ကြည့်ရူ့ခြင်းအားဖြင့် ပစ္စည်းအသစ်ရဲ့ သဘာဝကို ကျွန်တော်တို့ ကြိုတင်နားလည်နိုင်မှာ မဟုတ်ပါဘူး။

နေလင်းအောင် ဘာသာပြန်ဆိုသည်။
www.naylinaung1.blogspot.com 
Ref; The seeker of Truth by Unknown

No comments:

ပြောချင်ရာများ ပြောခဲ့ဖို့...