Friday, May 24, 2013

ငွေမျက်နှာ




ပါ့ခ်လမ်းရှိ အိမ်နံပါတ် (၂၄)သည် ကြီးမားပြီး ဈေးကြီးသော အိမ်တစ်လုံးပင်ဖြစ်သည်။ အဘိုးကြီး မစ္စတာ အန်တိုနီရော့ခ်ဝဲလ်သည် ထိုအိမ်ကြီးတွင် နေထိုင်သည်။ သူသည် နှစ်ပေါင်းအတော်ကြာ အလုပ်ကြိုးစားခဲ့သဖြင့် ယခုအချိန်တွင် ငွေအမြောက်အမြား စုဆောင်းမိနေပေပြီ။ သူသည် အသက်ကြီးလာပြီဖြစ်သဖြင့် အလုပ်လုပ်ခြင်း မရှိတော့။ လူတစ်ယောက်က သူ့ကို ကားမောင်းပို့ပေးသည်။ အမျိုးသမီးတစ်ယောက်က ချက်ပြုတ်ကျွေးသည်။ ကောင်လေးတစ်ဦးက သတင်းစာ ယူပေးသည်။ မစ္စတာ ရော့ခ်ဝေါလ်သည် ကုလားထိုင်ကြီးတစ်လုံးတွင် ထိုင်ရင်း ပြုံးနေလိုက်သည်။ သူသည် ပျော်ပျော်နေတတ်သော လူတစ်ဦးပင်…။

မစ္စတာရော့ခ်ဝေါလ်က သားဖြစ်သူကို အော်ခေါ်လိုက်သည်။ “ရစ်ချက်ရေ… ဖေဖေ့ဆီ လာပါဦး။ သားကို ပြောစရာရှိတယ်”

မစ္စတာရော့ခ်ဝေါလ်၏ သားဖြစ်သူက အခန်းထဲဝင်လာပြီး ထိုင်ချလိုက်သည်။ သူသည် အသက် (၂၁)နှစ် အရွယ်ရှိပြီး အေးဆေးသော လူငယ်တစ်ဦးပင် ဖြစ်သည်။ “ရောက်ပြီ ဖေဖေ…ဘာပြောမှာလဲဗျ”

“ရစ်ချက်…ဒီလမ်းထဲမှာနေတဲ့ လူတွေဟာ လူကြီးလူကောင်းတွေပါ။ သူတို့ဟာ မိသားစုမျိုးရိုး ကောင်းမွန်ကြသလို ငွေလည်း အများကြီးရှိတယ်။ ဖေဖေတို့ကတော့ ကျော်ကြားတဲ့ မိသားစုက ဆင်းသက်လာတာတော့ မဟုတ်ဘူး။ ဒါပေမယ့် ဖေဖေတို့မှာ ငွေအများကြီးရှိတယ်။ ဖေဖေရဲ့ငွေတွေက သားကို လူကြီးလူကောင်းတစ်ဦး ဖြစ်အောင် လုပ်ပေးနိုင်တယ်။ ငွေဟာ သားအတွက် တံခါးပေါင်းများစွာကို ဖွင့်ပေးနိုင်တယ်” မစ္စတာ ရော့ခ်ဝေါလ်က ပြုံးရင်း ပြောဆိုလိုက်သည်။

“ငွေဟာ တံခါးတချို့ကိုတော့ ဖွင့်ပေးနိုင်ပါတယ်။ ဒါပေမယ့် တံခါးတိုင်းကိုတော့ ဖွင့်မပေးနိုင်ပါဘူးဗျ”ဟု ရစ်ချက်က ပြောဆိုသည်။

“သားရေ… အဲလိုမပြောပါနဲ့။ ဖေဖေတို့မှာ ဘာပြဿနာမှ မရှိဘူး။ လမ်းပေါ်တွေ့တဲ့ လူတိုင်းကို မေးကြည့်လိုက်။ ဒါမှမဟုတ် သား သူငယ်ချင်းတွေကို မေးကြည့်လိုက်။ ငွေနဲ့ မဖွင့်နိုင်တဲ့ တံခါးတွေဟာ ဘာလဲလို့” မစ္စတာရော့ခ်ဝေါလ်က ပြောဆိုသည်။

“ငွေဟာ ရိုးသားတဲ့လူတွေရဲ့ စားပွဲဝိုင်း တစ်နေရာကို ဝယ်လို့မရဘူးဗျ” ရစ်ချတ်က ပြောဆိုသည်။

“လူကလေး…မင်း မှားနေပြီ” သူ့ဖခင်က သားဖြစ်သူ၏ မျက်လုံးကို စိုက်ကြည့်ပြီး ပြောဆိုလိုက်သည်။ “သား… အဲလိုပြောတဲ့လူတွေဟာ ငွေအများကြီးမရှိဘူး။ သူတို့ဟာ အလုပ်အကြောင်းပဲ နားလည်ကြတယ်။ သားလည်း အလုပ်ကောင်းကောင်းလုပ်မယ်ဆိုရင် ငွေအများကြီး ရှာနိုင်တယ်”

ရစ်ချတ်သည် တိတ်ဆိတ်ငြိမ်သက်သွားသည်။

“သားရေ…ပြဿနာက ဘာလဲ။ သား နေမကောင်းလို့လား။ ဘာများ ဖြစ်နေလို့လဲ။ ဖေဖေကို ပြောနိုင်ပါတယ်ကွာ” မစ္စတာရော့ခ်ဝေါလ်က ပြောဆိုသည်။

“ဖေဖေ… သား နေကောင်းပါတယ်။ သားမှာ အိမ်ကြီးအိမ်ကောင်းတစ်လုံးရယ်၊ ကောင်းမွန်တဲ့ အလုပ်တစ်ခုရယ်၊ ထက်မြက်တဲ့ ဖခင်ကြီးတစ်ယောက်ရယ် ရှိနေသားပဲ။ ဒါပေမယ့်…”

“ဒါနဲ့…သား ချစ်သူနာမည်က ဘယ်သူလဲ” မစ္စတာရော့ခ်ဝေါလ်က မေးလိုက်သည်။

“ဟာ… ဖေဖေ…သူမက သိပ်လှပြီး သားအတွက် အလွန်အရေးပါတဲ့ လူတစ်ဦးပါ။ သူမနာမည်က အယ်လင် လန်ထရီတဲ့။ သူမဟာ သားအတွက် တစ်ဦးတည်းသော ချစ်သူပါပဲ”

“သူမကို စကားပြောလေကွာ။ သူမနဲ့အတူ တွဲကလိုက်ပါ။ မိုးရွာထဲမှာ အတူတူ လမ်းလျှောက်ပေါ့။ သူမလည်း သားကို ပြန်ချစ်လာပါလိမ့်မယ်။ သားလည်း ထက်မြက်ပြီး အရည်အချင်းရှိတဲ့ လူငယ်တစ်ဦးပဲ”

“ဒါပေမယ့် သူမဘေးမှာက အမျိုးသားတွေ ဝိုင်းဝိုင်းလည်နေတာဗျ။ သား သူမအနား ဘယ်တုန်းကမှ ချည်းကပ်လို့မရဘူး။ သူမကလည်း သားအတွက် အချိန်မပေးဘူးလေ”

“ရစ်ချတ်…ငွေတွေယူပြီး သူမရဲ့အချိန်ကို ပေးဝယ်လိုက်ပါ။ သားရဲ့ မေတ္တာကို သူမသိလာအောင် ထုတ်ပြောပေါ့ကွာ”

“သား ပြောလို့မဖြစ်နိုင်တော့ဘူးဗျ။ နောက်နေ့နံနက်ဆို သူမ ဥရောပကို သင်္ဘောနဲ့ သွားတော့မှာ။ အဲဒီမှာ နှစ်နှစ်ကြာ နေမှာတဲ့။ ဒီနေ့ည ပြဇာတ်ပွဲကိုလိုက်ပို့ဖို့ သားကို ပြောထားတယ်။ ဒါပေမယ့် ခဏလေးပဲ ကားမောင်းသွားရမှာ။ သား သူမနဲ့ အချိန်အများကြီး ရချင်တယ်။ ဒါပေမယ့် ဖေဖေ သူမအချိန်တွေကို ပေးမဝယ်နိုင်တော့ပါဘူးဗျာ”

“ကောင်းပြီ…ရစ်ချတ်။ ခု ဖေဖေ နားလည်ပြီ။ သူမအပေါ်ထားတဲ့ သားရဲ့ မေတ္တာဟာ ကြီးမြတ်လှပါတယ်။ ဒါပေမယ့် သူမကတော့ သားရဲ့မေတ္တာကို မသိဘူးဖြစ်နေတယ်။ အဲဒါ သားရဲ့လိုအပ်ချက်ကြောင့်ပေါ့”

“သားမှာ အချိန်မှမရတာ။ ဘယ်လိုလုပ်ပြီး သူမသိအောင် ပြောရမှာလဲဗျ” ရစ်ချတ်က အလွန်မပျော်မရွှင်ဖြစ်ရင်း ပြောဆိုလိုက်သည်။ “ဖေဖေရဲ့ငွေတွေက သူမနဲ့ စကားပြောဖို့ အချိန်တွေကို ဝယ်လို့မရဘူးဗျ”

ထိုနေ့ ည (၈)နာရီတွင် ရစ်ချတ်သည် လှပသော သူ့ချစ်သူ အမျိုးသမီးအိမ်သို့ ထွက်ခွာသွားပါသည်။

“ကောင်းသော ညနေခင်းပါ…ရစ်ချတ်။ ဖေဖေနဲ့ မေမေက ကျွန်မတို့ကို ပြဇာတ်ရုံမှာ စောင့်နေကြပြီ။ ကျွန်မ အချိန်မီ ရောက်ချင်တယ်” မစ်စ် လန်ထရီက ပြောဆိုသည်။

“ ကျေးဇူးပြုပြီး…ဝေါလက်ခ် ပြဇာတ်ရုံဆီ မောင်းပေးပါ” ရစ်ချတ်က ဒရိုင်ဘာဘက်လှည့်ပြီး ပြောဆိုလိုက်သည်။ သို့ရာတွင် သုံးဆယ့်လေးလမ်းအရောက်၌ ကားရပ်သွားသည်။

“ဘာ ဖြစ်လို့လဲ” ရစ်ချတ်က ဒရိုင်ဘာကို မေးလိုက်သည်။

“စိတ်မကောင်းပါဘူးဗျာ…မစ္စတာ ရစ်ချတ်” ကားသမားက ပြောဆိုသည်။ “ကျွန်တော်တို့ရဲ့  ဘယ်ဘက်ရော၊ ညာဘက်ရော၊ နောက်ဘက်မှာပါ ကားတွေ ပြည့်နေပြီ။ ကျွန်တော်တို့ကား ရွေ့လို့မရတော့ဘူး။ နယူးယောက်မြို့က ကားတွေ ဒီနားလာပြီး စုမိကြပုံပဲ”

“အီလန်…ကိုယ် စိတ်မကောင်းဘူးကွာ။ ဒီနေ့ညတော့ ကိုယ်တို့ ပြဇာတ်ရုံ ရောက်မယ်မထင်တော့ဘူး” ရစ်ချတ်က အီလန်ဘက်လှည့်ပြီး ပြောဆိုလိုက်သည်။

“ဒါလည်း ကောင်းတာပဲရှင်။ ကျွန်မ ပြဇာတ်ကို သိပ်မကြိုက်ဘူး။ ဒီကားထဲမှာ ရှင်နဲ့အတူ ရှိနေတာ အရမ်းပျော်တာပဲရှင်” မစ္စလန်ထရီက ပြောဆိုသည်။

“မင်း တကယ်ပြောနေတာလား” ရစ်ချတ်က ပြုံးရင်း ပြန်မေးလိုက်သည်။

ထိုနေ့ည နောက်ပိုင်းတွင် ရစ်ချတ်သည် ဖခင်ဖြစ်သူ၏ အခန်းသို့ လမ်းလျှောက်သွားသည်။ အဘိုးကြီးက သတင်းစာတစ်စောင်ကို ဖတ်ရူ့နေသည်။

“ဖေဖေ…သားနဲ့ မစ္စ လန်ထရီတို့ ချစ်သူတွေ ဖြစ်သွားကြပြီဗျ” ရစ်ချတ်က ဖခင်ကို ပြောဆိုလိုက်သည်။

“သိပ်ကောင်းတာပေါ့…ရစ်ချတ်။ သားအတွက် ဖေဖေ ဝမ်းသာပါတယ်”

“သားတို့ စကားအများကြီး ပြောဖြစ်ခဲ့တယ်။ သူမလည်း သားကို ချစ်တယ်တဲ့။ ဖေဖေ တွေ့တယ်မို့လား။ ဖေဖေရဲ့ ငွေတွေက မေတ္တာတရားကို ဝယ်လို့မရပါဘူး”

ထို့နောက်တွင် ပျော်ရွှင်နေသည် လူငယ်လေးသည် အိပ်ရာဝင်ရန် မိမိအိပ်ခန်းဆီသို့ လျှောက်သွားသည်။

ဒီဖြစ်ရပ်ဇာတ်လမ်းကို အဆုံးသတ်ကြည့်ကြပါစို့…။

နောက်တစ်နေ့နံနက် (၇)နာရီတွင် မစ္စတာ ကယ်လီသည် မစ္စတာရော့ခ်ဝေါလ်၏ အိမ်သို့ ရောက်ရှိလာသည်။

“မင်္ဂလာ နံနက်ခင်းပါ…မစ္စတာ ကယ်လီ” မစ္စတာရော့ခ်ဝေါလ်က နှုတ်ဆက်လိုက်သည်။ “ခင်ဗျား ကောင်းကောင်း ဆောင်ရွက်ခဲ့သားပဲ။ ဒီမှာ ခင်ဗျားအတွက် ဒေါ်လာ (၅၀၀၀)ပါ”

“ဒါပေမယ့် အခက်တော့ ကြုံခဲ့ရသေးတယ်ဗျ…မစ္စတာ ရော့ခ်ဝေါလ်။ ဒရိုင်ဘာတွေက ဆယ်ဒေါ်လာ လိုချင်နေခဲ့တယ်။ ရဲသားတွေကလည်း ဒေါ်လာ (၅၀) လိုချင်တယ်တဲ့။ ဒါပေမယ့် လမ်းတိုင်းမှာရှိတဲ့ ကားတွေက ကျွန်တော်တို့အတွက် ရပ်ပေးခဲ့ကြတယ်။ အဆင်ပြေတယ်မို့လား” မစ္စတာ ကယ်လီက မေးလိုက်သည်။

“ဟုတ်တယ်။ တကယ်ကို အဆင်ပြေသွားတာပဲ။ ကဲ…အချစ်အတွက်… ငွေအတွက် ကျွန်တော်တို့ တစ်ခွက်တစ်ဖလား မော့လိုက်ကြစို့…”

နေလင်းအောင်

O Henry ၏ Money Talks ကို ဘာသာပြန်ဆိုပါသည်။

Wednesday, May 22, 2013

ခိုင်မာသော ဆုံးဖြတ်ချက်




အောက်ဖော်ပြပါ ဖြစ်ရပ်မှန်ဇာတ်လမ်းသည် အားကစားသမား ဂလန်း ကန်နင်ဟမ် အကြောင်းပင်ဖြစ်သည်။ သူသည် ရှစ်နှစ်အရွယ်တွင် ကျေးလက်ကျောင်းကလေး၌ ဆိုးဆိုးရွားရွား မီးလောင်ကျွမ်းမှုကို ခံခဲ့ရသည်။ ဆရာဝန်များက သူသည် လမ်းပြန်လျှောက်နိုင်တော့မည် မဟုတ်ကြောင်း ဟောကိန်းထုတ်ခဲ့ကြသည်။ သူသည် နှစ်ဆယ့်နှစ်လအကြာတွင် ပထမဆုံး လမ်းပြန်လျှောက်နိုင်ခဲ့သည်။ ထို့နောက် သူသည် နာကျင်မှုဝေဒနာ ခံစားနေရသည့်ကြားမှပင် ပြေးနိုင်ရန် အခိုင်အမာ ဆုံးဖြတ်ချက်ချခဲ့သည်။
…………………………………………………………………….
ကျေးလက်ဒေသ ကျောင်းကလေးတစ်ကျောင်းသည် အပူဓာတ်ရရန် ရှေးခေတ်သုံး ကျောက်မီးသွေးမီးဖိုကို အသုံးပြုရသည်။ ကျောင်းသားလေးတစ်ယောက်သည် ဆရာနှင့် အတန်းဖော်များ ရောက်မလာမီ စာသင်ခန်းတစ်ခုလုံး အနွေးဓာတ်ရစေရန် စောစောစီးစီး မီးလာမွေးပေးရပါသည်။
တစ်နေ့နံနက်တွင် ဆရာနှင့် အတန်းဖော်များ ရောက်လာသောအခါ စာသင်ကျောင်းကလေး မီးစွဲလောင်နေကြောင်း တွေ့လိုက်ကြသည်။ သူတို့သည် မီးစွဲလောင်နေသော ကျောင်းထဲမှ သတိလစ် မေ့မြောနေသော ကျောင်းသားငယ်ကို ဆွဲထုတ်လိုက်ကြသည်။ ကျောင်းသားငယ်သည် ရှင်သန်ဖို့ထက် သေဆုံးရန် ရာခိုင်နှုန်းပိုများကြောင်း သူတို့အားလုံး တွေးထင်မိထားကြသည်။ သူသည် ခန္ဓာကိုယ်အောက်ပိုင်း ထက်ဝက်ကျော် မီးလောင်ကျွမ်းမှု ခံလိုက်ရသဖြင့် အနီးအနားရှိ ကျေးလက်ဆေးပေးခန်းတစ်ခုသို့ ပို့ဆောင်လိုက်ပါသည်။
သူသည် မီးလောင်ဒဏ်ရာကြောင့် အိပ်ရာထဲတွင် သေလောက်အောင် ဝေဒနာခံစားရင်း သတိရတစ်ချက် မရတစ်ချက်ဖြစ်စဉ် ဆရာဝန်နှင့် သူ့မိခင်တို့ စကားပြောဆိုနေသည်ကို မသဲမကွဲ ကြားလိုက်မိသည်။ ဆရာဝန်က သူ့မိခင်အား သားဖြစ်သူ သေချာပေါက် သေဆုံးလိမ့်မည်ဖြစ်ကြောင်း ပြောဆိုနေသည်။ သားဖြစ်သူ၏ ခန္ဓာကိုယ်အောက်ပိုင်းသည် မီးလောင်ဒဏ်ရာ ဆိုးဆိုးရွားရွား ရရှိနေသဖြင့် သေဆုံးသည်ကသာ အကောင်းဆုံးဖြစ်ကြောင်း ဆရာဝန်က ပြောဆိုသည်။
သို့ရာတွင် သတ္တိရှိသော ကျောင်းသားလေးသည် မသေဆုံးချင်သေးပေ။ သူသည် ပြန်လည်အသက်ရှင် ရပ်တည်နိုင်ရန် ဆုံးဖြတ်ချက်ချလိုက်သည်။ ထို့နောက် သူသည် ပြန်လည် အသက်ရှင် ရပ်တည်လာနိုင်သဖြင့် ဆရာဝန်များမှာ အံ့သြသွားခဲ့ကြသည်။ သေစေလောက်သော အန္တရာယ်မှ လွတ်မြောက်လာပြီးနောက် သူသည် ဆရာဝန်နှင့် မိခင်ဖြစ်သူတို့ တိတ်တဆိတ် ပြောဆိုနေသည်ကို ကြားလိုက်ရပြန်သည်။ ကလေးငယ်၏ ခန္ဓာကိုယ်အောက်ပိုင်းသည် မီးလောင်ဒဏ်ရာ ဆိုးဆိုးရွားရွား ရနေသဖြင့် သေဆုံးသွားသည်ကသာ ပိုကောင်းမည်ဖြစ်ကြောင်း ဆရာဝန်က မိခင်ဖြစ်သူကို ပြောဆိုသည်။ သူ၏ ခန္ဓာကိုယ်အောက်ပိုင်းသည် လှုပ်ရှားမရသဖြင့် ဘဝတစ်လျှောက်လုံး မသန်စွမ်းသူတစ်ဦးအဖြစ်ပဲ ရှင်သန်ရပ်တည်ရလိမ့်မည် ဖြစ်သည်။
သတ္တိရှိသော ကလေးငယ်သည် နောက်တစ်ကြိမ် ဆုံးဖြတ်ချက် ချလိုက်ပြန်သည်။ သူသည် မသန်စွမ်းသူအဖြစ် မနေထိုင်ချင်ဘဲ လမ်းပြန်လျှောက်ချင်ခဲ့သည်။ သို့ရာတွင် သူ၏ ခါးအောက်ပိုင်းသည် လှုပ်ရှားမှုစွမ်းရည် မရရှိခဲ့ပေ။ သူ၏ ပိန်လှီနေသော ခြေထောက်များမှာ ခံစားမှုမရှိဘဲ တွဲလောင်းကျနေခဲ့သည်။
နောက်ဆုံးတွင် သူသည် ဆေးရုံမှ ဆင်းလာနိုင်ခဲ့သည်။ နေ့စဉ်နေ့တိုင်း မိခင်ဖြစ်သူက သူ၏ခြေချောင်းများကို ဆေးလိမ်းပေးရသည်။ သို့သော် သူ့ခြေချောင်းများတွင် မည်သည့်ခံစားမှုမှ မရရှိပေ။ မည်သည့်ထိန်းချုပ်မှုကိုမှလည်း မလုပ်နိုင်ခဲ့ပေ။ သို့ရာတွင် သူ၏ လမ်းပြန်လျှောက်နိုင်ရန် ဆုံးဖြတ်ချက်သည် ယခင်ကကဲ့သို့ပင် ခိုင်မာပြတ်သားဆဲပင် ဖြစ်သည်။
သူသည် အိပ်ရာထဲတွင် မနေချင်သည့်အခါ လက်တွန်းလှည်းပေါ်တွင် ထိုင်နေလေ့ရှိသည်။ နေသာသော တစ်နေ့တွင် သူ၏မိခင်က လေကောင်းလေသန့် ရရန်အလိုငှာ သူ့အား ဘီးတပ်ကုလားထိုင်ပေါ်တင်ပြီး ခြံဝန်းထဲ ထွက်လာခဲ့ပါသည်။ ထိုနေ့တွင် သူသည် ထိုင်မနေတော့ဘဲ ဘီးတပ်ကုလားထိုင်ပေါ်မှ မိမိကိုယ်တိုင် ပစ်လှဲဆင်းလိုက်သည်။ သူသည် ခြေတရွတ်တိုက်ဆွဲရင်း မြက်ခင်းပြင်ကို ဖြတ်သန်းလာခဲ့သည်။
သူသည် ခြံဝန်းကို ဘောင်ခတ်ထားသည့် အဖြူရောင် ခြံစည်းရိုးများဆီသို့ တရွတ်တိုက်ဆွဲလာခဲ့သည်။  ပြင်းပြင်းထန်ထန် အားစိုက်ထုတ်ပြီးနောက် ခြံစည်းရိုးကိုမှီရင်း ရပ်လိုက်နိုင်လိုက်သည်။ ထို့နောက် ခြံစည်းရိုးတစ်လျှောက်  တိုင်တစ်တိုင်ပြီးတစ်တိုင် ဆွဲကိုင်ကာ တရွတ်ဆွဲ လျှောက်လှမ်းခဲ့သည်။ သူသည် နေ့စဉ်နေ့တိုင်း ဤသို့လျှောက်လှမ်းလာခဲ့ရာ ခြံစည်းရိုးတစ်ပတ်လုံး လျှောက်လှမ်းလာနိုင်ခဲ့သည်။ သူ့တွင် ခြေချောင်းများ ကောင်းမွန်လာရုံမှလွှဲ၍ မည်သည့်အလိုဆန္ဒမှ မရှိခဲ့ပေ။
သူသည် နေ့စဉ်နေ့တိုင်း ဆေးလိမ်းရင်း ခိုင်မာသော ဇွဲလုံ့လ၊ ပြတ်သားသော ဆုံးဖြတ်ချက်တို့ဖြင့် မတ်တတ်ရပ်နိုင်အောင် ကြိုးစားခဲ့သည်။ တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် သူ လမ်းလျှောက်နိုင်ခဲ့သည်။ ထို့နောက်တွင် လမ်းကောင်းကောင်းလျှောက်နိုင်ခဲ့သည်။ နောက်ဆုံးတွင် ပြေးပင် ပြေးနိုင်လာခဲ့သည်။
သူသည် ကျောင်းသို့ စတင်လမ်းလျှောက်လာခဲ့သည်။ ထို့နောက် ပြေးရင်း ကျောင်းတက်ခဲ့သည်။ ပျော်ရွှင်ရန်သက်သက်အတွက်လည်း သူ ပြေးခဲ့သည်။ ကောလိပ်ကျောင်းရောက်သောအခါ သူသည် အပြေးအသင်းကို ဖွဲ့စည်းခဲ့သည်။
၁၉၃၄ ခုနှစ်တွင် အသက်ရှင်ရပ်တည်နိုင်လိမ့်မည်ဟု ထင်မှတ်မထားခဲ့သော လူငယ်လေး ဂလင်း ကန်နင်ဟမ်သည် အပြေးပြိုင်ပွဲတွင် ကမ္ဘာ့စံချိန်ကို တစ်မိုင်လျှင် (၄း၀၆.၈) မိနစ်ဖြင့် စံချိန်တင်နိုင်ခဲ့သည်။
ဂလင်းကန်နင်ဟမ်၏ အားထုတ်ကြိုးပမ်းမှုက ကျွန်တော်တို့အား သွယ်ဝိုက်ပြောကြားနေသည်မှာ ကျွန်တော်တို့သည် မိမိဘဝကို ဖန်တီးရာတွင် မိမိအပေါ်၌သာ တည်မီနေခြင်းပင်ဖြစ်သည်။ ကျွန်တော်တို့တွင် မိမိကိုယ်ကို လမ်းညွှန်ပေးမည့် လုံလောက်သော စိတ်ဆန္ဒသာ ရှိနေမည်ဆိုပါက မည်သည့်အရာကိုမဆို အကောင်အထည် ဖော်နိုင်ပေလိမ့်သည်။ ကျွန်တော်တို့၏ စိတ်ဆန္ဒကို ကျွန်တော်တို့ကိုယ်တိုင်မှလွဲ၍ မည်သူတစ်ဦးတစ်ယောက်ကမှ ကန့်သတ်ချက်မထားနိုင်ချေ။ ကျွန်တော်တို့သည် မိမိကိုယ်တွင်း စွမ်းအားများကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်နိုင်မည်ဆိုလျှင် မည်သည့်ရည်မှန်းချက် ပန်းတိုင်ကိုမဆို လက်တွေ့အကောင်အထည် ဖော်နိုင်ပေလိမ့်မည် ဖြစ်ပေသည်။

ဘဝမှတ်တမ်း အနှစ်ချုပ်

  • သူသည် ရှစ်နှစ်အရွယ်တွင် ကျေးလက်ကျောင်းကလေး၌ ဆိုးဆိုးရွားရွား မီးလောင်ဒဏ်ရာ ရရှိခဲ့သည်။ သူသည် လမ်းပြန်လျှောက်နိုင်လိမ့်မည် မဟုတ်ကြောင်း ဆရာဝန်များက ကြိုတင်ဟောကိန်း ထုတ်ခဲ့ကြသည်။
  • (၂၂)လအကြာတွင် သူသည် ပထမဆုံး လမ်းပြန်လျှောက်နိုင်ခဲ့သည်။ ထို့နောက် နာကျင်မှုဝေဒနာ ခံစားနေရသည့်ကြားမှပင် ခိုင်မာသောဆုံးဖြတ်ချက်ဖြင့် ပြန်လည်ပြေးနိုင်ရန် ကြိုးစားခဲ့သည်။
  • အထက်တန်း ကျောင်းသားဘဝတွင် အပြေး စံချိန်တင်နိုင်ခဲ့ပြီးနောက် နောက်ပိုင်းတွင် ကန်စက်စ် တက္ကသိုလ်၌ တက်ရောက်ခဲ့သည်။
  • ကန်စက်စ်တက္ကသိုလ်တွင် တက်ရောက်နေစဉ် သူသည် မိမိကျောင်းစရိတ်ကို ကိုယ်တိုင်ရှာဖွေလိုသဖြင့် ပညာသင်ထောက်ပံ့ကြေးအားလုံးကို ငြင်းဆန်ခဲ့သည်။
  • သူသည် တက္ကသိုလ် ဒုတိယနှစ် တက်ရောက်နေစဉ် ၁၉၃၂ ခု အိုလံပစ် အားကစားပြိုင်ပွဲ၌ မီတာ (၁၅၀၀)ပြေးပွဲတွင် ပါဝင်ဆင်နွှဲရာ ပြင်းထန်သော အအေးဒဏ်ကြောင့် စတုတ္ထနေရာသာ ရရှိခဲ့သည်။
  • သူသည် တက္ကသိုလ် နောက်ဆုံးနှစ် တက်ရောက်နေစဉ်  တစ်မိုင်လျှင် (၄း၀၆.၈)မိနစ်ဖြင့် ကမ္ဘာ့စံချိန် တင်နိုင်ခဲ့ရာ တစ်မိုင်အတွက် အမြန်ဆုံးစံချိန် (၁၃)ခုအနက် ခုနှစ်ခုမြောက်ပင် ဖြစ်သည်။
  • ၁၉၃၆ ခုနှစ်တွင် ပြိုင်ဘက် အပြေးသမားများက “လူကြိုက်အများဆုံး အားကစားသမား”ဆုအတွက် သူ့ကို မဲပေးခဲ့ကြသည်။
  • သူသည် အိုင်အိုဝါတက္ကသိုလ်မှ မဟာဘွဲ့ရရှိအောင် ဆက်လက်ကြိုးစားခဲ့သည်။ နောက်ပိုင်းတွင် နယူးယောက်တက္ကသိုလ်မှ ဒေါက်တာဘွဲ့ရရှိခဲ့သည်။
  • နယူးယောက်တွင် ရှိနေစဉ် မက်ဒီဆင် စကွဲယားဥယျာဉ်၌ ကျင်းပခဲ့သည့် အပြေးပြိုင်ပွဲ (၃၁)ပွဲအနက် (၂၁)ပွဲ အနိုင်ရရှိခဲ့သည်။ ၁၉၃၈ ခုနှစ်တွင် သူသည် မိုးလုံလေလုံ အားကစားကွင်း၌ စံချိန်တင်နိုင်ခဲ့သည်။ သူ၏ အမြန်ဆုံးပြေးနှုန်းမှာ ၁၉၃၈ ခုနှစ်က ဒါ့တ်မောက်သ်တွင် ကျင်းပသည့် အပြေးပြိုင်ပွဲ၌ တစ်မိုင်လျှင် (၄း၀၄)မိနစ်ဖြင့် ပြေးနိုင်ခဲ့ခြင်း ဖြစ်သည်။
  • ၁၉၄၀ ခုနှစ်က အိုလံပစ်အားကစား ပြိုင်ပွဲ ဖျက်သိမ်းလိုက်သောအခါ သူသည် အပြေးပြိုင်ခြင်းအလုပ်မှ အနားယူပြီးနောက် အိုင်အိုဝါရှိ ကော်နယ်လ်ကောလိပ်တွင် စာသင်ပေးခဲ့သည်။
  • ဒုတိယကမ္ဘာ့စစ်အတွင်း သူသည် ရေတပ်တွင် နှစ်နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။
  • ကျန်ရှိသော ဘဝတစ်လျှောက်တွင် သူသည် အမေရိကန်ပြည်ထောင်စု ကန်စက်စ်ဒေသမှ ဒုက္ခရောက်နေသည့် ကလေးငယ်များအတွက် ရည်ရွယ်ဖွင့်လှစ်ထားသော ဂလင်းကန်နင်ဟမ် လူငယ် ပြုစုပျိုးထောင်ရေးလုပ်ငန်းကို လုပ်ကိုင်ခဲ့သည်။ သူနှင့် ဇနီးဖြစ်သူတို့သည် ၁၉၈၈ ခုနှစ် သူ သေဆုံးချိန်အထိ ကလေးပေါင်း (၉၀၀၀)ခန့်ကို မြေတောင်မြှောက်ပေးနိုင်ခဲ့ကြောင်း ခန့်မှန်းရပေသည်။
နေလင်းအောင်
www.naylinaung1.blogspot.com

Tuesday, May 21, 2013

The Best English မဂ္ဂဇင်းရဲ့ အင်္ဂလိပ်စာ ထူးချွန်သူများ ပြုစုပျိုးထောင်ရေး အစီအစဉ်




 

အသက် (၃၅) နှစ်အောက် မိတ်ဆွေသူငယ်ချင်းများအတွက် သတင်းကောင်း ပေးပို့ချင်ပါတယ်။ အဲဒါကတော့ “The Best English မဂ္ဂဇင်းရဲ့ အင်္ဂလိပ်စာ ထူးချွန်သူများ ပြုစုပျိုးထောင်ရေး အစီအစဉ်”ပါပဲ။ ဒီအစီအစဉ်မှာ ပါဝင်ဆင်နွဲပြီး ထူးချွန်လူငယ်များအဖြစ် အရွေးချယ်ခံရဖို့ လိုအပ်သည့် အကူအညီများ ပေးလိုပါတယ်။ ညီငယ်ညီမငယ်တို့အနေဖြင့် အနည်းဆုံး ငါးနှစ်လောက်တော့ ဇွဲရှိရှိ ကြိုးစားဖို့ လိုပါတယ်။ ကျွန်တော်ဆိုရင် ဘာသာပြန်ပြိုင်ပွဲမှာ ဝင်ပြိုင်လိုက် မပြိုင်ဖြစ်လိုက်နဲ့ အနည်းဆုံး (၁၀)နှစ်လောက် ကြိုးစားခဲ့ရပါတယ်။ ညီငယ်၊ ညီမငယ်တို့အနေဖြင့် မပျက်မကွက် ယှဉ်ပြိုင်ပြီး အနည်းဆုံး တစ်ကြိမ်လောက်တော့ ဆုရအောင် ကြိုးစားပါ။ ဆုရပြီဆိုလျှင် ဘာသာပြန် ကလောင်သွေးဖို့အတွက် ကျွန်တော့်ဆီကို မေးလ်ထဲကဖြစ်ဖြစ်၊ ဒီ် facebook ကဖြစ်ဖြစ် အကူအညီ တောင်းနိုင်ပါတယ်။ ကျွန်တော် ရှာဖွေစုဆောင်းထားတဲ့ ကောင်းနိုးရာရာ အင်္ဂလိပ်စာများကို ပေးပို့ပြီး ဘာသာပြန်ဆိုဖို့ အကူအညီပေးပါမယ်။

ဘာသာပြန် တစ်ပုဒ်လောက် The Best English မှာ ပုံနှိပ်ပါရှိပြီဆိုလျှင် မိမိကိုယ်ကို စာဆက်လက်ရေးသားဖို့ တွန်းအားဖြစ်စေပါလိမ့်မယ်။ စာမူတစ်ပုဒ် ဖော်ပြပါရှိပြီဆိုလျှင်လည်း ကလောင်သစ်ဟောင်းမရွေး  စာအုပ်လက်ဆောင်နှင့် စာမူခ (အနည်းဆုံး ၅၀၀၀ ကျပ်) ပို့ပေးလေ့ရှိပါတယ်။ စာပို့ခ ဈေးကြီးနေတဲ့ ဒီခေတ်မျိုးမှာ စာပေတိုက်တွေက အိမ်တိုင်ရာရောက် ပို့ပေးတာ အရမ်းနည်းသွားပါပြီ။ ကျွန်တော်ကတော့ အရှုံးအမြတ်ကို ထည့်မတွက်ဘဲ လူငယ်တွေကို မြေတောင်မြှောက်ပေးချင်တဲ့ ဆရာကောင်းသန့်ရဲ့ စေတနာလို့ပဲ ရူမြင်မိပါတယ်။

 အခုအချိန်မှာ အင်္ဂလိပ်-မြန်မာ မဂ္ဂဇင်း အများစုတွင် ဘာသာပြန်ပြိုင်ပွဲဝင်သူဦးရေ ကျဆင်းသွားသည်ကိုလည်း သတိထားမိပါတယ်။ အင်တာနက်ခေတ်မှာ စာဖတ်ဖို့ အချိန်မပေးတော့ဘဲ chatting နဲ့ game မှာပဲ အချိန်ကုန်နေတဲ့ ကျောင်းသားလူငယ်တွေ များလာလို့ ဖြစ်နိုင်ပါတယ်။  စာပို့ခ ဈေးကြီးတာကလည်း တစ်ချက် ဖြစ်နိုင်ပါတယ်။ ညီငယ် ညီမငယ်တို့အနေဖြင့် စာတစ်စောင်ပို့လျှင် (၃၅၀)ကျပ်လောက် ကုန်ကျသည်ကို မညည်းညူဘဲ ပုံမှန်ပြိုင်ပွဲဝင် ပို့ပေးဖို့ လိုအပ်ပါတယ်။

ကျွန်တော့်ဆီကို ဆက်သွယ်လို့ရမယ့် မေးလ်လိပ်စာကတော့  naylinaung242@gmail.com ပါ။ ဒီအကောင့်ကို gtalk ပြောရာမှာတော့ သုံးလေ့မရှိပါဘူး။ ပြောကြားလိုသည့် စာများရှိပါက မေးလ်ထဲဖြစ်ဖြစ်၊ facebook ( http://www.facebook.com/authornaylinaung )မှာဖြစ်ဖြစ် message ပေးပို့နိုင်ပါတယ်။

ခုမှ ဘာသာပြန်ကို စတင်လိုက်စားမည့်သူများအတွက် အင်္ဂလိပ်စာကို တစ်ကြောင်းချင်း ပြန်ဆိုပေးထားတဲ့ ဘာသာပြန် အလေ့အကျင့်ကဏ္ဍ (http://naylinaung1.blogspot.com/search/label/%E1%80%98%E1%80%AC%E1%80%9E%E1%80%AC%E1%80%BB%E1%80%95%E1%80%94%E1%80%B9%20%E1%80%A1%E1%80%B1%E1%80%9C%E1%80%B7%E1%80%A1%E1%80%80%E1%80%BA%E1%80%84%E1%80%B9%E1%80%B7 )မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။

 အောက်တွင် ဖော်ပြထားသည့် The Best English ရဲ့ အင်္ဂလိပ်စာ ထူးချွန်သူများ ပြုစုပျိုးထောင်ရေးအစီအစဉ် စည်းကမ်းချက်များကို အသေအချာ ဖတ်ကြည့်စေချင်ပါတယ်။

………………………………………………………………………………………………………………………………………………………………..အင်္ဂလိပ်စာ ထူးချွန်သူများ ပြုစုပျိုးထောင်ရေး အစီအစဉ်

အင်္ဂလိပ်စာ လေ့လာသူများ အထူးသဖြင့် ကျောင်းသားလူငယ်များအတွက် ရည်ရွယ်ပြီး ထုတ်ဝေခဲ့သော The Best English မဂ္ဂဇင်းသည် ယခုလတွင် (၁၄) နှစ် ပြည့်မြောက်ပြီဖြစ်ပါသည်။ The Best English မဂ္ဂဇင်း ထုတ်ဝေခြင်းနှင့်အတူ အင်္ဂလိပ်စာ ထူးချွန်သူများ ပြုစုပျိုးထောင်ရေး အစီအစဉ်သည်လည်း ပူးတွဲပါဝင်ပါသည်။

အင်္ဂလိပ်စာ ထူးချွန်သူများ ပြုစုပျိုးထောင်ရေး အစီအစဉ်ကို The Best English မဂ္ဂဇင်း စတင်ထုတ်ဝေကတည်းက နှစ်နှစ်တစ်ကြိမ် ရွေးချယ်လာခဲ့ရာ ယခုအခါ အစီအစဉ် (၈) အထိပင် ရောက်ရှိခဲ့ပြီ ဖြစ်ပါသည်။

အင်္ဂလိပ်စာ ထူးချွန်သူများ အစီအစဉ်တွင် ပါဝင်လိုသူများသည်-

(၁) ပါဝင်ခွင့်ရရန် လျှောက်ထားစရာ မလိုပါ။ (The Best English အယ်ဒီတာအဖွဲ့မှ လစဉ်အကဲဖြတ်၍ အောက်ပါမူများအတိုင်း ရွေးချယ်ခြင်းဖြစ်ပါသည်။)

(၂) အင်္ဂလိပ်စာကို စိတ်ပါဝင်စားပြီး အသက် (၃၅)နှစ်အောက် ဖြစ်ရပါမည်။

(၃) The Best ၏ ဘာသာပြန်ပြိုင်ပွဲများတွင် လစဉ်ပါဝင် ယှဉ်ပြိုင်ရပါမည်။

     (အကြောင်းအမျိုးမျိုးကြောင့် ပျက်ကွက်ပါက ခွင့်တိုင်ကြားရပါမည်။)

(၄) ဘာသာပြန်ပြိုင်ပွဲများတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိခဲ့ဖူးသူများ ဖြစ်ရပါမည်။

(၅) The Best သို့ စာမူများ ရေးသားပေးပို့၍ ဖော်ပြခြင်းခံရသူ ဖြစ်ရပါမည်။

ရွေးချယ်ခံရသူများကို The Best English မဂ္ဂဇင်းမှ အခါအားလျော်စွာ စာအုပ်များ ပေးပို့မည်အပြင် ဘာသာပြန်ရန် စာမူများကိုလည်း ပေးပို့ကာ မဂ္ဂဇင်းမှ ဦးစားပေး ဖော်ပြမည်ဖြစ်ပါသည်။

ထို့ကြောင့် အင်္ဂလိပ်စာ ထူးချွန်သူများအစီအစဉ်တွင် ပါဝင်လိုသူများသည် ပြိုင်ပွဲဝင်စာမူများ၊ ဘာသာပြန်ရသစာမူများနှင့် အခြားစာမူများ(ဟာသအတွေး၊ ကဗျာ) ပေးပို့ရာတွင် နေရပ်လိပ်စာ၊ ပညာအရည်အချင်းနှင့် မွေးသက္ကရာဇ်များကိုပါ ထည့်သွင်းရေးသား ပေးပို့ရပါမည်။ အင်္ဂလိပ်စာ ထူးချွန်သူများ ရွေးချယ်ရေးအစီအစဉ် (၈)တွင် ရွေးချယ်ခံရသူများကို ဖော်ပြလိုက်ပါတယ်။ The Best English မဂ္ဂဇင်း၏ အင်္ဂလိပ်စာ ထူးချွန်သူများစာရင်းတွင် ပါဝင်ခွင့်ရရန်အတွက် အထက်ပါ အချက်အလက်များအတိုင်း ကြိုးစားလုပ်ဆောင်သွားရန် The Best English မဂ္ဂဇင်း အယ်ဒီတာအဖွဲ့မှ နှိုးဆော်လိုက်ရပါသည်။

(The Best English မဂ္ဂဇင်း No.(168), June, 2013 စာအုပ်မှ ကောက်နှုတ်ချက်)


ဘာသာပြန် အလေ့အကျင့်(၁)



နေလင်းအောင်
အလယ်တန်းနှင့် အထက်တန်း ကျောင်းသားကျောင်းသူများ၊ အင်္ဂလိပ်စာ စတင်လေ့လာနေတဲ့ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများ ဘာသာပြန်အလေ့အကျင့် ရစေရန်၊ မြန်မာဘာသာ ပြိုင်ပွဲဝင်ရာတွင် အထောက်အကူဖြစ်စေရန်၊ ဘာသာပြန်ကောင်းသူများ ဖြစ်လာစေရန် ရည်ရွယ်ပြီး ဘာသာပြန်အလေ့အကျင့်ကဏ္ဍကို တင်ဆက်ပေးလိုက်ပါတယ်။
စာတစ်ပုဒ်ကို ဘာသာပြန်ဆိုရာတွင် အောက်ပါအဆင့်များကို မဖြစ်မနေ လိုက်နာလေ့ကျင့်ကြည့်ပါ။
(၁) ဘာသာပြန်ဆိုမည့် စာပိုဒ်ကို အနည်းဆုံး သုံးခေါက်လောက် ဖတ်ကြည့်ပါ။ ပထမအကြိမ် နားမလည်ခဲ့တဲ့ စာကြောင်းတွေ ဒုတိယအကြိမ်မှာ ပိုပြီးနားလည်လာပါလိမ့်မယ်။ တတိယအကြိမ်မှာဆိုရင်တော့ စာတစ်ပုဒ်လုံးရဲ့ ဆိုလိုချက်ကို အတော်အတန် နားလည်လာပါလိမ့်မယ်။ ဒီလိုမဟုတ်ဘဲ စာတစ်လုံးချင်း၊ တစ်ကြောင်းချင်းရဲ့ အဓိပ္ပာယ်ရှာ ဘာသာပြန်ဆိုမယ်ဆိုရင်တော့ ခရီးရောက်မှာ မဟုတ်ပါဘူး။ တချို့ဝါကျတွေက အဓိပ္ပါယ် ခက်ခဲတာမျိုး မပါပေမယ့် ရှေ့နောက်ဝါကျ ဆက်စပ်မှုကိုကြည့်ပြီး ဘာသာပြန်ဆိုရတာမျိုးပါ။
(၂) မိမိနားမလည်တဲ့ စကားလုံးတွေကို အဘိဓာန်ထဲ ရှာကြည့်ပါ။ အချို့စကားလုံးတွဲတွေဟာ အီဒီယံ ဖြစ်နေတတ်တဲ့အတွက် အီဒီယံ စာအုပ်ကောင်းကောင်း ဆောင်ထားပါ။ အဘိဓာန် အသုံးပြုရာမှာ စာအုပ်တစ်အုပ်နဲ့ မလုံလောက်နိုင်ပါဘူး။ အနည်းဆုံး သုံးလေးအုပ်လောက်တော့ ဆောင်ထားဖို့လိုအပ်ပါတယ်။ သို့မှသာ အဘိဓာန်တစ်အုပ်မှာ ဖော်ပြထားတဲ့စကားလုံးတွေဟာ ဘာသာပြန်ဆိုဖို့ အဆင်မချောဘူးဆိုရင် အခြားတစ်အုပ်မှာ ဖော်ပြထားတဲ့ အဓိပ္ပာယ်နဲ့ ပြောင်းလဲပြန်ဆိုနိုင်ဖို့ပါ။
(၃) စာတစ်ကြောင်းချင်း အဓိပ္ပါယ်နားလည်အောင် ကြိုးစားရင်း တစ်ပုဒ်လုံးရဲ့ အဓိပ္ပာယ်ကိုလည်း နှုတ်ဖြင့် ပြန်ဆိုကြည့်ပါ။ အားလုံးပြန်ဆိုဖို့ အဆင်ပြေတဲ့အခါ စာရွက်ကြမ်းမှာ ချရေးပါ။ ပြီးရင် ဖတ်ရတာ အဆင်မပြေဖြစ်နေတဲ့ စကားအသုံးအနှုန်းတွေ၊ ထောင့်နေတဲ့ဝါကျတွေ ပြင်ဆင်ပါ။ စာလုံးပေါင်းသတ်ပုံကို အထူးဂရုစိုက်ပါ။ အနည်းဆုံး သုံးလေးခေါက်လောက် မွမ်းမံပြင်ဆင်ပြီးတဲ့အခါ ဖတ်ကောင်းတဲ့ ဘာသာပြန်စာမူတစ်ပုဒ် ဖြစ်လာပါလိမ့်မယ်။
(၄) ပြန်ဆိုပေးထားတဲ့ စာမူနဲ့ မိမိတို့စာမူ တိုက်ဆိုင်စစ်ဆေးရင်း မိမိတို့ရဲ့ ဘာသာပြန်အမှားများ၊ အားနည်းချက်များကို ရှာဖွေပြီး အမှားထဲက သင်ခန်းစာယူပါ။ ဆရာကတော့ ခုမှ ဘာသာပြန်ကို လေ့လာလိုက်စားမယ့်သူ၊ ဘာသာပြန်ပြိုင်ပွဲဝင်ဖို့ မဝံ့မရဲ ဖြစ်နေတဲ့သူတွေအတွက် ရည်ရွယ်ပြီး စာတစ်ကြောင်းချင်းရဲ့ အဓိပ္ပါယ်ကို တိုက်ရိုက်ပဲ ပြန်ဆိုပေးလိုက်တာပါ။
နောက်ဆုံး အကြံပေးချင်တာကတော့ ဝေါဟာရများကို ကျက်မှတ်ထားပါ။ ဝေါဟာရ ကြွယ်ဝသူများကသာ စာမူများကို အလွယ်တကူ ဖတ်နိုင်၊ ဘာသာပြန်ဆိုနိုင်တာကြောင့်ပါ။

Building Your Home
Spiritual Story by Unknown
An elderly carpenter was ready to retire. He told his employer-contractor of his plans to leave the house-building business to live a more leisurely life with his wife and enjoy his extended family. He would miss the paycheck each week, but he wanted to retire. They could get by.

The contractor was sorry to see his good worker go and asked if he could build just one more house as a personal favor. The carpenter said yes, but over time it was easy to see that his heart was not in his work. He resorted to shoddy workmanship and used inferior materials. It was an unfortunate way to end a dedicated career.

When the carpenter finished his work, his employer came to inspect the house. Then he handed the front-door key to the carpenter and said, "This is your house, my gift to you."

The carpenter was shocked!

What a shame! If he had only known he was building his own house, he would have done it all so differently.
(အနည်းဆုံး သုံးခေါက်လောက် အစအဆုံးဖတ်ပြီး ကိုယ်တိုင်အရင် ပြန်ဆိုကြည့်ပါ။ )

Building Your Home
မိမိကိုယ်ပိုင်အိမ် တည်ဆောက်ခြင်း

An elderly carpenter was ready to retire.
အသက်ခပ်ကြီးကြီး လက်သမားဆရာတစ်ဦးဟာ အလုပ်မှ အငြိမ်းစားယူဖို့(အနားယူဖို့) အဆင်သင့် ဖြစ်နေခဲ့ပါတယ်။
He told his employer-contractor of his plans to leave the house-building business to live a more leisurely life with his wife and enjoy his extended family.
သူဟာ အလုပ်ရှင် ကန်ထရိုက်သူဌေးကို အဆောက်အအုံ တည်ဆောက်ခြင်းလုပ်ငန်းမှ အနားယူပြီး သူ့ဇနီးနဲ့အတူ အေးအေးချမ်းချမ်းနေဖို့၊ မိသားစုနဲ့အတူ ပျော်ရွှင်ဖို့စတဲ့ သူ့ရဲ့အစီအစဉ်တွေကို ပြောပြခဲ့ပါတယ်။
He would miss the paycheck each week, but he wanted to retire.
သူဟာ အပတ်စဉ်ရမယ့်ဝင်ငွေ ရမှာမဟုတ်တော့ပေမယ့်လည်း အနားယူချင်ခဲ့ပါတယ်တဲ့။
They could get by.
 သူတို့ အဆင်ပြေသွားနိုင်ပါတယ်တဲ့။
The contractor was sorry to see his good worker go and asked if he could build just one more house as a personal favor.
ကန်ထရိုက်တာဟာ သူ့ရဲ့ အလုပ်သမားကောင်း ထွက်ခွာသွားတော့မှာကို စိတ်မကောင်းဖြစ်ရင်း ခင်မင်မှုကိုထောက်ထားပြီး နောက်ထပ်အိမ်တစ်လုံး တည်ဆောက်ပေးနိုင်သလားလို့ မေးမြန်းခဲ့ပါတယ်။
The carpenter said yes, but over time it was easy to see that his heart was not in his work.
လက်သမားဆရာဟာ တည်ဆောက်ပေးဖို့ လက်ခံခဲ့ပါတယ်။ ဒါပေမယ့် အချိန်တွေကုန်ဆုံးသွားသလို သူ့နှလုံးသားဟာလည်း အလုပ်ထဲမှာမရှိကြောင်း (အလုပ်မှာ စိတ်မပါကြောင်း) အလွယ်တကူ တွေ့မြင်နိုင်ပါတယ်။
He resorted to shoddy workmanship and used inferior materials.
သူဟာ့  အရည်အသွေးမကောင်းတဲ့ ပစ္စည်းတွေကို အသုံးပြုရင်း ဖြစ်ကတတ်ဆန်း တည်ဆောက်ခဲ့ပါတယ်။
It was an unfortunate way to end a dedicated career.
ဒါဟာ စိတ်ရောကိုယ်ပါ နှစ်မြှုပ်ခဲ့တဲ့ အလုပ်တစ်ခုကို အဆုံးသတ်ဖို့ ဆိုးဝါးတဲ့ နည်းလမ်းတစ်ခုပါပဲ။
When the carpenter finished his work, his employer came to inspect the house.
လက်သမားဆရာ သူ့အလုပ် ပြီးဆုံးတဲ့အခါ သူ့ရဲ့ အလုပ်ရှင်သူဌေးဟာ အဲဒီအိမ်ကို လာရောက်စစ်ဆေး ကြည့်ရူ့ပါတယ်။
Then he handed the front-door key to the carpenter and said, "This is your house, my gift to you."
အဲဒီနောက် သူဟာ(သူဌေးဟာ) အိမ်ရှေ့တံခါးသော့ကို လက်သမားဆရာထံ ကမ်းပေးရင်း ပြောလိုက်ပါတယ်။ “ဒီအိမ်ဟာ ခင်ဗျားအတွက်ပါ။ ကျွန်တော်ရဲ့ လက်ဆောင်ပေါ့ဗျာ။”
The carpenter was shocked!
လက်သမားဆရာဟာ တုန်လှုပ်သွားပါတယ်။
What a shame!
ရှက်စရာ ကောင်းလိုက်တာ…
If he had only known he was building his own house, he would have done it all so differently.
ဒီအိမ်ကို သူ့အတွက် တည်ဆောက်နေတာလို့ (ကြိုတင်ပြီး) သိရှိခဲ့မယ်ဆိုရင် အဲဒီလိုမျိုး တည်ဆောက်ခဲ့မိမှာ မဟုတ်ပါဘူး။( ဒီထက်ပိုကောင်းအောင် တည်ဆောက်ခဲ့မိမှာပါ)
Vocabulary
elderly(adj ) သက်ကြီး။ သက်ကြီးရွယ်အို။
carpenter( n ) လက်သမား။ လက်သမား အတတ်၊ လက်ရာ။
retire( v )အငြိမ်းစား ယူသည်။ ပင်စင်ယူသည်။ (သီးသီးသန့်သန့်၊ ဆိတ်ငြိမ်ရာ) သွားနေသည်။
employer(n) အလုပ်ရှင်
leisurely(adj.)  ကဗျာကယာမဟုတ်သော။ စိတ်အားလပ်နေသော (adv) ကမန်းကတန်း မဟုတ်ဘဲ။
extended family  အနီးနေ ဆွေမျိုးများပါဝင်သည့် မိသားစု။
paycheck (n)လစာဘောင်ချာ။ လစာ။
get by (Idm) ကျော်ဖြတ်သွားသည်။ အောင်သည်ဆိုရုံမျှ အောင်မြင်သည်။
personal(adj )ကိုယ်ရေး။ ကိုယ်တိုင်။ ကိုယ်တိုင် ကိုယ်ကျ။ ကိုယ်ပိုင် (သို့) ပုဂ္ဂိုလ်ရေးအရ။
favour n ( US favor) ထောက်ခံမှု။ လက်ခံမှု။ အကူအညီ။ ဘက်လိုက်မှု။ အကူအညီ။ အခွင့်အရေးပေးခြင်း။
resort(n) အသုံးပြုခြင်း၊ အပန်းဖြေစခန်း။ (v)ရွေးချယ်စရာအဖြစ် သတ်မှတ်သည်။
shoddy(adj )အနုပ်စုတ်ကုပ်စုတ်။ ကရော်ကမည်။ ဖြစ်ကတတ်ဆန်း။
workmanship(n) လက်ရာ။
inferior( adj )ညံ့သော။ နိမ့်ကျသော။ သိမ်ငယ်သော။ (n) လက်အောက်။ လက်အောက်ငယ်သား။
dedicated (adj)(မိမိကိုယ်ကို) အလုပ်၊ ရည်မှန်းချက် စသည်တွင် နှစ်မြှုပ်ထားသော၊ မြှုပ်နှံထားသော။
unfortunate(adj )ကံမကောင်းသော။ ကံခေသော။ မသင့်သော။ အကြောင်းမလှသော။ ဆိုးသော။
different( adj )မတူသော။ အသစ်။ ထူးခြားသော။ ကွဲပြားသော။ ဆန်းသစ်သော။
လေ့ကျင့်ရေးသားရင်း တိုးတက်ကြပါစေ…
နေလင်းအောင်
Wisdom English Magazine , Jan, 2013 ထုတ်တွင် ဖော်ပြပါရှိပြီး...
ကျန်ရှိသည့် စာမူများကို ဆက်လက်တင်ဆက်ပေးပါမည်။

ပြောချင်ရာများ ပြောခဲ့ဖို့...