တစ်နေ့မှာ လယ်သမားတစ်ဦးဟာ လင်းယုန်ငှက်ဥတစ်လုံး တွေ့ပြီး အိမ်သယ်လာခဲ့ပါတယ်။ သူဟာ လင်းယုန်ငှက်ဥကို သားပေါက်ရန်အလိုငှာ ကြက်ဥအချို့နဲ့ ထားလိုက်ပါတယ်။ လင်းယုန်ငှက်ကလေးဟာ ကြက်ကလေးတွေနဲ့အတူ ပေါက်ဖွားလာပါတယ်။ သူဟာ သူ့ဘဝကို အခြားကြက်ကလေးတွေနဲ့ မိခင်ကြက်မကြီးလိုပဲ စတင်ခဲ့ပါတယ်။ သူဟာ ကြက်ကလေးတွေ လုပ်တဲ့အတိုင်း လိုက်လုပ်ပါတယ်။ သူဟာ ကြက်ကလေးတွေကဲ့သို့ပင် စားသောက်တယ်။ ရွေ့လျားလမ်းလျှောက်တယ်။ ကြက်တွန်သံပေးတယ်။
တစ်နေ့မှာတော့ အနီးမှာပျံသန်းနေတဲ့ လင်းယုန်ငှက်ကြီးတစ်ကောင်ဟာ ကြက်ကလေးတွေနဲ့အတူ ရောနှောနေတဲ့ လင်းယုန်ငှက်လေးကို တွေ့မြင်လိုက်ပါတယ်။ သူဟာ လင်းယုန်ငှက်ကလေးနဲ့ စကားပြောဆိုဖို့ အောက်ဘက်သို့ ဆင်းလိုက်ပါတယ်။ အခြားကြက်ကလေးအားလုံးဟာ လင်းယုန်ငှက်ကို ကြောက်တဲ့အတွက်ကြောင့် ထွက်ပြေးကြပါတယ်။ လင်းယုန်ငှက်ကလေးလည်း ပြေးဖို့ကြိုးစားပေမယ့် လင်းယုန်ငှက်ကြီးရဲ့ တားဆီးမှုကို ခံလိုက်ရပါတယ်။ လင်းယုန်ငှက်ကြီးက ပြောလာပါတယ်။ “ကြက်ကလေးတွေနဲ့ ဒီနေရာမှာ ဘာလုပ်နေတာလဲ။ မင်းဟာ ငါလိုပဲ လင်းယုန်ငှက်တစ်ကောင်ပါ။ ငါလိုပဲ ပျံသန်းနိုင်တယ်။ မင်းရဲ့အိမ်ဟာ ချောက်ကမ်းပါးတွေအကြား အမြင့်ကြီးမှာ တည်ရှိတယ်”
လင်းယုန်ငှက်လေးဟာ စိတ်ရှုပ်ထွေးသွားပြီး သူလည်း လင်းယုန်ငှက်ဖြစ်တယ်ဆိုတဲ့ အချက်ကိုတော့ လက်မခံနိုင်ခဲ့ပါဘူး။ လင်းယုန်ငှက်လေးက ပြောပါတယ်။ “ကျွန်တော်ဟာ ကြက်ကလေးတစ်ကောင်ပါ။ ဒီနေရာက အခြားကြက်ကလေးတွေနဲ့အတူ ကျွန်တော်နေရမယ့် နေအိမ်လည်းဖြစ်တယ်။ ကဲ ကြည့်ပါ။ ကျွန်တော် မပျံနိုင်ဘူးဗျ။” လင်းယုန်ငှက်ကြီးက လင်းယုန်ငှက်ကလေးကို သူ့လက်သည်းဖြင့် ဖမ်းဆုပ်ရင်း အားကောင်းတဲ့ တောင်ပံခတ်သံတွေနဲ့အတူ အနီးအနားရှိ ချောက်ကမ်းပါးဆီ သယ်ဆောင်သွားနိုင်ခဲ့ပါတယ်။ လင်းယုန်ငှက်ကြီးက “ဘယ်လိုပျံသန်းရမယ်ဆိုတာ သင်ပေးမယ်”လို့ ပြောဆိုပါတယ်။ ပျံသန်းခြင်းသင်ခန်းစာ စတင်တဲ့အချိန်မှာ လင်းယုန်ငှက်ကလေးဟာ အံ့သြတွေဝေစွာဖြင့် သူ တကယ် ပျံသန်းနိုင်တယ်ဆိုတာ သိလာပါတယ်။ တကယ်တော့ မအောင်မြင်ခင်တုန်းက အကြိမ်ပေါင်းများစွာ သူ လဲကျခဲ့ပါတယ်။ သူဟာ သူ့ဘဝအမှန်ကို လင်းယုန်ငှက်ကြီးရဲ့ အကူအညီနဲ့သိရှိပြီး ကြက်ကလေးတွေဆီ ဘယ်တော့မှ ပြန်မသွားတော့ပါဘူး။
သင်ခန်းစာ
ကျွန်တော်တို့အားလုံးဟာ လင်းယုန်ငှက်တွေအဖြစ် မွေးဖွားလာပြီး ကောင်းကင်မြင့်မြင့်မှာ ပျံသန်းနိုင်ကြပါတယ်။ ကျွန်တော်တို့ဟာ တစ်နေ့တာအတွက် မြေပြင်မှာပဲ အစာရှာစားနေရတဲ့ ကြက်ကလေးတွေ မဟုတ်ကြပါဘူး။ ကျွန်တော်တို့ကိုယ်အတွင်းမှာ ပိုပြီးမြင့်မားတဲ့ စွမ်းရည်တစ်ခုရှိပြီး အဲဒီစွမ်းရည်ကို သိမြင်နားလည်သင့်ပါတယ်။ တကယ်တော့ ကျွန်တော်တို့ဟာ လင်းယုန်ငှက်ကြီးတစ်ကောင်လို အောင်မြင်နေသင့်ပါတယ်။ သို့မှသာ ကြက်ကလေးတွေလို့ထင်နေတဲ့ အခြားလင်းယုန်ငှက်ကလေးတွေကို ပျံသန်းတတ်ဖို့ တဖန်ပြန်ပြီး သင်ကြားပေးနိုင်ပါလိမ့်မယ်။ တစ်စုံတစ်ယောက်က ပြောခဲ့ဖူးသလိုပါပဲ။ “ဆင်းရဲသူတွေကို ကူညီဖို့ တစ်ခုတည်းသောနည်းလမ်းကတော့ သင့်ကိုယ်တိုင် ဆင်းရဲနေဖို့ မလိုအပ်ပါဘူး”တဲ့။
နေလင်းအောင်
Ref; You Are an Eagle
by Unknown Author
www.naylinaung1.blogspot.com


