Friday, May 17, 2013

မျောက်ထောင်ချောက်





နေလင်းအောင်
အိန္ဒိယနိုင်ငံရှိ မျောက်ဖမ်းမုဆိုးများဟာ ထိပ်ဝမှာ လက်လျှိုလို့ရလောက်အောင် ကျယ်တဲ့ အပေါက်တစ်ပေါက်ပါ သေတ္တာတစ်လုံးကို အသုံးပြုကြပါတယ်။ သေတ္တာထဲမှာတော့ အခွံမာသီးတွေ ထည့်ထားပါတယ်။
မျောက်က အခွံမာသီးတွေကို ဆုပ်ကိုင်လိုက်တဲ့အချိန်မှာ သူ့လက်ဟာ လက်သီးဆုပ်ပုံစံ ဖြစ်လာပါတယ်။ မျောက်ဟာ သူ့လက်ကို အပြင်ဘက်ထုတ်ဖို့ ကြိုးစားပါတယ်။ ဒါပေမယ့် အပေါက်က သူ့လက်သွင်းလို့ရလောက်အောင် ကျယ်ပေမယ့် လက်သီးဆုပ်ပြီး ပြန်ထွက်လာဖို့အတွက်တော့ ကျဉ်းလွန်းလှပါတယ်။
ခုတော့ မျောက်မှာ နှစ်ခုအနက် တစ်ခုကိုပဲ ရွေးချယ်ရပါမယ်။ သစ်သီးတွေကို လက်လွှတ်ပြီး ထာဝရ လွတ်လပ်အောင် လုပ်ဆောင်လိုက်မလား။ ဒါမှမဟုတ် သစ်သီးတွေကို ဆက်လက်ဆုပ်ကိုင်ပြီး အဖမ်းခံလိုက်ရမလား။
မျောက်ဟာ အချိန်တိုင်း ဘာကို ရွေးချယ်မယ်ဆိုတာ စဉ်းစားမှန်းဆကြည့်ပါ။ သင် မှန်းဆလို့ ရတယ်မို့လား။ သူဟာ သစ်သီးတွေကို ဆက်လက်ဆုပ်ကိုင်ထားပြီး အဖမ်းခံလိုက်ပါတယ်။
ကျွန်တော်တို့လည်း မျောက်တွေလိုပါပဲ။ ကျွန်တော်တို့အားလုံးဟာ ဘဝရှေ့ခရီး ဆက်လှမ်းရာမှာ အတားအဆီးဖြစ်စေတဲ့ သစ်သီးအချို့ကို ဆက်လက်ဆုပ်ကိုင်ထားကြပါတယ်။
ကျွန်တော်တို့ဟာ “ဒါကို မလုပ်နိုင်ဘူး။ အကြောင်းကတော့…”ဆိုပြီး ရှာကြံအကြောင်းပြကြပါတယ်။ “အကြောင်းကတော့…”ဆိုတဲ့နောက်မှာ ထွက်ပေါ်လာတဲ့ အရာရာတိုင်းဟာ ကျွန်တော်တို့ ဆက်လက်ဆုပ်ကိုင်ထားတဲ့ သစ်သီးတွေနဲ့တူပြီး အဲဒီအရာတွေက ကျွန်တော်တို့ကို ဟန့်တားနှောင့်ယှက်နေပါတယ်။
အောင်မြင်တဲ့လူတွေဟာ အကြောင်းပြချက် မပေးကြပါဘူး။
လူတစ်ယောက် အောင်မြင်နိုင်တယ်ဆိုတာ “အကြောင်းပြချက်များနှင့် အကျိုးရလဒ်များ”ဆိုတဲ့ အချက်နှစ်ချက်က အဆုံးအဖြတ်ပေးပါတယ်။ အကြောင်းပြချက်တွေ ရှိနေမယ်ဆိုရင် အကျိုးရလဒ်တွေ မဖြစ်ပေါ်စေနိုင်ပါဘူး။

နေလင်းအောင်
Ref; The Monkey Trap by Krishna Khanna
www.naylinaung1.blogspot.com

စကားလေးလုံး







စကားလေးလုံး
စုံတွဲတစ်တွဲဟာ အိမ်ထောင်သက် (၁၁)နှစ်အကြာတွင် သားလေးတစ်ဦး မွေးဖွားလာပါတယ်။ သူတို့ဟာ အလွန်ချစ်ခင်တဲ့ စုံတွဲဖြစ်သလို သားလေးဟာလည်း သူတို့ရဲ့ အသည်းကျော်ပါပဲ။ ကလေးငယ် နှစ်နှစ်အရွယ်တွင် တစ်ခုသော နံနက်ခင်း၌ ယောက်ျားဖြစ်သူဟာ ဖွင့်ထားတဲ့ ဆေးပုလင်းတစ်လုံးကို တွေ့မြင်လိုက်ပါတယ်။ သူဟာ အလုပ်ခွင်သွားဖို့ နောက်ကျနေတဲ့အတွက်ကြောင့် ဇနီးဖြစ်သူကိုပဲ ဆေးပုလင်းကိုပိတ်ပြီး ဗီရိုထဲထည့်ထားဖို့ ပြောဆိုလိုက်ပါတယ်။ သူ့ဇနီးဟာ မီးဖိုချောင်ထဲမှာ အလုပ်ရှုပ်နေတဲ့အတွက်ကြောင့် ဆေးပုလင်းကိုပိတ်သိမ်းဖို့ မေ့နေခဲ့ပါတယ်။ ကလေးဟာ ဆေးပုလင်းကို တွေ့မြင်တဲ့အခါ ပျော်ရွှင်စွာဖြင့် ဆေးပုလင်းဆီ ရောက်သွားပါတယ်။ ဆေးပုလင်းရဲ့ အရောင်အဆင်းဟာ သူ့ကို ဆွဲဆောင်နိုင်တဲ့အတွက် ဆေးတစ်ပုလင်းလုံး သောက်ချလိုက်ပါတယ်။ ဒီဆေးပုလင်းဟာ လူကြီးတွေအတွက် အနည်းငယ်သာသောက်သုံးရမယ့် အဆိပ်ဆေးတစ်မျိုး ဖြစ်ပုံရှိပါတယ်။ ကလေး လဲပြိုသွားတဲ့အချိန်မှာ မိခင်ဖြစ်သူဟာ ဆေးရုံသို့ အလျင်အမြန် ပို့ဆောင်လိုက်ပေမယ့် ဆေးရုံမှာပဲ သေဆုံးသွားပါတယ်။ မိခင်ဖြစ်သူဟာ မူးမေ့ပြီး သတိလစ်သွားခဲ့ပါတယ်။ သူမယောက်ျားကို ရင်ဆိုင်ရမှာလည်း ကြောက်နေခဲ့မိပါတယ်။ စိတ်နောက်ကျိနေသော ဖခင်ဖြစ်သူက ဆေးရုံဆီရောက်လာပြီး သားဖြစ်သူ သေသွားတာကိုတွေ့တော့ ဇနီးဖြစ်သူကို ကြည့်ကာ စကားလေးလုံးပဲ ပြောလိုက်ပါတယ်။
အမေး။               ။
(၁)စကားလေးလုံးဆိုတာ ဘာတွေလဲ။
(၂) ဒီပုံပြင်ရဲ့ ပြောဆိုလိုရင်းက ဘာလဲ။
အဖြေ။               ။ ယောက်ျားဖြစ်သူ ပြောလိုက်တာကတော့ “မင်းကိုချစ်တယ်”ဆိုတာပါပဲ။
ယောက်ျားဖြစ်သူရဲ့ လုံးဝကို မျှော်လင့်မထားတဲ့ တုန့်ပြန်မှုဟာ ဖန်တီးရယူထားတဲ့ အမူအကျင့်ပါပဲ။ ကလေးကတော့ သေဆုံးသွားပါပြီ။ ကလေးကို လူ့လောကထဲ ပြန်ရောက်လာအောင် ဘယ်တော့မှ မလုပ်ဆောင်နိုင်တော့ပါဘူး။ မိခင်ဖြစ်သူမှာလည်း အပြစ်တစ်စက်မှ မတွေ့မြင်မိပါဘူး။ သူသာ ဆေးပုလင်းသိမ်းဖို့ အချိန်ပေးခဲ့မယ်ဆိုရင် ဒီလိုမျိုး ဖြစ်လာမှာ မဟုတ်ပါဘူး။ ဘယ်သူ့ကိုမှ အပြစ်ဆိုစရာ မရှိပါဘူး။ မိခင်ဖြစ်သူဟာ တစ်ဦးတည်းသောကလေးကို ဆုံးရှုံးခဲ့ရပါတယ်။ ဒီအချိန်မှာ သူမ လိုအပ်နေတာကတော့ ခင်ပွန်းဆီကနေရရှိမယ့် နှစ်သိမ့်ပေးမှုနဲ့ သနားကြင်နာမူပါပဲ။ လူတိုင်းသာ ဘဝကို ဒီရူထောင့်မျိုးနဲ့ ကြည့်မြင်မည်ဆိုရင် လောကကြီးမှာ ပြဿနာတွေ အရမ်းနည်းသွားပါလိမ့်မယ်။ မရူဆိတ် မနာလိုမှုတွေ၊ ခွင့်မလွှတ်နိုင်တဲ့ စိတ်ထားတွေ၊ တစ်ကိုယ်ကောင်းဆန်မှုတွေနဲ့ ကြောက်ရွံ့မှုတွေကို ဖယ်ရှားပစ်လိုက်ပါ။ ဒီအရာတွေ ဖယ်ရှားဖို့ဆိုတာ သင်ထင်ထားသလောက် မခက်ခဲဘူးဆိုတာ တွေ့လာပါလိမ့်မယ်။
အောင်မြင်တဲ့ အိမ်ထောင်ရေးမှာ အိမ်ထောင်ဖက် တစ်ဦးတည်းကိုပဲ အကြိမ်ပေါင်းများစွာ ချစ်မြတ်နိုးတတ်ဖို့ လိုအပ်ပါတယ်။
နေလင်းအောင်
Ref; Four Words by Unknown Author
www.naylinaung1.blogspot.com

Tuesday, April 30, 2013

နေလင်းအောင် ဘလော့ဂ် တစ်နှစ်ပြည့်မွေးနေ့ (ဧပြီ ၃၀ ရက်)




ဧပြီ (၃၀)ရက်နေ့မှာ ကျွန်တော့်ရဲ့ နေလင်းအောင်ဘလော့ဂ်လေး တစ်နှစ်ပြည့်ပါပြီ။

စတင်ရေးသားကတည်းက အားပေးလာခဲ့တဲ့ သူငယ်ချင်းမိတ်ဆွေတွေ၊ လူချင်းမသိပေမယ့် ခင်မင်အားပေးခဲ့တဲ့ အွန်လိုင်းမိတ်ဆွေတွေ၊

ပုံနှိပ်ဖော်ပြပေးခဲ့ဖူးတဲ့ The Best English Magazine, Wisdom English Magazine, the Light of English Magazine, Global English Magazine, English for all Magazine, New Style Magazine, Yi Sa Yar Magazine တို့ကို ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။

နိုင်ငံတကာ သတင်းမှာ ပုံမှန်နေရာပေးခဲ့တဲ့ မန်းတောင်ရိပ်ဂျာနယ်က အယ်ဒီတာချုပ် ဆရာသာဇော်ကိုလည်း ကျေးဇူးတင်ပါတယ်။

အင်တာနက်သုံးချင်လည်းသုံးဖို့ အချိန်မရွေး ခွင့်ပြုပေးတဲ့၊ အစစအရာရာ သည်းခံနားလည် ခွင့်လွှတ်ပေးခဲ့တဲ့ ကျွန်တော်တာဝန်ကျရာ တက္ကသိုလ်မှ ကျောင်းအုပ်ဆရာကြီးကို လည်း ကျေးဇူးတင်ပါတယ်။

နောက်ဆုံး အလေးအမြတ် ပြုရမှာကတော့ စာရေးဝါသနာပါဖို့ မြေတောင်မြှောက်ပေးခဲ့တဲ့ ဆရာကောင်းသန့်နှင့် The Best English Magazine ဝိုင်းတော်သူ၊ဝိုင်းတော်သားများကိုပါပဲ။

ရှေ့ဆက်ပြီးလည်း စာပေတွေ ရေးသားနေဦးမှာပါ။
အားလုံးကို ချစ်ခင်လေးစားလျှက်....
နေလင်းအောင်

www.naylinaung1.blogspot.com

ပြောချင်ရာများ ပြောခဲ့ဖို့...